Monthly Archives: Jan 2023

ကျောက်တော်တွင် စစ်တပ်က စိုက်ခင်း၊ တဲနှင့်ရေစုတ်စက်တို့ကို မီးရှို့ဖျက်ဆီး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားရင်ပြင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်က  ဘုရားနားရှိ စိုက်ခင်းတခု၊ တဲတဆောင်နဲ့ ရေစုတ်စက်တလုံးတို့ကို ဇန်နဝါရီ ၂၇ ရက်ညက ဖျက်ဆီးမီးရှို့ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

မဟာမုနိ ဘုရားရင်ပြင်မှာ တပ်စွဲထားတဲ့ တပ်မ ၅၅ က စစ်သားတွေဟာ မကြာခဏဆိုသလို ဘုရားအနီးအနား ဟင်းခင်းတွေက လာရောက်ခူးစွတ်တာလည်းရှိပြီး အခကြေးငွေလည်း ပေးတာ မရှိဘူးလို့ ဟင်းခင်းစိုက်ပျိုးသူတွေက ပြောပါတယ်။

ဘုရားရင်ပြင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေဟာ မနေ့ညနေကလည်း ဟင်းရွက်တွေ လာရောက်ခူးယူခဲ့ကြပြီး ပိုင်ရှင်မိသွားလို့ ခြိမ်းခြောက်ခဲ့ကာ ည ၇ နာရီလောက်မှာ မီးရှို့ခဲ့တာလို့ ဒေသခံမျက်မြင်တဦးက ပြောပါတယ်။

“မနေ့ညက မဟာမုနိဘုရားအရှေ့​မြောက်ဘက် ၃ ဖာလုံအကွာလောက်က စိုက်ခင်းတခုမှာ စစ်သား ၃ ဦးက ဟင်းလာခူးကြတယ်။ အဲဒီမှာ ပိုင်ရှင်တွေနဲ့ တွေ့ကြတော့ ဟန့်တားခဲ့တယ်။ ညနေ ၇ နာရီကျော် လောက်မှာတော့ ဟင်းခင်းက ငရုပ်ပင်တွေ အကုန်ကို ခုတ်ဖျက်ဆီး သွားခဲ့တယ်။ သွပ်မိုးထားတဲ့ တဲတဆောင်နဲ့ ရေစုတ်စက်တလုံးကိုလည်း မီးရှို့ ဖျက်ဆီး သွားခဲ့တယ်။ ဆုံးရှုံးမှု တန်ဖိုးကတော့ ကျပ်သိန်း ၅၀ ကျော်လောက်ရှိတယ်။” 

မဟာမုနိ ဘုရားရင်ပြင်ပေါ်မှာ ၂၀၂၁ ခုနှစ် နှစ်ကတည်းက တပ်စွဲထားတာဖြစ်ပြီး လက်ရှိမှာ တပ်မ ၅၅ က တပ်သား ၆၀ နီးပါးနဲ့ ရဲတပ်သား ၂၀ ကျော် အခိုင်အမာတပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒ့ါအပြင် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ လည်း ၂၀၂၀ ပြည့်နှစ်ကတည်း ရွာလုံးကျွတ် စစ်ဘေးတိမ်ရှောင်နေကြရတဲ့ ရွာသားတွေရဲ့ ပိုင်ဆိုင်တဲ့ ကျွဲ၊နွားတွေကို သတ်ဖြတ်ပြီး စားသောက်နေကြတာကြောင့် ကျွဲ၊ နွား အကောင်ရေ ၄ ထောင်ကျော်မှာ ရာဂဏန်းလောက်သာ ကျန်တော့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ DVB

PDF ၂၁ ဦး ဖမ်းဆီးပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သော စစ်ထောက် လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုးကို ဖမ်းဆီးရ မိပြီးနောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွား

ကချင်ပြည်နယ်၊ ဖားကန့်-မြစ်ကြီးနားလမ်းတွင် PDF ၂၁ ဦး ဖမ်းဆီးပြီး အမျိုး သမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သော စစ်ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်းစစ် နိုင် ကို ယနေ့ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွား ကြောင်း မိုးကောင်း မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ် UG Black K မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ဗန်းမော်တပ်နယ်မှ စစ် ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်းစိုးနိုင်ကို ၎င်း၏ ကားနှင့်အတူ လာ ရောက် သတင်းစုံစမ်းထောက်လှမ်းနေစဉ် ဖမ်းဆီးရမိကြောင်း၊ ၎င်းထံမှ စစ်ဘက်ဆိုင်ရာ အထောက် အထားများ၊ ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ PDF ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သော အထောက်အထားများ ရရှိခဲ့ကြောင်း၊ ယင်းနောက် စစ်ဆေးမြန်းစဉ် သေဆုံးသွားကြောင်း သိရှိရသည်။

“သူ့ကို မိတာ ဖားကန့်-မြစ်ကြီးနားလမ်းကြောမှာ ဖမ်းဆီးရမိတယ်။ သူကားနဲ့လာတဲ့အချိန်မှာ ဖမ်းမိတာ။ သူက စစ်ထောက် လှမ်းရေးပါ။ သူ က ဗန်းမော်တပ်က လို့ သိရတယ်။ သူက ကွန်မန်ဒို ထောက်လှမ်းရေးအရာရှိပေါ့။ ကချင် ပြည်နယ်မှာ သူက ထောက်လှမ်းရေး သတင်းစု ဆောင်းတယ်။ သူ့ကို ကိုင်တာက နေပြည်တော်က တိုက်ရိုက် ကွပ်ကဲတယ်။ သူက KIA ၊ KIO PDF တွေရဲ့ လှုပ်ရှားတဲ့သတင်း အရင်းအမြစ်တွေ စုံစမ်းတယ်။ လိုက်တယ်ပေါ့။ သူ မုဒိမ်းကျင့်ထားတာ အမျိုးသမီး ၁ ဦးရှိပါတယ်။ အဲဒီ စစ်ထောက်လှမ်း ရေးဗိုလ်ကြီးက ၂၀၂၁ ခုနှစ်မှာ မန္တလေး ပြန်ဆင်းတဲ့ PDF ၄ ဦးကို ဖမ်းတယ်။ မနှစ်က PDF ၁၇ ဦးကို သူဖမ်းခဲ့တယ်။ အဲဒါကြောင့် သူ့ကို စောင့်ကြည့်ပြီး သူလာတဲ့ လမ်းကြောကနေ တားဆီး ခေါ်ဆောင်ပြီးမှ စောင့်ဖမ်းတာပါ။ သူ့ဖုန်းထဲကနေ သူယူနီဖောင်းနဲ့ရိုက်ထားတဲ့ပုံတွေ၊ သူနဲ့ပတ်သက်တာတွေ အကုန်ရရှိပြီးတော့ မေးမြန်းပါတယ်။ မွန်းလွဲ ၁၂ နာရီ ၁၅ မှာ သူ့ကို ကားနဲ့ အတူ ဖမ်းဆီးတယ်။ မေးမြန်းစစ်ဆေးနေစဉ်မှာ သေဆုံးသွားပါတယ်” ဟု မိုးကောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။khit thit

နတ်တလင်းတွင် စစ်ကောင်စီစက်လှေ ကြားဖြတ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၂၆) မွန်းလွဲပိုင်းတွင် ချုံခိုတိုက်ခိုက်သည်။

စစ်တပ်က မြို့အရှေ့ဘက် ၁၆ မိုင်ခန့်ရှိ မကျီးပင်ရွာစက်လှေဂိတ်မှ ဘိုကြီးစခမ်းရွာသို့ တောင်ဘိုဆည် ရေလမ်းကြောင်းအတိုင်း စက်လှေဖြင့် လာစဉ် ပစ်ခတ်ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) က ပြောသည်။

“သတင်းကြိုရတဲ့အတွက် ကျွန်တော်တို့ဘက်က စီစဉ်ပြီးတော့ တိုက်ခိုက်တာ” ဟု ပဲခူးတိုင်းPDF သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးက ဆိုသည်။ 

နာရီဝက်ခန့်ကြာသည့် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆက်ပြော သည်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ စက်လှေ ပြန်လှည့်သွားကြောင်း၊ သာယာဝတီခရိုင် PDF တပ်ရင်းလက်အောက်ခံ တပ်ခွဲများဘက်တွင် ထိခိုက်မှုမရှိကြောင်း၊ တိုက်ပွဲနှင့် ပတ်သက်၍ အသေးစိတ်မပြောနိုင်ကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြသည်။

ဇန်နဝါရီ ၂၂ ကပင် ရန်ကုန်အခြေစိုက် စစ်ကောင်စီ ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးသန်းထွဋ်၊ တပ်ကြပ်ကြီးမြင့်အောင်တို့ကို ပဲခူးတိုင်း တောင် ငူခရိုင် PDF က လှည့်ဖျားတိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ နှစ်ဦးစလုံး သေဆုံးသွားသည်။ ထိုဖြစ်စဉ်အပြီးတွင် ပဲခူးတိုင်းအနောက်ခြမ်း၌ စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်လှုပ်ရှားလာကြောင်း အထက်ပါ PDF တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်းတို့တွင် စစ်ကြောင်းအများအပြားနှင့် စစ်ရေးလှုပ်ရှားမှုများလုပ်နေသလို ပေါက်ခေါင်းမြို့နယ်တွင်းသို့လည်း စစ်ကြောင်းတစ်ကြောင်းပို့ထားသည်ဟု ၎င်းက ဆိုသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။myanmar now

ဆားလင်းကြီးကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် ဖမ်းဆီးနှိပ် စက်နေသဖြင့် ရွာသားများထွက်ပြေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၃ ခုကို  စစ်ကြောင်းဝင်လာတဲ့ စစ်ကောင်စီ တပ်က ဇန်နဝါရီ ၂၈ ရက် ဒီမနက် ၆ နာရီလောက်မှာ ရွာအသား တချို့ကို ရိုက်နှက် စစ်ဆေးနေတာကြောင့် ရွာသားတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံတောင်းကြေးနီစက်ရုံအတွင်းက စစ်သားတွေနဲ့ ရွှေတောင်ဦးဘုရာအနီး အောင်ဇေယျ မြိုသစ်ကနေ စစ်သားတွေပါတဲ့ ပူးပေါင်းစစ် ကြောင်းဟာ  ဒုန်းတော၊ ကံကုန်း၊ ဂုံတော ကံတောရွာ၊ ရွှေလှေရွာ၊ တုံရွာ ဆည်တည်းရွာ၊ ဇီးတောရွာ၊ ဖောင်းကတာရွာတွေ ဘက်ကို ဒီနေ့မနက် သေနတ် ဖောက် ဝင်ရောက်လာတာလို့ ဆိုပါတယ်။

ကံကုန်းရွာဒေသခံ တဦးက “မနက်အစောကြီးဆိုတော့ ရွာသားအများစု ရှောင်ချိန် မရလိုက်ဘူး။ သူတို့ရောက်လာပြီး ရွာထဲက လူတွေကို သူတို့ဖုန်းထဲမှာပါတဲ့ ဓာတ်ပုံတွေကို‌ ပြပြီးမေးတယ်။ ဒီလူတွေကို သိလား၊ မြင်ဖူးလား အဲဒီလိုတွေ မေးတယ်။ မသိဘူး မမြင်ဖူးဘူးလို့ ပြောရင် ရိုက်နှက်တယ်။ သူ့တိုမေးတဲ့သူတွေက ဒီမြို့နယ်က လူတွေ မဟုတ်ဘူး။ တခြား မြို့နယ် က လူတွေ ဖြစ်မယ်။ မသိလို့ မသိဘူးပြောလည်း ရိုက်တာပဲ” လို့ ဆိုပါတယ်။

အရိုက်ခံရသူအများစုဟာ ကံကုန်းရွာက ဒေသခံတွေနဲ့ ဒုန်းတောကျေးရွာက ပြည်သူ အများစုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသတဝိုက်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အကြိမ်ကြိမ် ပြုလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ သိရပါတယ်။  DVB

ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၆ လုံး ပြာကျပြီး နွားများပါ မီးရှို့သတ်ဖြတ်၊ မအူပင်အရှေ့ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၆ လုံး ပြာကျပြီး နွားများပါ မီးရှို့သတ်ဖြတ်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ လမ်းပိုင်းရှိ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသော ရွာသစ်ကျေးရွာကို အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး ၃၀ ခန့်က ကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့မှုကြောင့် ရွာသစ်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၆ လုံးပြာကျခဲ့ပြီး လယ်ယာသုံး ခိုင်းနွား ၁ ကောင်ကို မီးရှို့သတ် ဖြတ်ကာ အကောင်ရေ ၂၀ ခန့် မီးလောင် ဒဏ်ရာများ ရရှိကာ လယ်ယာသုံး ခုတ်စက်များ၊ ရေစုပ်စက်များစွာကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသစ်ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ပြီး စားစရာများ၊ ကျောပိုး အိတ်များ၊ ဖုန်းများကို ခိုးယူသွားကြောင်း၊ စစ်တပ် စစ်ကြောင်း ရွာမှ ပြန်လည် ဆုတ်ခွာစဥ် အမျိုးသမီး ၄ ဦးထံမှ ဖုန်း-၄လုံးနှင့် ငွေသားများကိုပါ လုယက် ယူဆောင် သွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အလားတူး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မအူပင်အရှေ့ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဇန်နဝါရီလ ၂၈ ရက်ျန့ မွန်းလွဲ ၁၂ နာရီ ၂၉ မိနစ်ခန့်စတင်ကာ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကာ လက်ရှိ ညပိုင်းအချိန်ထိ ကျေးရွာအတွင်း မီးလောင်လျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။khit thit

ပုဏ္ဏားကျွန်းတွင် မီတာခကြွေးကျန်ဟုဆိုကာ ဒေသခံတို့ကို ခြိမ်းခြောက်ငွေတောင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့တွင် ၂၀၂၁ ခုနှစ်အတွင်းက မီတာခပေးရန် ကြွေးကျန်ရှိသည်ဟု ဆိုကာ လျှပ်စစ်ဌာနက ငွေတောင်းခံနေပြီး မပေးပါက မီးဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း မြို့ခံများထံမှ သိရသည်။ 

ယခုရက်ပိုင်းအတွင်း လျှပ်စစ်ဌာန ဝန်ထမ်းများက မြို့ပေါ်တွင် ထိုသို့ တောင်းနေခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ကျွန်မတို့မှာ လတိုင်း မီတာခဆောင်တယ်။ ဒါပေမဲ့ ၂၀၂၁ က မီတာခ မဆောင်လို့ဆိုပြီး မီးဖြတ်တယ်။ မီးပြန်ရစေချင်ရင် လျှပ်စစ်ရုံးလာခဲ့ဆိုလို့ သွားလိုက်တော့ ငွေပေးခဲ့ရတယ်။ ၆ လစာ မီတာခ တစ်သိန်းနဲ့ ခြောက်သောင်းကျော် ဆောင်ခဲ့ရတယ်” ဟု သူက ပြောသည်။

မြို့ပေါ်နေသူ အများစုက ထိုနှစ်အတွင်း မီတာခ ပေးဆောင်ထားပြီးဖြစ်ပြီး ယခုအခါ ကြွေးကျန်ဟု ဆိုကာ ကျပ်သိန်းဂဏန်းခန့် တောင်းခံနေခြင်း ဖြစ်သည်ဟု သိရသည်။ 

ရပ်ကွက် ၅ ခုရှိသော ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် အနည်းဆုံး အိမ်ခြေ ၂၀ ထက်မနည်း ထိုသို့ စွပ်စွဲတောင်းခံရကြောင်း သိရသည်။

ထိုလုပ်ရပ်အပေါ် မကျေနပ်သော်လည်း မီးဖြတ်ခံထားရမည်ကို စိုးရိမ်၍ မီတာခ ပေးဆောင်ခဲ့ရသည်ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“ကျွန်မတို့က ပေးပြီးပြီပြောတော့ မီတာခသွင်းတဲ့ ဖြတ်ပိုင်းကို ပြရမယ်တဲ့။ မပြနိုင်ရင်တော့ ငွေသွင်းရမယ်လို့ ပြောပါတယ်။၂၀၂၁ ကပင်ဆိုတော့ ဖြတ်ပိုင်းက ဘယ်လိုရှိတော့မှာလဲ။ ဆိုတော့ ပေးခဲ့ရတယ်။ သူတို့လည်း ညနေပိုင်းကျတော့ မီးပြန်ပေးတယ်” ဟု မြို့သစ်ရပ်ကွက်မှ ထိုအမျိုးသမီးက ဆိုသည်။ 

စံပြရပ်ကွက်မှ အမျိုးသားတစ်ဦးကလည်း လစဉ်လတိုင်း မီတာခ ငွေပေးသွင်းနေသော်လည်း ထိုသို့ တောင်းခံနေသောကြောင့် ၉ လစာအတွက် သုံးသိန်း ပေးလိုက်ရသည်ဟု ဆိုသည်။

မီးဖြတ်ခံရပြီး လုပ်ငန်းလည်ပတ်မှု နှောင့်နှေးမည်ကို စိုးရိမ်၍ ပေးလိုက်ခြင်းဖြစ်သည်ဟု သူက ပြောသည်။

“မီတာခပေးထားတာကို မပေးရသေးဘူးဆိုပြီး ပြောတယ်။ လက်ကျန်စာရင်းပုံစံမျိုးနဲ့ လာတာပါ။ အမှန်တကယ်တော့ ပေးပြီးသားပါ။ ကျွန်တော်တို့က အမှားလုပ်တာမရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် ပုဏ္ဏားကျွန်းမြို့နယ်၊ လျှပ်စစ်ဦးစီးဌာန ဦးစီးမှူး ဦးမိုးကျော်သူကို Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

၂၀၂၁ တွင် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီယန္တရား မလည်ပတ်နိုင်စေရန် မီတာခ အပါအဝင် အခွန်မပေးဆောင်သော နည်းလမ်းဖြင့် နိုင်ငံအနှံ့ ဆန့်ကျင်ခဲ့ကြသည်။

နှစ်နှစ်ကြာ စစ်ပွဲပြီးစ ရခိုင်ဒေသသည် ထိုလှုပ်ရှားမှုတွင် မပါဝင်ဘဲ ကွဲပြားခဲ့သည်။

ရန်ကုန် အပါအဝင် ဒေသတချို့တွင် စစ်ကောင်စီက မီတာခနှင့် အခွန်များ ကောက်ခံရန် ကြိုးပမ်းလာချိန် မြို့ပြပြောက်ကျားအဖွဲ့များ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ မီတာခတောင်းသူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့၍ ထိုလှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။

ထို့နောက် မြို့ပြပြောက်ကျားအဖွဲ့ဝင် ဖမ်းဆီး၊ သတ်ဖြတ်ခံရမှုအများပြား ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုနှစ် နှစ်ဆန်းမှစ၍ မီတာခများ ပြန်ကောက်ရန် စစ်ကောင်စီက ကြိုးပမ်းလာသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ တတိယပတ်ကလည်း မန္တလေးတွင် မီတာဖြုတ်သိမ်းခံထားရပြီးဖြစ်သည့် အိမ်များကို အာဏာသိမ်းပြီး နှစ်နှစ်စာ ဓာတ်အားခ ကြွေးကျန်ဟုဆိုကာ ကျပ်သိန်း ဆယ်ဂဏန်းထက်မနည်း ပေးဆောင်ရန် စစ်ကောင်စီက ဖိအားပေးထားသည်ဟု သိရသည်။ 

ထိုကိစ္စကဲ့သို့ အလားတူ ကြွေးကျန်ဟု အမည်တပ်ကာ ရခိုင်ဒေသတွင် ထပ်မံကောက်ခံရန် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ကြိုးပမ်းလာသည်။ 

ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လှုပ်ရှားမှုများ မရှိပေ။ သို့သော်လည်း AA က နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့များကို အကူအညီများ ပေးနေသည်။myanmar now

တနင်္သာရီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ပေါ်ရဲစခန်းကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒရုန်းနဲ့ဗုံးကြဲခံရပြီးနောက် ထိခိုက် သေဆုံးတာ‌တွေရှိတယ်လို့ သိရပြီး ‌အတိအကျကိုတော့ အတည် မပြုနိင်သေးဘူးလို့ ဆိုပါတယ်။

ဒေသခံ တဦးကတော့”ဒရုန်းကြဲခံရပြီးတာနဲ့ တနင်္သာရီတံတားကို ပိတ်ချလိုက်တယ်။ အင်အား လည်းထပ်ဖြည့်နေတယ်လို့ ကြားတယ်။ လက်နက်ကြီးနဲ့လည်း ပစ်နေကြတယ်။ လုံခြုံရေးလည်း တင်းကျပ်ထားတယ်”လို့‌ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း စစ်ကောင်စီတပ်နဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လဝကဦးစီးအရာရှိနေအိမ်၊ စစ်ဆေးရေးတံတားဂိတ်၊ မြို့ပေါ် စရဖရုံးနဲ့ လက်နက်ကြီး ပစ်တဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ DVB

နတ်တလင်းတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကူလာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပျဉ်းမခေါင်ကျေးရွာအနီးတွင် စစ်ကူထွက်လာသော အကြမ်းဖက်စစ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း နတ်တလင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(Phoenix DF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက် နေ့လည် ၃ နာရီခွဲခန့်က ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာမှ အင်အား ၃၅ ဦးဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်​သားများသည် ဘိုကြီးစခန်းကုန်းကျေးရွာသို့ စစ်ကူပေးရန် လာရောက်ကြောင်း၊ နတ်တလင်းမြို့နယ်၊ ပျဉ်းမခေါင်ကျေးရွာ၏ အနောက်ဘက် နှစ်မိုင်ခန့်အကွာအရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အပြန်အလှန်ပစ်ခတ်တိုက်ပွဲတော့မဖြစ်ခဲ့ဘူး၊ မိုင်းဆွဲပြီးတော့ ခွေးနာတွေနဲ့ခွေးသေကောင်တွေကို ထမ်း းဖို့ ပျဉ်းမခေါင်ရွာ သားတွေကို ပေါ်တာဆွဲ၊ အတင်းအဓမ္မထမ်းခိုင်းပြီးတော့ ဘိုကြီးစခန်းရွာဘက်ကို ဆက်ထွက်သွားတယ်လို့ သိရတယ်၊” ဟု နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Phoenix DF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မကျည်းပင်စက်လှေဆိပ်မှ တောင်ညိုဆည်ရေလမ်း ကြောင်းအတိုင်း ဘိုကြီးစခန်းကုန်းကျေးရွာသို့ တပ်အင်အားဖြည့်ရန် ဆန်တက်လာသော အကြမ်းဖက် စစ်သား ၁၅ ဦးခန့်ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၉ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ Zigon PDF ၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phonex DF(Nattalin PDF)၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည်နှင့် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၄ (MRF – Nattailn) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။khit thit

ကချင်ဒေသ စစ်ကောင်စီတပ်စခန်း ၄ ခုကို KIA ဝင်တိုက်

ကချင်ပြည်နယ် ဖားကန့်၊ ကာမိုင်း၊ ဆယ်ဇင်း စသည့်နေရာများမှ စစ်ကောင်စီတပ်စခန်း ၄ ခုကို နှစ်ရက်အတွင်း ကချင်လွတ်လပ်ရေးတပ်မ တော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၅) ည ၈ နာရီခန့်က ဖားကန့်မြို့နယ် မှော်စီဆာရဲစခန်းကို  တိုက်ခိုက်ဖျက်ဆီးသည် ဟု PDF နှင့် နီးစပ်သူ ဖားကန့်ဒေသခံ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“တိုက်တဲ့အချိန်က သိပ်မကြာဘူး၊ စခန်းကိုမီးရှို့ပြီးထွက်သွားပြီးမှ လုံးခင်းဘက်ကနေ စစ်ကောင်စီက လက်နက်ကြီး တောက်လျှောက်ပစ်တော့တာ” ဟု အဆိုပါ အမျိုးသားက ဆက်ပြောသည်။

ယနေ့ နံနက် ၄ နာရီခန့်တွင်  KIA က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နေရာများမှာ ကာမိုင်းမြို့ရှိ စစ်ကောင်စီဗျူဟာစခန်း၊ မိုး ကောင်းမြို့နယ် နန့်ဟိုင်ရွာအနီးရှိ စစ်စခန်း၊  ဆယ်ဇင်းရွာအနီးရှိ ရှမ်းနီအမျိုးသားများတပ်တော်(SNA)နှင့် စစ်ကောင်စီ ပူးပေါင်းတပ်စခန်းတို့ ဖြစ်သည်ဟု သိရသည်။

KIA တပ်မဟာ(၉)လက်အောက်ခံ တပ်ရင်း(၄၄)တပ်များက  မြစ်ကြီးနား-ဖားကန့်လမ်းမပေါ်တွင်ရှိသည့် နန့်ဟိုင်ရွာ၏ အနောက်ဘက် တောင် ကုန်းပေါ်မှ စစ်ကောင်စီတပ်စခန်းကို  တိုက်ခြင်းဖြစ်သည်၊ ကာမိုင်းဗျူဟာကုန်းမှ စစ်တပ်ကလည်း  KIA တပ်သားများ ရှိနိုင်သည့် နေရာကို လက်နက်ကြီးနှင့် ပစ်သည်ဟု သိရသည်။ ထိုဗျူဟာကုန်းကို KIA,PDF ဝင်တိုက်သည့်အခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။

နံနက် ၉ နာရီခန့်အထိ ပစ်ခတ်သံများကိုကြားနေခဲ့ရပြီး ရွာအနီး လက်နက်ကြီးကျည် တစ်လုံး ကျရောက်သော်လည်း မပေါက်ကွဲခဲ့ကြောင်း နန့်ဟိုင်ရွာသားတစ်ဦးက ပြောသည်။

“ဘယ်ဘက်က ပစ်တာလည်းမသိဘူး၊ အသံက‌တော့ မနက်အထိကို ကြားနေရတယ်။ လက်နက်ကြီးတစ်လုံးလည်း ရွာအစွန် လမ်းမကြီးဘေးမှာ ကျတယ်၊ ဒါပေမဲ့ မပေါက်ဘူး” ဟု ထိုသူက ဆိုသည်။

ယနေ့နံနက် တိုက်ပွဲဖြစ်ပွားစဉ် နန့်ဟိုင်ရွာသားအချို့ စိုးရိမ်ပြီး တိမ်းရှောင်ကြသော်လည်း မွန်းလွဲပိုင်းတွင် ရွာအတွင်း ပြန်ရောက်လာကြသည်ဟု သိရသည်။

တစ်ချိန်တည်းမှာပင် နံနက် ၄ နာရီ၌   ဖားကန့်မြို့နယ်မှ ထင်ရှားသည့် ဆယ်ဇင်းရွာ၏ တောင်ဘက် ၄ မိုင် ခန့်အကွာ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် SNA တပ်များ ရှိသည့် စခန်းကို KIA,PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

နံနက်အစောပိုင်းမှ စတင်ကာ ပစ်ခတ်သံများ  ထွက်ပေါ်လာပြီး  KIA က စခန်းသိမ်းလိုက်နိုင်သည်ဟု သတင်းကြားရကြောင်း ဆယ်ဇင်းဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“မနက်ခင်း ၄ နာရီလောက်ဆိုတော့ အသံတွေတော်တော်များများကြားရတယ်၊ လက်နက်ကြီးသံတွေရော စက်ကလေး(စက်သေနတ်)သံတွေရောကြားရတယ်၊ တိုက်ပွဲအသေးစိတ် ကျဆုံးတာတွေတော့ မသိရသေးဘူး” ဟု အထက်ပါဒေသခံအမျိုးသားက ပြောသည်။

ဆယ်ဇင်းရွာမှာ ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားစဥ် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရပြီးနောက် ဒေသခံများရွာကို စွန့်ခွာခဲ့ကြပြီး ယခုမှ ပြန်လည် အခြေချရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအချို့က စိုးရိမ်ထိတ်လန့်နေကြပြီး မွန်းလွဲပိုင်းတွင် ရွာအတွင်း အသွားအလာ ကျဲပါးသွားသည်ဟု ဒေသခံအချို့က ပြောသည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီး အနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် KIA တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။

KIA က PDF အဖွဲ့များကို သင်တန်းပေး၊ လက်နက် ထောက်ပံ့ပေးသည့်အပြင် ပူးပေါင်း တိုက်ခိုက် ပေးနေသည်။ myanmar now

« Older Entries