နမခသို့ပြန်လာသည့်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်ရွာကျေးမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သို့ပြန်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးသွားကြောင်း Chindwin Brother PDF က ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။
ဘုတလင်မြို့နယ်၊ ပိုးကုန်းဇရပ်အနီးတွင် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က ကံသစ်ရွာမှ နမခသို့ မုံရွာ-ဘုတလင်လမ်းအတိုင်းပြန်လာသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
“ကျနော်တို့က လွန်ခဲ့တဲ့လေးလလောက်ကတည်းက မိုင်းကွင်းခင်းပြီးစောင့်နေတာ။ အခါအခွင်မသင့် တော့ မနေ့ ဇန်နဝါရီ ၂၇ ရက်က ပိုးကုန်းဇရပ်နားမှာ မိုင်းထပ်ခင်းနေတုန်း စခ(စစ်ကောင်စီ) တပ်သား တွေနဲ့တည့်တည့်တိုးတာ” ဟု Chindwin Brother PDF တာဝန်ရှိသူတစ်ဦးမှပြောသည်။
ယင်းသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အင်အား ၆၀ ခန့်ပါသော စစ်ကြောင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးသွားပြီး အလောင်းများကို သားပြေးကျောက်တောင်အနီးရှိ သင်္ချိုင်းတွင် ချက်ခြင်းမြေမြှုပ် သင်္ဂြိုလ်လိုက်ကြောင်းဆိုသည်။
ယင်းသို့ မိုင်းဆွဲတိုက်ခိုက်ချိန်တွင် Anonymous Hero အဖွဲ့မှ ဒရုန်းဖြင့် တိုက်ပွဲမှတ်တမ်းယူခြင်း၊ ကျောင်း သားတပ်ဖွဲ့မှ လက်နက်ငယ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ လက်နက် ကြီးများဖြင့်လည်းကောင်း ပစ်ကူပေးခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းကွင်းကို လွန်ခဲ့သည့်လေးလခန့်က Chindwin Brother PDF နှင့် ချိုမိုင်မိုင်တပ်ဖွဲ့၊ Anonymous Hero တပ်ဖွဲ့တို့ မှ မုံရွာ – ဘုတလင်လမ်းပိုင်း ဇီးတောနှင့် ထနောင်းကုန်းကြားတွင် မိုင်း ၁၀ လုံးခင်းထားခဲ့ပြီး မိုင်းဆွဲရန် အချိန်ကာလကြာမြင့်စွာစောင့်ဆိုင်ခဲ့သော်လည်း အ ကြောင်းမတိုက်ဆိုင်ခဲ့၍ ယခုမှ ဆွဲခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများသယ်ယူလာသည့် ရေယာဉ်များကို မြစ်ကမ်းတစ်နေရာမှ အဆင့်မြင့် ရှေ့ထွက် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။mizzima