ရွေးကောက်ပွဲအတွက် စာရင်းကောက်ယူပေးနေသည့် ဖျာပုံ အမှတ်(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်က စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူပေးနေသည့် အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးရှို့မှုကို Black Joker နှင့် ဖျာပုံ PDF (PDFP) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိသူ ရှိ၊ မရှိ မသိရသေးကြောင်း၊ ရုံးအတွင်းရှိ စာရွက်စာတမ်းအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဖျာပုံ PDF အဖွဲ့ဝင်က မဇ္စျိမကို ပြောသည်။
“ဖျာပုံမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဒလန်ဆက်လုပ်နေပြီး ညအချိန်မတော် ဧည့်စာရင်းစစ်တာတွေ၊ ပြည်သူတွေဆီက ငွေညှစ်တာတွေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကူညီတာ တွေဆက်လုပ်နေမယ်ဆိုရင်၊ အသက်အန္တရာယ်ကို အာမခံမှာမဟုတ်တော့ပါဘူး ။ပြည်သူတွေအနေနဲ့လဲ ရပ်ကွက်ရုံးတွေနားကို မသွားလာဖို့ ထပ်ပြီးသတိပေးလိုက်ပါတယ်”ဟု ပြောသည်။
ရပ်ကွက်ရုံး မီးလောင်နေစဥ် ရပ်ကွက်နေ ပြည်သူအချို့က လာရောက်မီးငြှိမ်းခဲ့သည့်အတွက် မီးငြိမ်းသွား ခဲ့ခြင်းဖြစ်သည်ဟု ဖျာပုံ PDF အဖွဲ့ဝင်က ဆိုသည်။
မီးရှို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရဲများ ရောက်ရှိလာပြီး ရပ်ကွက်ရုံးအနီးနေရာများ၌ လုံခြုံရေးချထားခဲ့ကြောင်း ဒေသခံများကပြောသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းကလည်း ဖျာပုံ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဖျာပုံ PDF အဖွဲ့ဝင်များက ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် ရွေးကောက်ပွဲကျင်းပရန်အတွက်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံပညာရေးဝန်ထမ်းများ၊ လဝကဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှစတင်ကာ လူဦးရေစာရင်းများ ကောက်ယူ လျှက်ရှိသည်။mizzima