ရွှေစက်တော်ဘုရားပွဲကာလ စစ်ကောင်စီအန္တရာယ် ဂရုစိုက်ရန် တော်လှန်ရေးတပ်ဖွဲ့များ သတိပေး

မန်းရွှေစက်တော်ဘုရားပွဲတော်ကာလမှာ ပြည်သူတွေအနေနဲ့ အပျော်မလွန်ကြဖို့နဲ့ စစ်ကောင်စီရဲ့ အန္တရာယ်ကိုဂရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။

စစ်ကောင်စီက ပြည်တွင်းရေး မငြိမ်းချမ်းတာကို ငြိမ်းချမ်းသလိုဖော်ပြပြီး အခုပွဲက စစ်ကောင်စီရဲ့ အပေါင်းအပါတွေနဲ့ စီးပွားရေးသမားတွေ လုပ်စားဖို့အတွက် ကျင်းပတဲ့ပွဲဖြစ်လို ပြည်သူတွေအနေနဲ့ အပျော်အပါးတွေ၊ ပွဲလမ်းသဘင်တွေကို သွားတာ လျှော့ကြပါလို့ မင်းဘူးခရိုင် ပ.က.ဖ တာဝန်ခံ ဗိုလ်မိုးသီးက ပြောပါတယ်။

“အခုနှစ် ၂၀၂၃ ခုနှစ်ကာလဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးကာလ ဖြစ်တဲ့အတွက် ကျနော်တို့ မြို့ပြတိုက်ပွဲတွေ ဖော်ဆောင်လာမယ်ဆိုရင် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်လာရင် ပြည်သူတွေကို ကြားမညပ်စေချင်တာကြောင့် ကိုယ့်အိမ်မှာကိုယ်နေပြီး ကောင်းသတင်းကို နားစွင့်ကြပါ။”

ကျိုက်ထီးရိုးဘုရားပွဲမှာလည်း လက်နက်ကြီးကျရောက်ပြီး ပြည်သူတယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရတဲ့သတင်းတွေကို ပြည်သူတွေ ကြားခဲ့ရမှာဖြစ်ပြီး မန်းရွှေစက်တော် ဘုရာဖူးတာကို ပိတ်ပင်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီရဲ့ သွားလာနေတဲ့ကားတွေကို တိုက်ခိုက်တဲ့အခါမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဗိုလ်မိုးသီးက ဆိုပါတယ်။

“ကျနော်တို့က ဘာသာရေးပွဲတော်တွေနဲ့ ပတ်သက်လို့ ရှောင်တာများပါတယ်။ သူတို့ဘက်ကတော့ ကျနော်တို့ PDF အသွင်ဆောင်ပြီး ဘာသာရေးကိုတောင် မဆောင်ဘူးဆိုတဲ့ ပုံစံမျိုး လုပ်လာနိုင်ပြီး ကျနော်တို့ကတော့ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေနဲ့ သူတို့ရှိတဲ့နေရာတွေကိုပဲ ဖြိုခွင်းမှာ။”

မန်းရွှေစက်တော်ဘုရားပွဲဟာ နိုင်ငံရေးလုပ်ကွက်တခုဖြစ်ပြီး ပြည်သူတွေအတွက် ကောင်းကျိုးမဖြစ်နိုင်သလို သူတို့လူတစု၊ ခရိုနီတစုနဲ့ စစ်ကောင်စီရဲ့ စီးပွားရေးပွဲ ဖြစ်တာကြောင့် ပွဲတော်ဟာလည်း စည်စည်ကားကားဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီက လူနေမှုဘဝတွေ ပုံမှန် နေသားကျ ဖြစ်သွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ ပွဲလမ်းသဘင်တွေ ကျင်းပပြီး မိုင်းခွဲတာတို့ ပစ်ခတ်တာတို့ လုပ်လေ့ရှိကာ လုပ်ပြီးပြီဆိုရင်လည်း PDF တွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပုံဖျက်ချင်တဲ့အတွက် လုပ်ဆောင်လေ့ရှိပြီး ရှေ့တွေမှာလည်း ကျိုက်ထီးရိုးဘုရားပွဲလို ကိစ္စမျိုးတွေ အများအပြား မြင်ရတယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု-PRA (မကွေး) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ဟာဂျူလီက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဘုရားဖူးသွားတဲ့ ကားတွေကို အနှောင့်ယှက်ပြုတာ၊ ပစ်ခတ်တာတွေ အများကြီး မြင်ရတွေ့ရတာတွေ ရှိလို့ ပြည်သူတွေအနေနဲ့ ဘုရားဖူးသွားခြင်း၊ မသွားခြင်းကို မပြောလိုဘဲ PDF တွေဘက်ကတော့ ပြည်သူတွေထိခိုက်နစ်နာမယ့် အလုပ်မျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ဆိုပါတယ်။

“ပြည်သူတွေအနေနဲ့ ပျော်တာပါးတာထက် စစ်ဘေးရှောင်တွေ၊ ရွာမီးရှို့ခံရလို့ ဒုက္ခရောက်နေသူတွေ၊ တိုင်းပြည်လွတ်မြောက်ရေးအတွက် ဒုက္ခခံပြီး တိုက်ခိုက်နေရတဲ့ အခြေအနေတွေ စဥ်းစားသဘောပေါက်စေချင်တယ်” လို့ ဗိုလ်ဟာဂျူလီက ပြောပါတယ်။

ရွှေစက်တော်ဘုရားပွဲတော် ကျင်းပတဲ့ အစီအစဥ်နဲ့ ပတ်သက်လို့ မန်းရွှေစက်တော်ဘုရား ဂေါပက ဒုဥက္ကဋ္ဌ ဦးသိန်းလှိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးကြီးတဦးကို ဆက်သွယ်ပြီးမှ ဖြေကြားနိုင်မယ်လို့ ပြောဆိုခဲ့လို့ ထပ်မံဆက်သွယ်ရာ အင်တာဗျူးဖြေမပေးနိုင်ဘူးလို့ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောပါတယ်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ဦစီးကျင်းပဖွင့်လှစ်ခဲ့ပြီး နှစ်စဥ် တပို့တွဲလဆန်း ၅ ရက်ကနေ မြန်မာနှစ်ဆန်းတရက်နေ့အထိ ၃ လကြာ ကျင်းပလေ့ရှိကာ မကွေးတိုင်းဒေသကြီးရဲ့ ရက်အရှည်ကြာဆုံး ပွဲတော်တခု ဖြစ်တယ်လို့ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s