စစ်ကောင်စီမှ လေကြောင်းနှင့်မြေပြင် ဝင်ရောက်စီးနင်းမှုကို ခုခံကာကွယ်စဉ် စစ် ကြောင်းမှူးကျဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုင်းဟုန်း ကျေးရွာအနီးရှိ NUG တပ်ရင်း (၁၂၂၂ )ရှိသည့် ရှေ့တန်းစခန်းနေရာတစ်ခုအား စစ်ကောင်စီမှ လေ ကြောင်းတိုက်ခိုက်မှု မိနစ် ၃၀ ခန့် နှင့် မြေပြင်မှလည်း စစ်ကြောင်း လေးကြောင်း ၊ အင်အား ၂၀၀ နီးပါးဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကို ခုခံကာကွယ်စဉ် သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Thabeikkyin PDF)မှ စစ်ကြောင်းမှူးကျဆုံးခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တပ်ရင်း (၁၂၂၂) ရှေ့တန်းစခန်းရှိရာကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၁၂ နာရီ ၃၀မိနစ်တွင် စစ်ကောင်စီတပ်က ဝေဟင်မှ ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗုံးသီး ၃၀ လုံးခန့် ကြဲချကာ စက်လတ်များဖြင့်လည်း ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး မြေပြင်စစ်ကြောင်းထိုး၍ တက်လာခဲ့သော စစ်ကောင်စီတပ်သားများမှလည်း ၄၀ မမ၊ ၆၀ မမ ၊ M9 များ ၊ ငါးကြင်းမြီးများဖြင့်လည်း တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်မှုကြောင့် လေယာဉ်ဗုံးဆန် ထိမှန်ကာ သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကြောင်းမှူး ကျဆုံးခဲ့ရပြီး ရဲဘော် သုံးဦးပြင်းပြင်းထန်ထန် (မစိုးရိမ်ရတော့) ဒဏ်ရာရရှိကာ ကျန်ရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြကြောင်း သိရသည်။

”အဲ့ဒီနေ့က စစ်ကြောင်းမှူး (ကိုပက်ဂျီ)ဟာ ကင်းချိန်းပြီးအပြန် ရဲဘော်တွေ ရေတောင်းလို့ ရေသွားပို့ချိန်မှာ စစ်ကြောင်းမှူးသွားတဲ့ ကင်းကို မထင်ထားဘဲ ဂျက်ဖိုက်တာက လာရောက် ဗုံးကြဲချတော့တာပဲ။”ဟု သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကြောင်းမှူး (ကိုပက်ဂျီ)မှ စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဉ် လာရောက်ကြောင်း သိရချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား က တုတ်ကျင်းထဲ ဝင်ပုန်းရန် အမိန့်လှမ်းပေးပြီးချိန် လေယာဉ်မှကြဲချသည့် ဗုံးဆန်မှာ စစ်ကြောင်းမှူး၏ ညာဘက်ခြေထောက် (ဒူးခေါက်ကွေး) နေရာကို ထိမှန်ပြီး တောင်အောက် လျှိုထဲသို့ ပြုတ်ကျသွားခဲ့သည်။

စစ်ကြောင်းမှူး (ကိုပက်ဂျီ)အား လျှိုထဲမှ အပေါ်သို့ရောက်အောင် ကယ်ထုတ်ချိန်မှာ ၄၅ မိနစ်နီးပါးကြာကာ ကုန်းပေါ်ရောက်ချိန်တွင် ကျည်ကွယ်မျက်ကွယ်နေရာ၌ သွေးထိန်းစီး(Touriquet)စီး၊ စလိုင်းချိတ်၊ ပတ်တီးစီးပေးခဲ့ကြောင်း တပ်ရင်း (၁၂၂၂) မှ ဆေးတပ်သားထံက သိရသည်။

”ဗုံးဆန်ထိမှန်ထားတဲ့ဒဏ်ရာကြောင့် စစ်ကြောင်းမှုးဟာ ရေတွေငတ်လာသလို၊ အောက်စီဂျင်တွေပါကျလာခဲ့တော့တာ ။ သူအသက်ရှူတွေ ကျပ်လာကြောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့ ဝေဒနာကို မခံစားနိုင်တော့တာကြောင့် သူ့ကို ပစ်သတ်လိုက်ပါတော့လို့ ဘေးမှာရှိတဲ့ ဆေးတပ်သားကို ပြောခဲ့သေးတယ် ”ဟု ကိုပက်ဂျီ၏ အနီး၌ရှိသော ရဲဘော်တစ်ယောက်က ပြောသည်။

ယင်းနောက် ဝါးတွေခုတ်ပြီး ကိုပက်ဂျီအတွက်ထမ်းစင်လုပ်ကာ ရဲဘော်များ တစ်ယောက် တစ်လှည့်ထမ်းပြီး လုံခြုံရာသို့သွားနေစဉ် ဇန်နဝါရီ ၂၀ရက် ည ၉နာရီခန့်၌ ကျဆုံးသွားခဲ့သည့်အတွက် တောထဲ ရှေ့တန်းတစ်နေရာတွင် သင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။

”၂၀၂၃ ခုနှစ်မှာ တပ်ရင်း (၁၂၂၂) အနေနဲ့ တခြားသောတော်လှန်ရေးအင်အားစုတွေအနဲ့အတူ အရှိန်ဟုန်ပြင်းပြင်းနဲ့ စကစ အမြစ်ပြတ်ချေမှုန်းရေးမှာ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားပါမယ်။ နောက်တစ်ခုက အသက်ပေးကျဆုံးခဲ့ရတဲ့ စစ်ကြောင်းမှူး ကိုပက်ဂျီအတွက် တော် လှန်ရေးလုပ်ငန်းတွေကို နှစ်ဆတိုးပြီး ပိုလုပ်သွားပါမယ်။” ဟု တပ်ရင်း (၁၂၂၂) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ကို ပက်ဂျီမှာ အမိန့်နာခံမှုရှိသည့် စစ်သားကောင်းတစ်ယောက်၊ တော်လှန်ရေးကိုရှေ့ရှုကာ ဒေသစွဲ ၊ပုဂ္ဂိုလ်စွဲ မရှိသည့် လူတစ်ယောက်ဖြစ်ပြီး တပ်ရင်းတစ်ရင်းလုံးက လေးစားချစ်ခင်ရသော စစ်ကြောင်းမှူးတစ်ယောက်ဖြစ်သည့်အပြင် လူရိုး၊ လူအေး ၊ ကဗျာရူး၊ စာရူးသမားတစ်ယောက်ဖြစ်ကြောင်း တပ်ရင်း (၁၂၂၂) အဖွဲ့ရဲဘော်များက ပြောသည်။

NUG တပ်ရင်း (၁၂၂၂) အား စစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်းထိုးရုံသာမက ဝေဟင်မှလည်း တိုက်ခိုက်ခဲ့သည့်အတွက် မိမိတို့စခန်းအား စွန့်ခွာခဲ့ရပြီး စခန်းရှိ မီးစက်၊ ဒိုင်နမို၊ ဆိုင်ကယ် ငါးစီး၊ ရိက္ခာပစ္စည်းအမြောက်အများ၊ ရဲဘော်များ၏ ကျောပိုးအိတ်များနှင့် တခြားသော ပစ္စည်းတချို့ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

NUG တပ်ရင်း (၁၂၂၂) မှ စစ်ကြောင်းထိုးတိုက်မည်ကို ကြိုတင်သတင်းရရှိခဲ့ခြင်းကြောင့် မိမိတို့ စခန်းအနီးတွင် တိုက်မိုင်းများကြိုတင် ထောင် ထားခဲ့သည့်အတွက် မြေပြင်မှတက်လာသည့် စစ်ကောင်စီတပ်သား ၃၀နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း မြေပြင်ဒေသခံများသတင်းပေးပို့မှုကြောင့် အတည်ပြုနိုင်ခဲ့ကြောင်းလည်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s