ကျွန်းလှနယ်တွင် စစ်ကောင်စီတပ်မီးရှို့မှုကြောင့် စပါးတိုက် ၃၃လုံး၊ အိမ်ခြေ ၁၇၀လုံး ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ကျေးရွာအုပ်စုရှိ နေအိမ်များကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများပူးပေါင်းအင်အား ၁၂၀ခန့်က မီးတင်ရှို့သဖြင့် စပါးတိုက် ၃၃လုံးနှင့်အတူ လူနေအိမ် ၁၇၀လုံးသည် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်မှစ၍ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များမှ တောင်ယာဆိပ်ကျေးရွာအုပ်စုမှ သ ရက်တော၊ အောင်ရန်ကင်း၊ မြင်သာဦး နှင့်တောင်ယာဆိပ်ရွာစသည့် ရွာလေးရွာမှ လူနေအိမ်များနှင့် စပါးတိုက်များကို မီးတင်ရှို့ခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူကပြောသည်။
“ အရင်နှစ်တွေကလည်း မရောင်းဘဲနဲ့ ကိုယ့်မိသားစုစားဖို့ ချန်ထားတဲ့စပါးတွေလည်းပါတယ်။ ဒီနှစ်မှာလည်း ကျမတို့ရွာဘက်က လူတိုင်းလူတိုင်း စပါးက ရကြတယ် ။ အရင်နှစ်ကရော ဒီနှစ်မှာရောရတဲ့စပါးတွေ မီးထဲအကုန်ပါသွားပါတယ်။” ဟု စပါးကျီမီးရှို့ခံရသည့် သရက်တောရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက မဇ္ဈိမသို့ပြောသည်။
မီးရှို့ခံရသည့် စပါးတိုက် ၃၃လုံးတွင် စပါးတင်း ပမာဏဘယ်လောက်ထိ မီးလောင်ပြာကျသွားသည်ကိုတော့ ခန့်မှန်း၍မရသော်လည်း မိမိတို့မှာက စပါးတင်း၂၀၀ခန့် မီးထဲပါသွားသည်ဟု သရက်တောရွာ ဒေသခံအမျိုးသမီးးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ မီးတင်ရှို့မှုကြောင့် အိမ်ခြေ ၄၃လုံးရှိသည့် သရက်တောရွာတွင် လူနေအိမ် ၃၃လုံး၊ အိမ်ခြေ ၇၅လုံးရှိသည့် အောင်ရန်ကင်းတွင် လူနေအိမ် ၅၁လုံး၊ အိမ်ခြေ ၅၆လုံးရှိသည့် မြင်သာဦးရွာတွင် လူနေအိမ် ၅၁လုံးနှင့် အိမ်ခြေ ၄၈လုံးရှိသည့် တောင် ယာဆိပ်ရွာတွင် လူနေအိမ် ၂၂လုံး မီးလောင်ပြာကျခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှ သိရသည်။
တောင်ယာဆိပ်ကျေးရွာအုပ်စု ရွာလေးရွာရှိ အိမ်ခြေ ၂၂၂လုံးအနက် အိမ်ခြေ ၁၂၇လုံးမီးလောင်ပြာကျခဲ့သည့်အပြင် စပါးတိုက် ၃၃လုံးနှင့် ကားတစ်စီးလည်း မီးထဲပါသွားသည်ဟု ၎င်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။
အင်းအား ၁၂၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းကြောင့် တောင်ယာဆိပ်ကျေးရွာအုပ်စုအတွင်း ပြည်သူပိုင်နေ အိမ် ထက်ဝက်ကျော်မီးရှို့ဖျက်ဆီးခံရပြီး အနီးနားရှိ ရွာပေါင်း ၁၂ ရွာမှ ပြည်သူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်းသိရသည်။ mizzima