စစ်ကိုင်းတိုင်း၌ သုံးလနီးပါးအတွင်း အရပ် သား ၂၂ ဦးသတ်ဖြတ်ခံရပြီး အိမ်ခြေ ၃,၀၀၀ ကျော်မီးရှို့ခံရ


စစ်ကိုင်းတိုင်း၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ အရပ် သား ၂၂ ဦးသတ်ဖြတ်ခံရပြီး အိမ်ခြေ ၃,၀၀၀ ကျော်မီးရှို့ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်များကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အခြေစိုက် ခမရ(၃၆၁)၊ ဖောင်းပြင်မြို့အခြေ စိုက် ခမရ (၃၅၈)နှင့် ဟုမ္မလင်းမြို့အ ခြေစိုက် ခမရ(၃၆၉)တို့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။
စုဆောင်းစစ်ဆေးထားသည့် အချက်အလက်များအနက် ထိုတပ်ရင်းသုံးခု၏ ကျူးလွန်မှုများသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၃ ခုနှစ် ဇန်န ဝါရီလအတွင်း ပိုမိုဆိုးရွာလာသည်ကိုတွေ့ရှိရသဖြင့် အစီရင်ခံစာ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း NUG က ပြောထားသည်။
ယင်းကာလအတွင်း သတ်ဖြတ်ခံရသူများမှာ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်ပြီး အသက် ၆၀ နှစ်အထက် အဘိုးအိုတစ်ဦးနှင့် အဘွားအိုနှစ်ဦး ပါဝင်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ တန့်ဆည်နှင့် ရေဦးမြို့နယ်ရှိ ရွာပေါင်း ၄၀ ကျော် မီးရှို့ခံရကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
အစီရင်ခံစာတွင် ဆက်သွယ်မှုအခက်အခဲကြောင့် အတည်ပြုနိုင်သော အထောက်အထားများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး အမှန်တကယ်ကျူးလွန်သောရာဇဝတ်မှုများမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်း လည်း ထည့်သွင်းဖော်ပြထားသည်။
အစီရင်ခံစာပါ အချက်အလက်များကို ကုလသမဂ္ဂအပါအဝင် သက်ဆိုင်ရာ နိုင်ငံတကာယန္တရား အသီးသီး ထ ပေးပို့ဖြန့်ဝေသွားဖြစ်ပြီး ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရားမျှတမှုရရှိစေရေး နည်းမျိုးစုံဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုထားသည်။
အာဏာသိမ်းကာလအတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်း နေအိမ်ပေါင်း ၄၈,၀၀၀ ကျော် ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၃၆,၀၀၀ ကျော်ပျက်စီးခဲ့ကြောင်း Data for Myanmarက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။mizzima