Monthly Archives: Feb 2023

တိုင်းပြည်တည်ငြိမ်မှုနှင့် နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများကို NUG ကသာ အာမခံချက်ပေးနိုင်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလပြေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက်ပေးနိုင်မှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ကျင်းပတဲ့ NUG အစိုးရရဲ့ ၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “လွန်ခဲ့သော ရက်အတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်အနေဖြင့် မြောက်ပိုင်းတွင် အခြေပြုသော တိုင်းရင်း သားလက်နက်ကိုင်များနှင့် လာရောက်တွေ့ဆုံမှုကို သတင်းမီဒီယာ များမှတဆင့် ကြားသိခဲ့ရပါတယ်။  ကျနော်တို့ရဲ့ ရပ်တည်ချက်ဟာ အာဏာရှင်စနစ် ဖျက်သိမ်းပြီး တည်ငြိမ်သည့် အစိုးရတရပ်ကို ဖွဲ့စည်းထူထောင်နိုင်ဖို့ဖြစ်တယ်။ လက်ရှိ စစ်အစိုးရဟာ တိုင်းပြည်ကို တည်ငြိမ်မှု မပေးနိုင်တာ သမိုင်းတလျောက် အကြိမ်ကြိမ်အာဏာ သိမ်းမှုများဖြင့် ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ စစ်အာဏာရှင်များရဲ့ လက်အောက်မှာ တိုင်းပြည်နှင့်လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှုလမ်းကြောင်း မရှိ။ လက်ရှိ ကျနော်တို့အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး  ပိုမိုစုံလင်သော စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့ အစိုးရ ကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို အာမခံချက်ပေးနိုင်မှာ ဖြစ်ပါ တယ်။ အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနှင့် နေ့စဥ်နှင့်အမျှ အကြမ်းဖက်လုပ်ရပ် များကြောင့် လက်ရှိတို့နိုင်ငံရဲ့ တိုင်းရင်းသားပြည်သူလူထုများ တွေ့ကြုံ နေရတဲ့ အခက်အခဲ စိန်ခေါ်မှုများကို စာနာပြီး ရပ်တည်ပေးကြဖို့ ကျနော်တို့ မျှော်လင့်လျက် ရှိပါတယ်။” လို့ ပြောပါတယ်။

စစ်အုပ်စုကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူလူထုဟာ မိမိအိုးအိမ်ကို စွန့်ပြီး  စစ်ပြေး ဒုက္ခသည်တွေအဖြစ် ရောက်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုဟာ လူထုကို အကြောက်တရားနဲ့ ဖိပြီး အုပ်ချုပ်လို့ရမယ်လို့ထင်နေပေမဲ့ ပြည်သူတွေကတော့ စစ်အုပ်စုကို လက်လျှော့ အရှုံးမပေးဘဲ အဆုံးအထိ တိုက်ဝင်ဖို့ အားလုံးက ဒီကနေ့အထိ စိတ်ဆန္ဒပြင်းပြနေကြဆဲဖြစ်ကာ NUG အစိုးရအနေနဲ့လည်း လက်ရှိသွားနေတဲ့ အရှိန်ထက် မလျှော့ဘဲ ဆက်လက် အားတင်းပြီးတော့ တော်လှန်ရေးအရှိန်ကို မြင့်တင်ဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ “တော်လှန်ရေးအင်အားစုတွေအတွက် အချိန်က အကန့်အသတ်ရှိပါတယ်။ ဒါကြောင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ One Year Plan ကို ချမှတ်ပြီး Phase တစ်ခုချင်းစီအလိုက် အားထည့် အကောင်အထည်ဖော်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးကဏ္ဍဘက်မှာဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် နိုင်ငံခြားရေးနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ဝန်ကြီးဌာနတွေ အားလုံး အင်ပြည့်အားပြည့် ချိတ်ဆက်ဆောင်ရွက်နေမှုတွေဟာ အားရစရာ ကောင်းလှပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံများရဲ့ အားပေးကူညီမှုများအတွက် ကျေးဇူးတင်ရသလို တစ်ဖက်ကလည်း အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ အားပေးကူညီမှုများလည်း ပိုမိုထိရောက်မှုရှိနိုင်ဖို့ ကျွန်တော်တို့ အားထုတ်ရမှာ ဖြစ်ပါတယ်။ ဒေသတွင်း နိုင်ငံများနဲ့လည်း ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ၊ နယ်စပ် ဖြတ်ကျော် အမှုအခင်းများ ကျဆင်းရေး ကဏ္ဍ၊ တရားမဝင် ကုန်သွယ်မှုများ ကျဆင်းရေးကဏ္ဍ စတဲ့ ကဏ္ဍတွေအတွက်လည်း အထူးအ လေးပေး အာရုံစိုက် ဆောင်ရွက်ကြရမယ့် အနေအထားမှာ ရှိပါတယ်။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။DVB

ရန်ကုန်၊သာကေတ ရပ်ကွက်ရုံးနှင့် နှင့် တာချီလိတ် ကြံ့ဖွတ်ရုံးတို့တွင် ဗုံးများ ပေါက်ကွဲပြီး လူ ၇ ဦးဒဏ်ရာရ ၊ ရန်ကုန်လေဆိပ်တွင် လူ ငယ် ၂ ဦးကို စစ်တပ် က ရိုက်နှက် ဖမ်းဆီး

ရန်ကုန်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်ရုံးနှင့် နှင့် ရှမ်းပြည်နယ်၊ တာချီ လိတ် ကြံ့ခိုင်ရေးရုံးတို့တွင် ဗုံးများပေါက်ကွဲပြီး လူ ၅ ဦးဒဏ်ရာရကြောင်း စစ် တပ် ၏ သတင်း ထုတ်ပြန်ချက်များနှင့် ဒေသပြည်သူများ၏ ဆက်သွယ် ပြော ဆို မှု များအရ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် သာကေတမြိုနယ်၊ ၄/ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ အသံအလွန်အရမ်းကျယ်လောင် ပြီး မြေကြီးတုန်ခါမှုပါ ခံစားရကြောင်း၊ ယင်းနောက် ပစ်ခတ်သံများနှင့်လူနာတင်ကား အသံများပါ ကြားရ ကြောင်း ဒေသပြည်သူများက ပြောသည်။

“မနေ့ည ၁၀ နာရီ ၃၀ မှာ ဗုံးပေါက်တာ အရမ်းကိုကျယ်တာ။ ည ၁၀ နာရီ ၄၀ မှာလည်း ထပ်ပေါက်သံကြားတယ်။ ည ၁၀ နာရီ ၃၅ မိနစ်မှာ သေနတ်ပစ်သံ ၃ ချက်၊ ၄ ချက်သံကြားရတယ်။ နောက်ပြီးတော့ လူနာတင်ကားသံကြားရတယ် ည ၁၁ နာရီ ၄၀ မှာ သေနတ်ပစ်သံထပ်ကြားရတယ်။ လူထိတယ်လို့ ကြားတယ်။ ဘယ်သူတွေ အပစ်ခံရပြီး ဘယ်လိုထိကြလဲဆိုတာတော့ မသိရဘူး” ဟု ဒေသ ပြည်သူတစ်ဦးက ပြော သည်။

စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင်မူ သာကေတမြိုနယ်၊ ၄/ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် “ကိုင်ရဲကိုင်သေမှာပဲ” စာသား ပါကတ္ထူပြားနှင့် ကြွပ်ကြွပ်အိတ်အနက်တစ်လုံးချိတ်ထားသဖြင့် လုံခြုံရေး တပ်ဖွဲကရှင်းလင်းရာ အိတ်အတွင်းမှ အ ရက်ပုလင်းခွံသုံးလုံးနှင့် ဝါယာကြိုးများထည့်ထားသော ဗုံးအတုကိုတွေ့ခဲ့ရကြောင်း၊ ရုံးဝဲဘက်ခြံစည်း ရိုးတွင် သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးတစ်လုံး၊ယာဘက်ခြံစည်းရိုး တွင် PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးတစ်လုံးကိုတွေ့သဖြင့် ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အလားတူ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ် စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးခဲ့ ကြောင်း လေဆိပ်အနီးရှိ ပြည်သူတချို့က ပြောသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ကားဖြင့် လာ သည့် လူငယ် ၂ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး ခဲ့ခြင်းဖြစ် ကြောင်း၊ စစ်တပ် ၏ သတင်းထုတ်ပြန်ချက်တွင်မူ လက်လုပ်ဗုံးများ တွေ့ရှိရ၍ ဖမ်းဆီးသည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။

” မနေ့ ညနေပိုင်း လေဆိပ်အဝင် မှတ်ပုံတင်ထားပြီး ပြန်ယူရတဲ့ လေဆိပ်ထဲ ဝင်တဲ့ဂိတ်အခြမ်းဘက်မှာ ကားတစ်စီးက ကျနေတယ်။ ကားတံခါးလည်း ပွင့်နေတယ်။ မနေ့ ညနေ ၇ နာရီ လောက်မှာ လေ ဆိပ် ပိတ်ထားသေးတယ်။ ထိုးကျနေတဲ့ ကားက အမည်းရောင်။ မှောင်ကလည်း မှောင်နေတယ်။ စစ်ခွေး တွေက လည်း ဝိုင်းထားတယ်ဆိုတော့ ဘာဖြစ်မှန်းသေချာမသိခဲ့ရဘူး။ ကား ပေါ် မှာ လူတော့ မတွေ့ဘူး” ဟု ယမန်နေ့ ဖြစ်စဉ်ကို မျက်မြင် တွေ့ရှိရသူ တစ်ဦးက ပြောသည်။

လေဆိပ်ဘက်ရောက်ရှိခဲ့သော ကားသမားတချို့ကမူ စစ်တပ်က ယမန်နေ့ ညနေ ပိုင်း ရန်ကုန်လေဆိပ် စစ်ဆေးရေးဂိတ်တွင် လူငယ် ၂ ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုကြသည်။

ထို့အတူ ယမန်နေ့ ညပိုင်း ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မကာအိုခမ်းရပ် ကွက်ရှိ ကြံ့ဖွတ်ရုံးကို အရှေ့ပိုင်းနဂါးအဖွဲ့ က ၅ ကြိမ် ဗုံးခွဲတိုက် ခိုက်ခဲ့ ကြောင်း အဆိုပါ အဖွဲ့က ကြေညာသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်အချိန် ကြံ့ဖွတ်ရုံး အနီးတွင် ဗုံး ၁ လုံး စတင်ခွဲခဲ့ပြီး စစ်ဆေးရေးများ လာရောက်ချိန်တွင် ဗုံး ၃ လုံးကို ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ၊ ဖေဖော် ဝါရီ ၂၇ ရက်နေ့ ည ၉ နာရီ ခွဲအချိန်တွင် ဗုံးပေါက်ကွဲမှု ၃ ကြိမ်၊ ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် ၁ ကြိမ် နှင့် ည ၁၁ နာရီအချိန်ခန့်တွင် ‌၁ ကြိမ် စုစုပေါင်း ၅ ကြိမ် ဆက်တိုက် ဖောက်ခွဲ ခဲ့ကြောင်း သိရှိရသည်။

တာချီလိတ် ကြံ့ဖွတ်ရုံးအနီး ဗုံး ပေါက်ကွဲမှုကြောင့် ရပ်ကွက် အုပ်ချုပ်ရေး မှူးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၇ ဦးတွင် ရပ်ကွက် အုပ်ချုပ် ရေးမှူး ၁ ဦး၊ ကြံ့ဖွတ်ပါတီဝင် ၁ ဦး၊ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦး၊ လူ ၄ ဦးတို့ မစိုးရိမ်ရဒဏ်ရာရရှိကြောင်း သိရှိရသည်။ khit thit

မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမှုအပေါ် CDM ကျောင်းသားများ ရှုတ်ချ

တနင်္သာရီတိုင်း၊ မြိတ်မြို့က မြိတ်တက္ကသိုလ်မှာ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပတဲ့အပေါ် မြိတ်တက္ကသိုလ် CDM ကျောင်းသားတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက်ကနေ ၂၇ ရက်အထိ ၅ ရက်ဆက်တိုက် ပြုလုပ်ပြီး နေ့သင်တန်းကျောင်းသား ၁၂၀ နဲ့ အဝေးသင်ကျောင်းသား ၅၀၀ လောက် တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတယောက်က “ကျနော်တို့အနေနဲ့ စစ်အာဏာရှင်ကို အားပေးထောက်ခံနေတဲ့ တက္ကသိုလ်အာဏာပိုင်တွေလုပ်တဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကိုတော့ အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ CDM ကျောင်းသားတယောက်ကလည်း “ဘွဲ့ယူတဲ့ ကျောင်းသားတွေက တောထဲရောက်နေတဲ့သူတွေကို မျက်နှာမထောက်ရင်တောင် အသက်ပေးသွားတဲ့သူတွေ၊ စစ်အာဏာရှင်ကြောင့် ဒုက္ခရောက်နေကြတဲ့ တနိုင်ငံလုံးက လူတွေကိုတော့ အားနာသင့်တယ်။ စစ်ကောင်စီကို အားပေးတဲ့ လုပ်ရပ်တွေဟာ တနိုင်ငံလုံး အနေအထားနဲ့ ဒီတော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ အ နှောင့်အယှက်ဖြစ်စေတယ်” လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်ကာလက ကျင်းပတဲ့ မြိတ်တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ  တက်ရောက်ခဲ့တဲ့ နေ့သင်တန်းကျောင်းသား ၁,၀၀၀ ကျော်ရှိပြီး အခုအချိန်မှာတော့ ၆၀၀ ကျော်လောက်သာရှိတယ်လို့ သိရပါတယ်။

ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပတဲ့အပေါ် CDM ကျောင်းသားတွေရဲ့ ဝေဖန်မှုတွေကိုတော့ မြိတ်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က တစုံတရာ ပြန်လည်တုံ့ပြန်တာ မရှိပါဘူး။

မြိတ်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ Non CDM ကျောင်းသားတွေကို စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပူးပေါင်းပါဝင်ပေးဖို့အတွက် အခုအချိန်မှာ နောက်မကျသေးဘူးလို့ မြိတ်တက္ကသိုလ် CDM ကျောင်းသားတဦးက ဆိုပါတယ်။

စစ်ကောင်စီ အာဏာမသိမ်းခင်က မြိတ်တက္ကသိုလ်မှာ နေ့သင်တန်းကျောင်းသား ၄,၀၀၀ ကျော်ရှိပြီး စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မြိတ်တက္ကသိုလ်ကျောင်းသား အများစုဟာ အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက် CDM လုပ်ထားကြပြီး ကျောင်းသား ၈၀၀ ကျော်သာ ကျောင်းတက်နေကြပါတယ်။DVB

ထီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရမိ၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကား မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးများရှိနိုင်

မကွေတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်၊ ထီးလင်းမြို့နယ်၊ ပုံတောင်နတ်ထိပ်တွင် စစ် တပ်နှင့် ထီးလင်း PDF တို့ အကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ သေနတ်တစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ ကြောင်း ထီးလင်း PDF ထံမှ သိရှိရသည်။

ဖေဖာ်ဝါရီလ ၂၆ ရက် က ထီးလင်းမြို့နယ်၊ ကျင်းအရှေ့ ပုံတောင်နတ်ထိပ်တွင် လှည့်ကင်း လှည့်လာ သော ကပစ ၂၄ တပ်မှ စစ်သားများနှင့် ဂန့်ဂေါခရိုင် တပ် ရင်း ၂ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၁၀ တို့မှ ကင်း လှည့်အဖွဲ့တို့ ထိပ်တိုက် တွေ့ ဆုံပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံး ပြီး MA 11 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်အတောင့် ၈၀ နှင့် ခါးပတ် အီကွေ့ မန့်တစ်ခု တို့ကိုလည်း သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့နယ်၊ အုန်းတော-ကျောက်ဆည်ကြား ကားလမ်းတွင် စစ်တပ်ကား ၃ စီးကို ယမန်နေ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများရှိနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် အချိန်စစ်ကိုင်း တပ်မ ၃၃ မှ အင်အား ပြည့် လိုက်ပါလာသည့် စစ်ကောင်စီကား ၃ စီးကို BLACK CAT (SGG) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြရာ စစ်ကားကြီး ၁ စီးကို ထိထိမိမိ ထိမှန်ခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး သေဆုံး မှုများ ရှိနိုင်ကြောင်း သိရှိရသည်။

မိုင်းဆွဲမှုကြောင့် စစ်ကားတစ်စီး၏ ကားနောက်ခန်းမှ စစ်သား ၃ ဦး ကားပေါ်မှ လွင့်ကျခဲ့ကြောင်း၊ ရှေ့ခေါင်းခန်းသူ စစ်သား တစ်ဦးလည်း ထိခိုက်ခဲ့ကြောင်း၊ စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက်မှ ရှေ့ဆက်ထွက်နိုင်ခြင်းမရှိဘဲ ရပ်တန့်ကာ အနီးဝန်းကျင်ကို လိုက်လံရှာဖွေရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။ khit thit

KNU ညီလာခံ အွန်လိုင်းတွင် ကျင်းပ၊ တပ် မဟာ ၅ ကိုယ်စားလှယ်များ မတက်

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခေါင်းဆောင်ပိုင်း ရွေးချယ်ရာတွင် အရေးပါသည့် ညီလာခံကို နှစ်နှစ်ကျော်ကြာ ရွှေ့ဆိုင်းထားရာမှ ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) က စတင်ပြီး အွန်လိုင်းတွင် ပြုလုပ်နေရာ တပ်မဟာ ၅ (ဖာပွန်ခရိုင်) မှ တာဝန်ခံများ ပါဝင်တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

ယမန်နေ့က စတင်ကျင်းပသော ညီလာခံကို စစ်ရေးအရ အရေးပါသော တပ်မဟာ ၅ နယ်မြေ (ဖာပွန်ခရိုင်) မှ ကိုယ်စားလှယ်များ တက်ရောက် ခြင်း မရှိကြောင်း ထိုတပ်မဟာမှ အမည်မဖော်လိုသော ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အတည်ပြုခဲ့သည်၊ တက်ရောက်ရန် ငြင်းဆိုသည့် အကြောင်းရင်းကို သူက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ခေါင်းဆောင်ပိုင်း ရွေးချယ်ရာတွင် အရေးပါသော ထိုညီလာခံနှင့် ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော အထွေထွေ အ တွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကို Myanmar Now က ယမန်နေ့တွင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းအနေဖြင့် မှတ်ချက်မပေးလိုသေးကြောင်း ပြောသည်။

ဖာပွန်ခရိုင်သည် စစ်ရေးပြင်းထန်သော နယ်မြေဖြစ်ပြီး ကရင်လူထု ထောက်ခံမှုများပြားသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ အခြေစိုက်ရာဒေသဖြစ်သည်။

ထိုမတက်ရောက်မှုမှာ ညီလာခံအပေါ် သက်ရောက်မှုအချို့ ရှိလာနိုင်မည်ဖြစ်သော်လည်း ညှိနှိုင်းမှုများဖြင့် အဆင်ပြေနိုင်မည်ဟု ယူဆကြောင်း KNU ခရိုင်ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်ရှိ KNU ဗဟို ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော ၁၆ ကြိမ်မြောက် ညီလာခံမှ ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်သည်။

ညီလာခံကို ၄ နှစ်လျှင် ၁ ကြိမ် ပြုလုပ်ရမည် ဖြစ်သော်လည်း ၂၀၂၀ တွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ ဖြစ်ပွားနေခြင်း၊ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းယူခဲ့ခြင်း စသည့် အခြေအနေများ ဆက်တိုက်ပေါ်ပေါက်သည်။

၂၀၁၅ တွင် အပစ်ရပ် (NCA) လက်မှတ်ရေးထိုးခဲ့သော KNU သည် စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ပြီး လက်နက်ကိုင်ခုခံလိုသူများအား စစ်သင်တန်းပေးသလို စစ်ကောင်စီလက်အောက်မှ ထွက်ပြေးလာသူများကို ခိုလှုံခွင့်ပေးခဲ့ရာ KNU ၏ တပ်မဟာ ၇ ခုလုံးတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

သို့သော်လည်း ၂၀၂၁ မေ ၁၀ တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက KNU အနေဖြင့် NCA စာချုပ်အတိုင်း လိုက်နာကျင့်သုံးရန်၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်နှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာရန် စသည့်အချက်များကို ၎င်း၏ လက်မှတ်ဖြင့် စာထုတ်ပြန်ခဲ့ရာ ဝေဖန်မှုအများအပြားနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုစဉ်က အဆိုပါထုတ်ပြန်ချက်မှာ KNU ဥက္ကဋ္ဌ၏ ပုဂ္ဂလိကအမြင်သာဖြစ်ကြောင်း KNU က တုံ့ပြန်ခဲ့သည်။

ယင်းနှစ် ဩဂုတ် ၂၄ တွင် တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေအတွင်း NUG နှင့် PDF များ လက်ခံထားခြင်း မပြုရန်၊ စစ်ရေးနည်းလမ်းကို ရှောင်နိုင်သမျှ ရှောင်ရန် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်း၏ လက်ရေးမူဖြင့် ညွှန်ကြားချက် ထွက်ပေါ်ခဲ့သည်။ ထိုညွှန်ကြားစာသည်လည်း ၎င်းတစ်ဦးတည်း၏ အမြင်သဘောထားဖြစ်ကြောင်း KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောထားသည်။

လက်ရှိတွင် KNU နယ်မြေများတွင် လက်အောက်ခံ ကရင်လက်နက်ကိုင်တပ်များသာမက KNU က လေ့ကျင့်ပေးထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များလည်း ပူးပေါင်းတိုက်ပွဲဝင်နေသည်။

ထို့ကြောင့် KNU ခေါင်းဆောင်ပိုင်းအပြောင်းအလဲသည် တော်လှန်ရေးအပေါ် သက်ရောက်မှုရှိပြီး ခေါင်းဆောင်ပိုင်းအပြောင်းအလဲကို လိုလားနေသူများလည်း ရှိကြသည်။

ဒေသတွင်း ဩဇာရှိသည့် ကရင်အမျိုးသမီးအဖွဲ့ (KWO) မှ အမြဲတမ်းဗဟိုကော်မတီဝင် နော်ဆဲဆဲက KNU ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲဖြစ်လာမည်ကို မျှော်လင့်နေသည်ဟု ဆိုသည်။

“ပြတ်ပြတ်သားသား ခေါင်းဆောင်မျိုး လိုချင်တယ်။ အဖွဲ့ရဲ့ မူပေါ်လစီ၊ ရပ်တည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်တဲ့ ခေါင်းဆောင်မျိုးကို တာဝန်ယူမှု တာဝန်ခံမှု နဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ခေါင်းဆောင်မျိုးကို လိုလားတယ်” ဟု သူက ပြောသည်။

မကြာသေးမီရက်ပိုင်းက ကရင့်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၆၀ ကျော် စုပေါင်း၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တရားမဝင်လောင်းကစားလုပ်ငန်းများ ပါဝင်သည့် မြို့သစ်စီမံကိန်းများ တည်ဆောက်ရန် ပတ်သက်ဆက်နွှယ်နေသည့် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြရာ KWO လည်း အပါအဝင်ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း တရားမဝင်လောင်းကစား အပါအဝင် ရာဇဝတ်မှုမကင်းသည့် လုပ်ငန်းများကို လက်မခံကြောင်း၊ ခွင့်ပြုထားခြင်းလည်း မရှိကြောင်း KNU က ဖေဖော်ဝါရီ ၂၆ တွင် ကြေညာချက် ထုတ်ပြီး တုံ့ပြန်ထားသည်။

ယခင်ညီလာခံများကို အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ခရိုင် (တပ်မဟာ) အလိုက် စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ပြီး တစ်လနီးပါးခန့် ကျင်းပပြုလုပ်လေ့ရှိသည်။

သို့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်အချိန်တွင် ညီလာခံကို တစ်နေရာတည်းတွင် လူစုလူဝေးဖြင့် ပြုလုပ်ခြင်းမရှိဘဲ အွန်လိုင်းမှသာ ပြုလုပ်ခြင်းဖြစ်သည်။

ယခုနှစ် ကျင်းပသည့် ညီလာခံသည် ပုံစံသစ်ဖြစ်ခြင်းကြောင့် မည်မျှကြာမြင့်မည်ကို မခန့်မှန်းနိုင်ကြောင်း၊ ယခင်နှစ်များထက် ပိုပြီးအချိန်ကြာမည်ဟု မထင်ကြောင်း KNU တပ်မဟာ ၆ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

ကရင်လူထုက KNU ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ရန် လိုလားနေမှုများ ရှိနေပြီး ယင်းအချက်သည် KNU ၏ နိုင်ငံရေးသိက္ခာအပေါ် မူတည်နေသည်ဟု ယူဆနေကြကြောင်း ၎င်းက ဆိုသည်။

“KNU ရဲ့ နိုင်ငံရေးသိက္ခာအပေါ် အများကြီး မူတည်တယ်လို့ ယူဆကြပုံရတယ်။ အပြောင်းအလဲကတော့ တစ်စိတ်တစ်ပိုင်းလောက်တော့ ရှိမယ် ထင်တာပဲ။ ဒါပေမဲ့ ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းအပေါ် မူတည်ပါလိမ့်မယ်” ဟု သူက ပြောသည်။

KNU ၏ ညီလာခံသည် သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စသည်ဖြင့် အဆင့်ဆင့် ရွေးကောက် တင်မြှောက်သည့် ကိုယ်စားလှယ်များက ၄ နှစ်လျှင် တစ်ကြိမ် ညီလာခံကျင်းပကာ ဗဟိုအမြဲတမ်းကော်မတီအဖြစ် ကိုယ်စားလှယ် ၅၀ ကျော် ရွေးချယ်ကြသည်။

ယင်းတို့ထဲမှ KNU ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ် စသည့် ခေါင်းဆောင်ပိုင်းများကို ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖြစ် ပြန်လည်ရွေးချယ်ခြင်း ဖြစ်သည်။

လက်ရှိတွင် KNU ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းတို့က တာဝန်ယူထားသည်။

KNU အုပ်ချုပ်ရေးအောက်တွင် တပ်မဟာ ၁ သထုံခရိုင်၊ တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၄ ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ ၅ ဖာပွန်ခရိုင်၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်၊ တပ်မဟာ ၇ ဖားအံခရိုင်တို့ရှိကာ လက်နက်ကိုင်တပ်များအဖြစ် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့ ရှိသည်။myanmar now

ဒီးမော့ဆိုတပ်ရင်းအတွက် စက်သေနတ်ဝယ်ယူနိုင်ရေး ”ဘရောင်နီ”ကမ်ပိန်းတွင် ပါဝင်နိုင်

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်၊ ဒီမော့ဆိုတပ်ရင်းအတွက် စက်သေနတ်ဝယ်ယူနိုင်ရေး ”ဘရောင်နီ”ကမ်ပိန်းမှာ ပြည်သူတွေ အားလုံး ပါဝင်ထောက်ပို့နိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ ဖေဖော်ဝါရီ ၁၈ ရက်ကနေ လာမယ့် မတ် ၁၀ ရက်နေ့ထိ ရက် ၂၀ ကြာ ပြုလုပ်သွားမှာဖြစ်ပြီးတော့ ငွေကျပ်သိန်း ၈၀၀ ထိ ရရှိနိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)ကနေ ဗဟိုဌာနတွေ၊ တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄ ဆိုပြီး အရင်ကထက် တပ်ရင်းတွေ ပိုမိုကျစ်လစ်အောင် ပြန်လည်ဖွဲ့စည်းထားပြီး ဖြစ်ကာ တပ်ရင်းအားလုံး လိုအပ်ချက်အရ လက်နက်ပိုင်းဆိုင်ရာမှာ စက် သေနတ်တွေ၊ လက်နက်ကြီးတွေ ပိုမိုလိုအပ်လာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ အသုံးပြုပြီးတော့ လက်နက်အင်အားမမျှတစွာနဲ့ အသုံးပြုလာတဲ့အပေါ် တော်လှန်ရေးရဲဘော်တွေဘက်ကလည်း လက်နက်ကြီးတွေ တပ်ဆင် ပေးနိုင်ဖို့ အရေးကြီးလိုအပ်လာတာမို့ Browning Machine Gun အမည်ရတဲ့ စက်လတ် ၁ လက်ရရှိရေးအတွက် ”ဘရောင်နီ”ကမ်ပိန်းကို ခေါ်ယူထားတာလို့ ဆိုပါတယ်။ 

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာတော့ ကျေးရွာပေါင်း ၅၀၀ ကျော်ထဲက ကျေးရွာ ၈၉ ခုက နေအိမ် ၁,၁၉၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ပြီး လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရတယ်လို့ ကရင်နီလူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

“အနာဂတ်မှာ ဒို့ဘယ်လိုအသက်ရှင်နိုင်မလဲ” ဆိုတဲ့ အစီရင်ခံစာတစောင်ကို ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်ရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ ခု စက်တင်ဘာလအတွင်း စစ်တပ်ရဲ့ ကရင်နီပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင် ပြုစုထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုတွေအပြင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ ဝတ်မှု တွေကို ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အမျိုးသမီး ၃၃ ဦး အပါအဝင် ကရင်နီအရပ်သား ၂၆၀ ထက်မနည်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရပြီး အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃ ခု အပါအဝင် စစ်တပ်တွေက ဖမ်းဆီးထိန်းသိမ်းစဉ် ကရင်နီအရပ်သား ၁၁၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်းကိုလည်း အစီရင်ခံစာမှာ မှတ်တမ်းတင်ထားပါတယ်။DVB

မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို PAF Dနှင့်ပူးပေါင်းအဖွဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင်အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၂၇ ရက် ညနေပိုင်းတွင် လက်နက်ငယ်များဖြင့် အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း People Army to Fight Dictatorship-PAFD အဖွဲ့ က ထုတ်ပြန်ကြေညာသည်။

ယင်းတိုက်ခိုက်မှု နှင့် တစ်ပြိုင်နက်တည်းတွင် မြင်းမူမြို့ အ.ထ.က (၁) အထက်တန်းကျေင်း၌ တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လက်ပစ်ဗုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း PAFD အဖွဲ့ က တာဝန်ရှိသူက ဆိုသည်။

“ဘဏ်ရုံးထဲမှာက ဆယ်ယောက်လောက်ရှိတယ် ဘေးမျက်နှာချင်းဆိုင်မှာရှိတဲ့ အထက (၁)ကျောင်းထဲမှာက ၂၀ လောက် ရှိတယ် ဘဏ်ရုံးကနှစ်ထပ် အဲ့မှာမှ ဘန်ကာတွေ လုပ်ထားတယ် သူတို့ ၀ရန်တာ မှာ လမ်းလျှောက်နေတဲ့အချိန် တိုက်ခိုက်ခဲ့တာပါ” ဟု PAFD က တာဝန်ရှိသူကပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွားလာနိုင်ခဲ့ကြောင်း PAFD အဖွဲ့က ဆိုသည်။

တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မြင်းမူမြို့ပေါ်ရှိ လူငယ်များကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း PAFD အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ယင်းတိုက်ခိုက်မှုများကို People Army To Fight For Dictatorship (PAFD)၊ တပ်ခွဲ DK PDF(MMU)၊ People Knight Defense Force (MMU)၊ မြင်းမူမြို့တိုက်နယ် အနောက်ခြမ်း ပ.က.ဖ၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F (MMU)အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။mizzima

အကျဉ်းကျခံနေရသည့် နိုင်ငံခေါင်းဆောင် ၂ ဦးကို ရှေ့နေနှင့် မိသားစုဝင်များ တွေ့ခွင့်မရ

စစ်ကောင်စီက မတရားဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို သူတို့ရဲ့ ရှေ့နေတွေအပါအဝင် မိသားစုဝင်လည်း တွေ့ခွင့်မရဘူးလို့ တရားရေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

တရားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက“အန်တီ(ဒေါ်အောင်ဆန်းကြည်)နဲ့ရော၊ အန်ကယ် (သမ္မတဦးဝင်းမြင့်)နဲ့ရော တွေ့ခွင့်တောင်းထား တယ်။ အထူးသဖြင့် အန်တီနဲ့ပေါ့။ ခုချိန်ထိ တွေ့ခွင့်မပေးဘူး။ ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မပေးဘူး၊ သူ့မိသားစုတွေနဲ့လည်း ပေးမတွေ့ဘူး”လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေကြောင့် တွေ့ခွင့်မရတဲ့အပေါ်  စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

တရားရေးနဲ့နီးစပ်သူတစ်ဦးက“စိုးတော့ စိုးရိမ်တယ်၊ ဘာလို့လည်းဆို အသက်တွေက ၇၀ ကျော်ပြီလေ။ အန်ကယ် ဦးဝင်းမြင့်ဆိုလည်း သူ့မိသားစုနဲ့ မတွေ့ရဘူး၊ ပစ္စည်းလောက်ပဲ ပို့ခွင့်ရတယ်။ တောင်ငူထောင်ရောက်ကတည်းက ပေးမတွေ့တော့ဘူး” လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတတို့ရဲ့အမှုတွေအားလုံး အမိန့်ချပြီးဖြစ်ပေမယ့် အမှုတွေအားလုံးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အယူခံတင်ထားတဲ့အတွက် တွေ့ခွင့်တင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက တွေ့ခွင့်တင်ထားတာ။ အမှုတွေကလည်း အယူခံတင်ထားတဲ့အတွက် တွေ့ခွင့်တင်တာ၊ အဲဒါထက် သူတို့ ဘာတွေ ညွှန်ကြားချင်လည်း အဲဒါအတွက်တင်တာပါ”လို့ တရားရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချထားတာဖြစ်ပါတယ်။  DVB

နတ်တလင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ ၁၄ ဦးကိုဖမ်းဆီးသွား

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့တွင် ပေါက်ခေါင်းဘက်မှ စစ်ကြောင်းထိုးလာသော အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ပဲခူးရိုးမပေါ်တွင် တောင်ယာခုတ်နေသော ဒေသခံ ၁၄ ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးသွားသည်ဟု နတ်တလင်းမြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ထို့နောက် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် တောင်ညိုဆည် တောလမ်းအတိုင်း မကျီးပင်ရွာဘက်သို့ ထွက်ခွာသွားသည်ဟု သိရသည်။

“ရစ်ကွင်းရွာအထက်နားမှာပါ ဆပ်သေမြောင်နားလောက်မှာပေါ့ ဖမ်းဆီးသွားတာပါ၊ ယောက်ျားသားတွေရော မိန်းမသားတွေရောအပြင် ကလေးတွေတောင် ပါပါတယ်” ဟု နတ်စစ်သည်အဖွဲ့ဝင် ကိုရဲသွင်အောင်က ပြောသည်။

ထိုကဲ့သို့ ဒေသခံများကို မဖမ်းဆီးမီ စစ်ကောင်စီတပ်သားများသည် PDF များရှိသည်ဟု ယူဆသောနေရာများသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်ဟု ဆိုသည်။

ဖမ်းဆီးခံလိုက်ရသော ဒေသခံများနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာ မသိရှိရသေးဟု ဆိုသည်။

ထို့အပြင် မကျီးပင်ရွာဘက်သို့ အင်အားဖြည့်ရန် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၈နာရီခန့်က အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့၏ ကားတစ်စီးသည် မန်ကျီးပင်ရွာနှင့် တစ်မိုင်ခန့်‌အကွာရှိ ရှင်းလင်းတောင်ဘက်တွင် စစ်ကောင်စီတပ်သားများကို လာချသွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

နတ်တလင်းမြို့နယ်အတွင်း တောင်ညိုဆည်အနီးရှိ မကျီးပင်စက်လှေဆိပ်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ အထိုင်ချထားပြီး ရိုးမပေါ်နှင့် တောင်ညိုဆည်နားတစ်ဝိုက်တွင် နေထိုင်လုပ်ကိုင်စားသောက်နေသော ဒေသခံများအား ထိုကဲ့သို့ဖမ်းဆီးမှုများမကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ဒေ သ ခံများ၏ ပြောဆိုချက်အရ သိရသည်။

ထို့အပြင် တောင်ညိုဆည်အတွင်း နေထိုင်သူများ ဆန်၊ ဆီ၊ ဆား၊ ရိက္ခာများ ထွက်ဝယ်ရာတွင်လည်း အကန့်အသတ်ဖြင့်သာ သယ်ယူခွင့် ပေး သည်ဟု ဆိုသည်။

ရိက္ခာအပိုရှိပါက PDF များကို ထောက်ပံံ့မည်စိုးသောကြောင့် ထိုကဲ့သို့ အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပေးခြင်းဖြစ်သည်ဟု ဒေသခံများ၏ အပြောအရ သိရသည်။ mizzima

ကွတ်ခိုင် ပြည်ထောင်စုလမ်းမပေါ်တွင် တိုက်ပွဲဖြစ်

တရုတ် – မြန်မာ ကုန်သွယ်ရာလမ်းဖြစ်တဲ့  ကွတ်ခိုင်ကနေ မူဆယ်ဘက်အထွက် ရှုခင်းသာနားက ပြည်ထောင်စုလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီခန့်ကစပြီး စစ်တပ်နဲ့ ကေအိုင်ကေတို့ တိုက်ပွဲဖြစ်ပွားနေလို့ လမ်းပိတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ လူငယ်တဦးက “ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား။ ရှုခင်းသာနားမှာလေ။ နမ့်တွန်းချောက်လို့ လည်း ခေါ်ကြတယ်။ အဲဒီနားမှာ ဖြစ်တာ”လို့ ပြောပါတယ်။

ဒီမနက် ၁၀ နာရီလောက်ကတည်း တိုက်ပွဲဖြစ်နေတာကြောင့် ခရီးသွားကားတွေ လမ်းမှာ ပိတ်မိ နေလို့ ဆက်သွားလို့ရတော့ဘူးလို့ ‌ပိတ်မိနေသူ ခရီးသွားတဦးက ပြောပါတယ်။

ရှုခင်းသာနားမှာ ကေအိုင်အေနဲ့ စစ်ကောင်စီ မကြာခဏ တိုက်ပွဲဖြစ်လို့ ကားအသွားအလာ ရပ်ထားရတာမျိုး မကြာခဏ ကြုံရတယ်လို့ ကုန် သည် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ဒီမှာ ခဏခဏ ဖြစ်တယ်လေ။ ချလိုက်၊ ဆက်ကြေးကောက်လိုက်။ ဟိုကောင်တွေက လာတွယ်လိုက်။ ပြီးရင် ထွက်သွားလိုက်နဲ့။”  

ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၇ ရက်အထိ KIA တပ်ရင်း ၉ နဲ့ စစ်ကောင်စီ တပ်မ ၉၉ နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက် နဲ့ ၁၅ ရက် နှစ်ရက် ဆက်တိုက် စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။  DVB

« Older Entries