Monthly Archives: Feb 2023

ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ကောင်စီက လိုရာဆွဲယူပြီး အာဏာဆက်လုထားဟု ဥပဒေပညာရှင်များ ဝေဖန်

လူထုဆန္ဒနဲ့အညီ ဖျက်သိမ်းပြီးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က လိုရာဆွဲပြီး နိုင်ငံတော်အာဏာကို ဆက်လက် လုယူနေတယ်လို့ ဥပဒေပညာရှင်တွေနဲ့နိုင်ငံရေးအသိုင်း အဝိုင်းက ပြောကြားလိုက်ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက် တရားမဝင် အာဏာသိမ်းယူခဲ့ပြီး ၂ နှစ်ပြည့်တဲ့အခါမှာလည်း အဲဒီဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာပြန်လည်လွှဲ‌ပြောင်းမပေးဘဲ ဥပဒေကို လိုရာဆွဲပြီး နောက်ထပ် သက် တမ်း ၆ လ ထပ်မံတိုးယူခဲ့တဲ့အပေါ်အခုလို ပြောဆိုကြတာပါ။

ဝါရင့်တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့် “ခြေဥ ပုဒ်မ ၄၂၅ ကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ သူတို့ကလိမ်ဆင်တွေနဲ့ထည့်ပြီး မိတ်ကပ်လုပ်သွားတာ။ သာမန်အားဖြင့် ၆ လ တကြိမ်၊ ၆ လ တကြိမ်အထိ တိုးနိုင်တယ်ဆိုတာက မတိုးလည်း ရတယ်လို့ အဓိပ္ပာယ်ကောက်ယူလို့ရတယ်။ ကိုယ် ကြိုက်သလို လျှောက်ပြောလို့မရဘူး။ ၄၂၅ ကို ဖွင့်ဆိုတဲ့နေရာမှာ နိုင်ငံတကာ လူရိုသေ ရှင်ရိုသေ ပြည်တွင်း ပြည်ပ လေးစားလောက်တဲ့ ဖွင့်ဆိုချက်မျိုးမဟုတ်ဘဲ လိုသလို၊ ထိုင်းနိုင်ငံက ဖွဲ့စည်းပုံအတိုင်းလုပ်သွားတယ်။ မြန်မာပြည်မှာကတော့ စစ်တပ် ခိုင်းတာကို လုပ်ပေးရတဲ့ တ ရားဥပဒေပဲရှိတယ် ဆိုတာ ပိုထင်ရှားတာပေါ့။”  

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိပေမဲ့ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ တင်ပြချက်အရ ရာခိုင်နှုန်းအပြည့် တည်ငြိမ်အေးချမ်းတဲ့ မြို့နယ် ၁၉၈ မြို့နယ်ပဲရှိတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ 

လုံခြုံရေးအလေးထားဆောင်ရွက်ရမယ့် မြို့နယ်က ၆၇ မြို့နယ်ရှိပြီး လုံခြုံရေးထိထိရောက်ရောက်  ဆောင်ရွက်ပေးဖို့လိုတဲ့ မြို့နယ်က ၆၅ မြို့နယ်ရှိတယ်လို့ဆိုပါတယ်။ 

ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ဖို့ နိုင်ငံတည်ငြိမ်ရေး ထပ်မံဆောင်ရွက်ဖို့ လိုအပ်တဲ့အပြင် သာမန်အခြေအနေမျိုးမှာ ရှိမနေတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ ၆ လ တစ်ကြိမ် အနည်းဆုံးထပ်မံတိုးပေးဖို့ စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်ရဲ့ တင်ပြချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဥပဒေနဲ့ ညီညွတ်မှုရှိတယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် စစ်ခေါင်းဆောင်ကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက နောက်ထပ် သက်တမ်း ၆ လတိုးပေးခဲ့တာလို့လည်း စစ်ကောင်စီက ဝါဒဖြန့်ထားပါတယ်။

ဥပဒေကို စစ်ကောင်စီကလိုရာဆွဲပြီး ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာမယ့် အကျပ်အတည်းအားလုံးဟာ နိုင်ငံရေးအရ အကျပ်အတည်းမဟုတ်တော့ဘဲ စစ်တပ်က အာဏာရယူလိုမှုကြောင့် သူ့ဘာသာဖြစ်နေတဲ့ အကျပ်အတည်းလို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက “ဖွဲ့စည်းပုံကိုယ်နှိုက်က တရားတဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး။ စစ်အာဏာရှင်တွေ ဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ။ ဒီမိုကရေစီအင်အားစုတွေကိုလည်း ပါဝင်ဆွေးနွေးလို့မရအောင် သူတို့ဉာဏ်နီဉာဏ်နက်နဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အချိန်ယူပြီးတော့ ဆွဲထားတဲ့ ဖွဲ့စည်းပုံထဲမှာ  အဲဒီလို မြှုပ်ကွက်တွေတော့ အများကြီး။ တကယ့် ဖွဲ့စည်းပုံအင်္ဂါရပ်နဲ့တော့ မညီဘူး။ သူတို့ သက်သက်လုပ်ကြံပြီး လိုသလို လုပ်နိုင်အောင် အကာအရံ အတားအဆီးတွေ မြှုပ်ကွက်တွေ ထည့်ထားတာ။ စစ်တပ်က တလပြီး တလ၊ တနှစ်ပြီး တနှစ် အဲဒီလိုအချိန်ဆွဲနိုင်အောင် လုပ်ခဲ့တဲ့ ဖွဲ့စည်းပုံဟာ တရားသဖြင့် ဖြစ်ရဲ့လား၊ ပြည်သူလူထုဘက်က ရပ်တည်ရဲ့လား၊ စစ်တပ်ဘက်က ရပ်တာလား။ အဲဒီလိုမေးခွန်းတွေတော့ အများကြီးထုတ်စရာ ရှိတာပေါ့။”

အာဏာသိမ်းစစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်နဲ့ သာမန် အခြေအနေအပေါ်မှာ နောက်ထပ်သက်တမ်း ၆ လထပ်မံတိုးသွားလိုက်တာဖြစ်ပြီး အဲဒီသက်တမ်း ပြည့်လို့မှ တိုင်းပြည်တည်ငြိမ်မှု မရှိသေးရင် နောက်ထပ် ၆ လ သက်တမ်း တိုးလို့ရတဲ့ အခြေအနေဖြစ်သွားတယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကပြောပါတယ်။ 

“ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် တည်ငြိမ်တဲ့အနေအထားရှိမှ ကျင်းပပေးနိုင်မှာ။ မတည်ငြိမ်တဲ့ မြို့နယ်တွေရှိလို့ ထပ်ပြီး ၆ လတိုးတယ်ဆိုတဲ့အခါမှာ တိုးလိုက်တဲ့ အကြောင်းရင်းသည် မတည်ငြိမ်ပါဘူးလို့ ပြတဲ့ မြို့နယ် ၆၅ ရှိမှာလား၊ ၈၅ ရှိမှာလား၊ အဲဒီမြို့နယ်တွေကို ဖိဖိစီးစီးလုပ်ရမယ့်တာဝန် ပါလာတာပေါ့။ အဲဒီအခါမှာ သူ့ရဲ့အစိုးရအဖွဲ့ အပြောင်းအလဲနဲ့ ၊ SAC အပြောင်းအလဲရှိရင် ပိုသိနိုင်တယ်။”

၆ လ သက်တမ်းထပ်မံတိုးယူလိုက်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ သူ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဒုတိယဝန်ကြီးချုပ် ၅ ဦးအထိ တိုးချဲ့ခန့်အပ်ပြီး ပြင်ဆင်ဖွဲ့စည်းတာ စစ်ကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့ကို ပြင်ဆင်ဖွဲ့ စည်းတာနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြောင်းလဲခန့်အပ်တာတွေကိုလုပ်ဆောင်ခဲ့ပါ တယ်။

အာဏာသိမ်းစစ်ကောင်စီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောဆိုပေမယ့် လူထုကရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းလိုက်ပြီလို့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့က ကြေညာခဲ့ပြီးဖြစ်ပါတယ်။ DVB

အသံတိတ် သပိတ်နေ့တွင် မြင်းမူမြို့ပေါ် ရဲစ ခန်းကို PDF တပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြင်းမြို့မရဲစခန်းကို PDF တပ်များက ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ်နေ့တွင် ဝင်ရောက် တိုက် ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F ထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ စတင်၍ မြင်းမူမြို့ ရဲစခန်းကို Moe Nyo Revolution Force M.N.R.F နှင့် ပူးပေါင်းမ ဟာမိတ် ညီနောင်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ပြီး ကာကွယ် ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှု မရှိကြောင်း၊ စစ်တပ်နှင့်ရဲဘက်မှ သေဆုံးထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း တော်လှန် ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Force M.N.R.F ၊ Local Defense Force Brotherhood Of Dragon နှင့် ကျောက်ဆည်နဂါးနီ ပြည်သူ့ကာကွယ်ရေးတပ် ညီနောင် ၃ဖွဲ့က ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ khit thit

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေဒီရှူးကမ်ပိန်း အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကျော်သာရရှိထား

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုဗယ်ဆုသွားယူရာ ဥရောပခရီးစဉ် တစ်လျှောက်စီးခဲ့သည့် လေဒီရှူးကို ကံစမ်းမဲအထူးဆုအဖြစ် “နွေဦးအောင်လံ” Campaign ရဲ့ သတ်မှတ်ထားသည့်ရက်တွင် Federal Wings အဖွဲ့က မဲဖောက်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ခဲ့သည့် ဒေါက်ဖိနပ်ကို မဲဖောက်ပေးပြီး Drone ဝယ်ယူရေး ရန်ပုံငွေရှာဖွေရာတွင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကျော်သာရရှိထားပြီး ကမ်ပိန်းရဲ့ သတ်မှတ်ချက်ဖြစ်သည့် ဒေါ်လာတစ်သိန်းပြည့်ဖို့ လိုအပ်နေသေးတယ်လို့ နွေဦးအောင်လံ ကမ်ပိန်းရဲ့ တာဝန်ရှိသူက ပြောသည်။

“အမတ်ို့က စကားဝိုင်းလေးလုပ်တယ်၊ အဲ့မှာ လူတွေက စသိပြီး လှူကြတာ။ ပြီးတော့ ဗိုလ််ကြီးညီသုတကလည်း သူ့ရဲ့ပေ့မှာ တင်ထားပေးတယ်” ဟု Campaing တာဝန်ရှိသူက ပြောသည်။

ဒါ့အပြင် ပြီးခဲ့သည့် ကော့ကရိတ်တိုက်ပွဲမှာလည်း ဒရုန်းစစ်ဆင်ရေးတွေ အောင်မြင်တာကြောင့် ဒီကမ်ပိန်းဟာ လူသိများလာတယ်လို့ ဆက် လက်ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ခဲ့သည့် ဒေါက်ဖိနပ်ကို အလှူရှင်တစ်ဦးမှ federal wings ကို လှူတာဖြစ်ပြီး ယခင်က ယခုလို ကမ်ပိန်းမျိုး လုပ်ဆောင်ဘူးခြင်းမရှိဘဲ ယခုမှပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“နွေဦးအောင်လံလွှင့်တင်ဖို့ Federal Drone တွေဝဲပျံစို့” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ တစ်လကြာသတ်မှတ်ထားပေမယ့် တစ်ပတ်တိုးလိုက်ပြီး လာမည့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ မဲရောင်းချခြင်း ပိတ်မည်ဟု ဆိုသည်။

တစ်ပတ်ထပ်တိုးရခြင်းနှင့် ပတ်သတ်ပြီး နွေဦးအောင်လံ ကမ်ပိန်းရဲ့ တာဝန်ရှိသူပြောတာက” အလှူငွေ Target ပြည့်စေချင်လို့ပါ၊ နောက်လှူတဲ့သူတွေလည်း အခုနောက်ပိုင်းမှ campaign အကြောင်းသိပြီး လာလှူနေကြတာမို့ပါ” ဟု ပြောသည်။

ရန်ပုံငွေလှုပ်ရှားမှု၌ အမေရိကန် တစ်ဒေါ်လာဖိုးကို ပွိုင့်တစ်ခုအဖြစ် သတ်မှတ်ပြီး ပွိုင့် ၅၀ ဖိုး အထက် ဝယ်ယူလှူဒါန်းသူတိုင်းကို ကံစမ်းမဲ တစ်စောင် ပေးသွားမည်ဖြစ်သည်။

ကမ်ပိန်းကိုတော့ ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် ပိတ်မည်ဖြစ်ပြီး နောက်ပိုင်း၌ lucky draw များ ထုတ်ဝေပေးသွားမှာဖြစ်ပြီး နောက်ပိုင်းရက်များတွင် လှူမည့် အလှူရှင်များ အတွက် ကံစမ်းမဲတွေ မပါဝင်တော့ဘဲ ဂုဏ်ပြုမှတ်တမ်းသာ ထုတ်ပေးမှာဖြစ်တယ်လို့ဆိုသည်။

Federal Wings အဖွဲ့သည် မြေပြင်၌ တိုက်ပွဲဝင်နေသကဲ့သို့ ကယား (ကရင်နီ) ဘက်သို့လည်း ဒရုန်းနည်းပညာများကူညီထားသည့်အပြင် တစ် နိုင်ငံလုံးရှိ ဒရုန်းလိုအပ်သည့်နေရာများသို့လည်း အကူအညီများဆက်ပေးသွားရန်ရှိကြောင်း သိရသည်။

စစ်ဘက်သုံး ဒရုန်းတစ်စီး၏ ကုန်ကျငွေသည့် အမေရိကန်ဒေါ်လာ တစ်သောင်းဝန်းကျင်ရှိပြီး လိုအပ်သည့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုပေးပို့နိုင်ရန် ပြည်သူလူထု၏ ကူညီထည့်ဝင်ငွေများအပေါ် မူတည်နေကြောင်းလည်း ၎င်းကပြောသည်။

ကံစမ်းမဲအစီအစဉ်၌ အထူးဆုအပြင် ပထမဆု ၃၅ သိန်းတန် ခရမ်းဆွဲ လည်ဆွဲ၊ ဒုတိယဆု ကျပ်သိန်း ၂၀ ခန့်တန် တစ်ကျပ်သား ရွှေဆွဲကြိုး ၊ တ တိယဆု ၁၅ သိန်းတန် မြလော့ကက်၊ စတုတ္ထဆု ၁၁ သိန်းတန် ခရမ်းဆွဲ လက်စွပ် အစရှိသည့် ရတနာပစ္စည်းများကိုလည်း မဲဖောက်ပေးသွားမည်ဖြစ်သည်။

ပြည်သူတွေအနေနဲ့လည်း လှူဒါန်းပြီး မဲလက်မှတ်တွေ ဝယ်ယူလိုပါက “နွေဦးအောင်လံ” ဖေ့ဘုတ်ပေ့ နှင့် Federal Wings ဖေ့ဘုတ်ပေ့ကို ဆက် သွယ်လှူဒါန်းနိုင်သလို Campaing ကိုလည်း ဝန်းရံပေးကြဖို့ အဆိုပါလှုပ်ရှားမှု၏ တာဝန်ရှိသူတစ်ဦးက မေတ္တာရပ်ခံထားသည်။ mizzima

အိန္ဒုရဲစခန်းမှ ရဲတပ်သား ၁ ဦး အာဏာဖီဆန် CDM ပြုလုပ်အလင်းဝင်

ကရင်ပြည်နယ်အခြေစိုက်၊ အိန္ဒုနယ်မြေရဲစခန်းက ရဲလုပ်သက် ၆ နှစ် ရှိတဲ့ ရဲတပ်သားတယောက်ဟာ  စစ်ကောင်စီကို အာဏာဖီဆန် CDM ပြုလုပ်ပြီး   Justice soldier PDF (ကျားဖြူတပ်ခွဲ(၅) ဆီ အလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

Justice soldier PDF အဖွဲ့ကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် တပ်ဖွဲ့ဝင်သစ်အဖြစ် ကြိုဆိုခဲ့ကြတဲ့ ဓာတ်ပုံတွေကို မျှဝေထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Non CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ထားခဲ့ပြီးနောက် အလင်းဝင်လာသူ များစွာရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုက် Non CDM တွေကို CDM လုပ်ဖို့အတွက် နှိုးဆော်ထားပြီး မလိုက်နာဘူးဆိုရင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်မယ်လို့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပြောထားခဲ့တာပါ။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေ အပါအဝင် ပြည်သူ့ ဘက်တော်သား ဝန်ထမ်းတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပြီး စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက်ကတော့ သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို  NUG  က တိုက်တွန်း နှိုးဆော်ထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) စတဲ့ အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်း ကြိုဆိုနေကြပါတယ်။ DVB

ဂျပန်နိုင်ငံ လွှတ်တော်တွင် မြန်မာ့အရေး ကြားနာပွဲ ပြုလုပ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကိုယ်တိုင်တက်ရောက်

ဂျပန်နိုင်ငံလွှတ်တော် အဆောက်အဦးအတွင်း မြန်မာ့အရေး ကြားနာပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး​ပြီး ထိုကြားနာပွဲကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို လွှတ်တော်အမတ်များ၊ ဂျပန်သတင်းဌာနများ၊ မြန်မာ့အရေး အားပေးထောက်ခံသူ ဂျပန်လူမျိုး အသိပညာရှင် အ တတ် ပညာရှင်များနှင့် ဂျပန်ရောက် နွေဦးတော်လှန်ရေးအင်အားစုများမှ တက်ရောက်ကာ ၂ နှစ်တာကာလ မြန်မာနိုင်ငံ​၏ အခြေအနေများကို ရှင်းလင်းကာ စစ်ကောင်စီ​၏ တရားမဝင်မှုကို ပြသခဲ့ကြောင်း၊ မြန်မာ့အရေးကို ဂျပန်အစိုးရအနေဖြင့် ဖိအားပေးဆောင်ရွက်နိုင်ရန်အတွက် ဂျပန်အထက်၊ အောက်လွှတ်တော် အမတ် ၅၆ ဦးမှ လက်မှတ်ရေးထိုးတောင်းဆိုထားသော တောင်းဆိုလွှာနှင့် မြန်မာ-ဂျပန်လူမျိုးများ​၏ လက် မှတ်ရေးထိုးတောင်းဆိုထားသော လက်မှတ်များအပြင် ဂျပန်ရောက် မြန်မာလူမျိုးများကို ကိုယ်စားပြုသော သဘောထားထုတ်ပြန်ချက် အသီးသီးကို ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးထံသို့ ပေးအပ်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်း ကြားနာပွဲကို ဂျပန်ရောက် မြန်မာလူမျိုးများ၏ ဝန်းရံကူညီမှုဖြင့် မြန်မာ့ ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသော လွှတ်တော်အမတ်များ သမဂ္ဂနှင့်အတူ NUG Japan ကိုယ်စားလှယ်ရုံးခန်းမှ ဦးဆောင်ကာ ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။khit thit

ရွှေဘိုမြို့နယ် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကြောင်း Black Wolf – Army က ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ထုတ်ပြန်သည်။

ယမန်နေ့ နေ့လယ် ၁နာရီအချိန်တွင် ဘုန်းဘွဲ့ ကျေးရွာအနီး စစ်ကောင်စီတပ် အင်အား ၂၀ခန့်နှင့် ထိပ်တိုက်ထိတွေ့တိုက်ပွဲအတွင်း ၎င်းတို့၏ တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ ထိတွေ့တိုက်ပွဲအတွင်းမှာ လက်နက်ကျည်ကြောင့် တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ရတာပါ” ဟု Black Wolf – Army ပြန်ကြားရေး ကိုခွန်လေး က မဇ္စျိမ ကိုပြောသည်။

မိနစ် ၃၀ကျော်ခန့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ရဲဘော် ပိုင်ကြီး (တပ်စုမှူး) ၊ ရဲဘော်ခန့်သီဟ (Fundrising and Photographer) ၊ နှင့် ရဲဘော် စိုးဝင်း တို့ ကျဆုံးခဲ့ရကြောင်း ဆိုသည်။

တိုက်ပွဲအတွင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရသကဲ့သို့ စစ်ကောင်စီတပ်မှ သေဆုံး ဒဏ်ရာရရှိမှုများ ရှိနိုင်သော်လည်း အရေအတွက်နှင့် အသေးစိတ်အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိကြောင်းသိရသည်။

တိုက်ပွဲအတွင်း ထူးချွန်ပြောင်မြောက် ရဲရင့်စွာ တိုက်ခိုက်ရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသည့်အတွက် Black Wolf – Army အဖွဲ့သားများမှ အထူးပင် ဝမ်းနည်းမိကြောင်း ဖော်ပြထားသည်။

မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသော ရဲဘော်များကိုယ်စား စစ်ကောင်စီတပ်နှင့် ဒေါက်တိုင်မှန်သမျှကို လက်စားချေ တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ပြန်ကြားရေး တာဝန်ရှိသူမှ ဆက်လက်ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ရက်နေ့ကလည်း ဟန်လင်း (ပျူမြို့ဟောင်း) အတွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် ကံကြီးတောရွာရှိ ပြည် သူပိုင်နေအိမ်နှင့် စပါးများအား မီးရှို့နေစဉ် Black Wolf – Army နှင့် Who Am I အဖွဲ့မှ အနီးကပ်ချုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။mizzima

ရခိုင်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနေရာ၌ ဗိုလ်မှူးကြီးထိန်လင်းကို စစ်ကောင်စီက အစားထိုးခန့်

စစ်ကောင်စီဩဇာခံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနေရာမှာ အရင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးထိန်လင်းကို အစားထိုး ခန့်အပ်လိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီက အသစ်ထပ်ခန့်အပ်ခဲ့တဲ့ တခြားရခိုင်ပြည်နယ်ဝန်ကြီးတွေ နေရာအပြောင်းအလဲကိုတော့ မသိရသေးဘူးလို့ စစ်ကောင်စီခန့် အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဗိုလ်မှူးကြီးထိန်လင်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဖေဖော်ဝါရီ ၁ ရက် နေ့စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီးထိန်လင်းဟာ အရင်က ဘူးသီးတောင်မြို့နယ်မှာ ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် (လုံနယ်ဝန်ကြီး) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ လက်ရှိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာတာပါ။

စစ်ပွဲတွေ မကြာခဏ ပြင်းထန်ဖြစ်ပွားလေ့ရှိတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားဝန်ကြီးချုပ် အစား စစ်ဘက်ကလာတဲ့ အရာရှိကို ပြောင်းလဲခန့်အပ် တာဝန်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်ကျော်မင်းကတော့ စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာပြီး အရင် စစ်ကောင်စီဝင် ဒေါ်အေးနုစိန်ကိုတော့ စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး နိုင်ငံ့အာဏာကို တရားမဝင်လုယူထားတဲ့ စစ်ကောင်စီဟာ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးရဲ့ ထောက်ခံချက်နဲ့ ဥပဒေလက်တလုံးခြားလုပ်ပြီး နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။DVB

မြစ်ကြီးနားမြို့ရှိ အမှတ် ၃၀ ရဲတပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်မှု ဖြစ်၊ မိုးညိုတွင် စစ်တပ်ဆန့်ကျင်ရေး ပိုစတာ လာဖြုတ်သည့် စစ် ကြောင်း မိုင်းဆွဲခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ အမှတ် ၃၀ ရဲတပ်ရင်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် မြစ်ကြီးနားမြို့ အကျဉ်းထောင် အနီးရှိ အမှတ် ၃၀ ရဲတပ်ရင်းထဲသို့ လက်နက်ကြီးဖြင့် ၃ လုံး ပစ် ခတ်တိုက်ခိုက် မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးကြောင်း‌ ဒေသပြည်သူတစ်ဦးက ဆိုသည်။

“ရဲတပ်ရင်း ၃၀ က စစ်တပ်လိုပဲ ဘန်ကာတွေအထပ်ထပ် ကတုတ်ကျင်းတွေ အထပ်ထပ်ရှိပြီး လုံခြုံရေးတင်းကျပ်တယ်။ ပေါက်ကွဲသံ ၃ ချက်ကြားရတယ်။ အဲဒီရဲတပ်ရင်း ၃၀ က တပ်ဖွဲ့တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ဖူးတယ်” ဟု ဒေသပြည်သူက ပြေ ာဆိုသည်။

အလားတူ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်း၊ သာယာ ဝတီ ခရိုင်၊ မိုးညိုမြိုနယ် ဆုံကုန်းကျေးရွာအုပ်စုအနီး ကားလမ်းဘေး ၌ “၂၀၂၃ ရွေးကောက်ပွဲ လုံးဝလက်မခံ စစ်အာဏာရှင်အလိုမရှိ မင်းအောင်လှိုင်မအေ -ိုး” ဟူ‌သောစာသား ချိတ်ဆွဲထားသည့်ဗီနိုင်းကို လာဖြုတ်သည့် စစ်ကောင်စီ တပ် ကို မိုင်းဆွဲတိုက်ခိုက်ကြောင်း မိုးညိုမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ ထံ မှ သိရှိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် မြေပြင်သတင်းရင်းမြစ်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခြင်း ရှိ၊ မရှိကိုမူ အတည် ပြုနိုင်ခြင်း မရှိကြောင်း၊ တော်လှန်ရေးတပ်ဖွဲဝင်များမှာ အထိအခိုက်မရှိ အောင် မြင် စွာဆုတ်ခွာနိုင်ခဲ့ကြောင်း မိုးညို မြို့နယ် ပြည် သူ့ကာကွယ် ရေးတပ် ဖွဲ့ ၏ အဆိုအရ သိရှိရသည်။khit thit

« Older Entries