Monthly Archives: Feb 2023

မောင်တော နခခ-၅ မှ ထွက်ပြေးသွားသည့် စစ်သား ၁ ဦး စစ်တွေတွင် ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၅ ကနေ ဇန်နဝါရီ ၃၁ ရက်က ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်သားတဦး ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီကျော်လောက်က စစ်တွေမြို့ ပြည်တော်ရပ်ကွက် ခိုင်သဇင်ပန်းခြံအနီးရှိ ချောင်းထဲဆင်းပြေးစဥ် စစ်သားတွေနဲ့ ရဲတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ရဲအရာရှိတဦးက အတည်ပြုပြောပါတယ်။

“သူက မနေ့ကတည်းက နခခ-၅ ကနေ ထွက်ပြေးသွားတာ။ သူ့ဓာတ်ပုံကို မောင်တောနဲ့ စစ်တွေ ပြေးဆွဲနေတဲ့ ကားတွေကို အားလုံးလိုက်ဖြန့်ပြီးသား။ စစ်တွေ ရေချမ်းပြင်ရဲစခန်းက သူ စစ်တွေကိုတက်သွားတာကို တွေ့လိုက်ပြီး ခြေရာခံလိုက်နေကြတာ။ ခိုင်သဇင်ပန်းခြံနားက ချောင်းထဲကို ဆင်းပြီး ပုန်းနေတာကို ဝိုင်းဖမ်းခဲ့ကြတာ။”

နခခ-၅ မှ ထွက်ပြေးသွားသူမှာ တပ်သားငြိမ်းချမ်းဖြစ်ပြီး  ဖမ်းဆီးခံရပြီးနောက်သူ့ကို စစ်ကားပေါ်တင်ခေါ်သွားပြီး လက်ရှိ ဘယ်မှာရောက်နေတယ် ဘာလို အရေးယူခံရမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

“ရဲသားနဲ့ စစ်သား ၃၀ လောက်ရှိတယ်။ အနီးကပ်လည်း သွားမကြည့်ဝံ့ဘူး။ အဝေးက မြင်လိုက်တာ။ အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်းဗျ။ အမျိုးသားတဦးပါ။ ဘောင်းဘီနဲ့ တီရှပ်ဝတ်ထားတယ်။ သူက ခိုင်သဇင်ပန်းခြံအနီးက တံတားအောက်နား ပုန်းနေတာကို စစ်ကောင်စီတပ်သားတွေ ရှာတွေ့သွားတာ။ စစ်ကားပေါ် ဖမ်းတင်ခေါ်သွားတယ်” လို့ အနီးရှိ မျက်မြင် စစ်တွေဒေသခံက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သား ငြိမ်းချမ်းလက်ထဲမှာ စစ်ကောင်စီအတွက် အလွန်အရေးကြီး စာရွက်စာတမ်းတခုခု ဒါမှမဟုတ် လက်နက်တခုခု ယူဆောင်သွားတဲ့အတွက် အခုလို အသဲအသန် လိုက်ရှာဖမ်းဆီးတာဖြစ်နိုင်ကြောင်း ရခိုင် စစ်ရေး နိုင်ငံရေး လေ့လာသူတဦးက ထင်မြင်ချက်ပေးပါတယ်။

“သူ့ဆီမှာ မောင်တောဒေသအတွက် အရေးကြီးတဲ့ စစ်ရေးအချက်အလက် စာရွက်စာတမ်း ဖြစ်ဖြစ်၊ မြေပုံတွေဖြစ်ဖြစ်၊ လက်နက်တခုခုဖြစ် ဖြစ် ပါသွားတာဖြစ်နိုင်တယ်။ ဒါကြောင့် သူ့ကို ပိတ်ဆို့ရှာဖွေကြတာပေါ့။”

ဇန်နဝါရီ ၁၆ ရက် ညကလည်း မြောက်ဦးမြို့အခြေစိုက် ၅၄၀ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်တွေနဲ့ ထွက်ပြေးသွားခဲ့သလို မြောက်ဦးအခြေစိုက် ၃၇၈ တပ်ရင်းမှ တပ်ကြပ်ကျော်သန့်စင်ဟာ တပ်တွင်းမှာ အရာရှိစစ်ဗိုလ် ၃ ဦးနဲ့ စကားများ ရန်ဖြစ်ပြီး ထွက်ပြေးသွားခဲ့တာရှိတယ်လို့ ဒေသတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အလွတ်သဘော အပစ်အခတ် ရပ်စဲထားကြပေမဲ့ စစ်ကောင်စီတပ်အတွင်း ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေသလို အထက်အရာရှိတွေရဲ့ ဖိနှိပ်မှုတွေကြောင့် အခုလို တပ်ပြေးတွေ တရက်တရက် များလာနေကြောင်း ရခိုင် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ခိုင်သုခကတော့ ပဥ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီတပ်သားအရေအတွက် ရာနဲ့ချီပြီး အေအေဘက် ခိုလှုံလာနေတာရှိနေကြောင်း ပြောထားပါတယ်။ DVB

မိုးညှင်းမြို့မအလယ်တန်းကျောင်းဝင်းအတွင်း ဗုံး ၂ လုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မြို့မအလယ်တန်းကျောင်းဝင်းအတွင်းမှာ ဖေဖော်ဝါရီ ၁ ရက် မနက်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းတာ ၂ နှစ်ပြည့် တိတ်ဆိတ်ခြင်းသပိတ် ပြုလုပ်တဲ့နေ့မှာ မြို့မ အလယ်တန်းကျောင်းဝန်းအတွင်း ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်က  လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတဦးက “ဒီနေ့က စစ်တပ်အာဏာသိမ်းတဲ့နေ့ တမြို့လုံးကလည်း တိတ်ဆိတ်ခြင်းသပိတ်လုပ်ဖို့ စိတ်အားထက်သန်နေကြတယ်။ အတော်များများက အိမ်မှာပဲနေကြတာ။ အဲဒါ အလယ်တန်းကျောင်းမှာ ဗုံးနှစ်လုံးကွဲတယ်။ ပြည်သူတွေ အတော်များများက နေအိမ်အပြင် မထွက်ကြဘူး။ ဘယ်သူခွဲလဲတော့ ကျနော်မသိဘူး။ ဗုံးပေါက်ပြီး လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေတာပဲ” လို့ ပြောပါတယ်။

မြို့မအလယ်တန်းကျောင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထန်းတပင် ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

မိုးညှင်းမြို့မအလယ်တန်းကျောင်းမှာ ဗုံးနှစ်လုံးပေါက်ကွဲတာဟာ စစ်ကောင်စီက လုပ်ဆောင်တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ အရပ်သားပြည်သူတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး ဖောက်ခွဲမှုကိုလည်း ပြင်း ပြင်းထန်ထန် ရှုတ်ချကြောင်း Mohnyin Revolution Force က ထုတ်ပြန်ထားပါတယ်။ DVB

စစ်ကောင်စီတပ်က မိုးကုတ်မြို့တွင် မီးဖြတ်ပြီး ကျပ်သိန်း ၄၀၀ တောင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက ရေပူရပ်ကွက်နဲ့ သဖန်းပင်ရပ်ကွက်ကို ဇန်နဝါရီ ၂၆ ရက်ကစပြီး စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်ထားကာ ကျေးရွာတရွာကို ကျပ် သိန်း ၄၀၀ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရပ်ကွက်နှစ်ခုက လျှပ်စစ်မီတာခ မဆောင်တာကြောင့် အခုလို မီးဖြတ်ထားတာဖြစ်ပြီး ကျပ် သိန်း ၄၀၀ ပေးဆောင်ပြီးမှသာ လျှပ်စစ်မီးပြန်လည်ရရှိမှာ ဖြစ်တယ်လို့ ရေပူရပ်ကွက် နေထိုင်သူတဦးက ပြောပါတယ်။

အခုလို ပေးဆောင်ရမယ့် လျှပ်စစ်မီတာခက များလွန်းတဲ့အပြင် နေအိမ်တွေမှာ မီတာလိုက်လံဖတ်တာမျိုးမရှိဘဲ လူမနေတဲ့ အိမ်တွေလည်း မီတာခ ၃ သိန်းလောက် ပေးနေရကာ မီတာခတွေက အဆမတန် တောင်းနေတဲ့အတွက် ပေးဖို့မရှိဘူးလို့ ဆိုပါတယ်။

အဲဒီရပ်ကွက်တွေမှာ ရပ်ကွက်တခုကို အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း အိမ်တအိမ်ကို မီတာခ ၃ သိန်းလောက် လာရောက်တောင်းခံခဲ့သလို အခုကတော့ ဒုတိယတကြိမ်ဖြစ်ကာ မီတာခလာတောင်းတဲ့ အခါတွေမှာလည်း အီးပီစီဝန်ထမ်းတွေအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတောင်းခံတဲ့ငွေကြေးက များလွန်းတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက ပေးဆောင်ဖို့ အဆင်မပြေဘူးလို့လည်း သိရပါတယ်။ DVB

တရက်တည်း ကိုဗစ်အတည်ပြုလူနာသစ် ၃ ဦး ထပ်မံတွေ့ရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃ ယောက် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက် အောက် ခံ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက် ညပိုင်း မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၄,၃၀၇ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၃ ယောက်တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၀၇ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၉၀ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၃,၈၃၆ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၁၄,၃၀၆ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်ထိ ဝန်းကျင်နဲ့သာ ထုတ်ပြန်နေတာကို တွေ့ရပြီး သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေ ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့  ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီး တယ်လို့ တိုက်တွန်းထားပါတယ်။ DVB

၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၂၉၄၈ ဦးကို သတ်ဖြတ်၊ ၁၇၆၀၀ ကျော်ဖမ်းဆီးခံခဲ့ရဟု အေအေပီပီပြော

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်တာအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၉၄၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၆၀၄ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၇၉၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၃၀၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၇၈၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှာ နေထိုင်တဲ့ အရပ်သားတယောက်ဖြစ်သူ မစိုးရတနာဦးကို လူမှုကွန်ရက်စာမျက်နှာမှာ အသံတိတ်သပိတ်နဲ့ပတ်သက်ပြီးတော့ ရေးသားတယ်လို့ စွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်မှာ ဖမ်းဆီးကာ နောက်တရက်မှာ ဇဗ္ဗူသီရိမြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ အရပ်သားတယောက်ဖြစ်သူ ဦးလှအောင်ဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုကို သူ့ ရဲ့ နေအိမ်ရှေ့ထွက်ကာ ဓာတ်ပုံရိုက်နေချိန် အကြမ်းဖက်စစ်အုပ်စု လှည့်ကင်းရဲတွေနဲ့တွေ့ပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

တော်လှန်ရေးပြင်းထန်နေသည့် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီဟာ ပြည်နယ်နဲ့တိုင်းတချို့က တော်လှန်ရေးပြင်းထန်နေတဲ့ မြို့နယ် ၃၇ မြို့နယ်ကို ဒီနေ့ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာ​လိုက်ပါတယ်။

တနင်္သာရီတိုင်းက ပုလောနဲ့ တနင်္သာရီမြို့နယ်၊ ပဲခူးတိုင်းက ထန်းတပင်၊ အုတ်ဖို၊ နတ္တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်၊ မွန်ပြည်နယ်က ရေးမြို့နယ်၊ ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်၊ ကယား(ကရင်နီပြည်)က ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘော်လခဲမြို့နယ်၊ မကွေးတိုင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်းက အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်၊ ချင်းပြည်နယ်က တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တို့ ဖြစ်ပါတယ်။

ဒါကြောင့် ချင်းတပြည်နယ်လုံးနီးပါးကို စစ်အုပ်ချုပ်ရေးကြေညာတာဖြစ်ပြီး စစ်ကိုင်းတိုင်းမှာတော့ မြို့အများဆုံး ကြောညာထားတာပါ။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ် ကော်မတီဝင်တယောက်က “လူထုသပိတ်တွေရော လက်နက်ကိုင်တွေရော ရှိနေသမျှကာလပတ် လုံး စစ်ကောင်စီက လုံးဝအုပ်ချုပ်ခွင့် မရစေရဘူးလို့ ပြောချင်တယ်ဗျ” လို့ ပြောပါတယ်။

စစ်တိုင်းမှူးတွေကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးအာဏာပေးလိုက်တာဖြစ်ပြီး စစ်နယ်မြေမှူးတွေကို လည်း တာဝန်လွှဲပေးနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံ့အာဏာကို တရားမဝင်လုယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုကတော့ ပြီးခဲ့တဲ့  ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးရဲ့ ထောက်ခံချက်နဲ့ နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပြီး တရားမဝင် ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ အတင်းအကြပ် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ အချိန် ၂ နှစ် ပြည့်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း လက်ရှိအချိန်တိုင်အောင် လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသ ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။DVB

ကော့သောင်းတွင် စစ်ကားနှင့် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ၊ ကျွန်းစု၌ ဒေသခံများအား စစ်တပ်က ခြိမ်းခြောက်ငွေညှစ်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုကျေးရွာအနီး အာရှလမ်းမပေါ်မှာ ဇန်နဝါရီ ၃၁ ရက် ညနေ ၅ နာရီခွဲက ဘုတ်ပြင်းမြို့မှာ လစာနဲ့ရိက္ခာထုတ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရင်း ၅၅၅ ယာဉ်ကို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်း ၅ လုံးနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ၁၅ မိနစ်လောက်ကြာပြီး စစ်ကောင်စီဘက်က တပ်ရင်းဗိုလ်ကြီးတဦးနဲ့ တပ်သားတဦး သေဆုံးကာ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒေသခံတဦးက “မနေ့က စစ်ကောင်စီကား မိုင်းဆွဲခံရတယ်။ စစ်ကောင်စီဘက်က အထိအခိုက်တော့ ရှိတယ်။ ကျနော်တို့လည်း PDF ရဲ့ လုပ်ရပ်တွေကို အားပေးတာပေါ့” လို့ ပြောပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်ရာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက် မရှိဘူးလို့လည်း သိရပါတယ်။

ဘုတ်ပြင်းမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဉ်တန်းတွေနောက် ကပ်မလိုက်ဖို့နဲ့ စစ်ကောင်စီတပ်သားတွေဝင်လာရင် ဘေးလွတ်ရာနေဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မာရမ်းကျေးရွာမှာလည်း ဖေဖော်ဝါရီ ၁ ရက် မနက် ၆ နာရီလောက်က ပျူစောထီးအဖွဲ့ ဒုတိယခေါင်းဆောင် နေအိမ်မှာရှိနေစဥ် သွားရောက် ပစ်ခတ်ခဲ့ပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အသက် ၅၀ ခန့်ရှိတဲ့ ပျူစောထီးအဖွဲ့ ဒုခေါင်းဆောင်ဆိုသူ ဦးဆန်းတင်ဟာ ပစ်ခတ်ခံရတဲ့ နေရာမှာပဲ သေဆုံးသွားပြီး သူ့ထံကနေ M16 A1 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဆန် ၂၈ တောင့်နဲ့ ဓားမြောင် ၃ လက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ဦးဆန်းတင်ဟာ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးခေါင်းဆောင်တဦး ဖြစ်ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ပြန်လည်ခုခံ ပစ်ခတ်တာတော့ မရှိခဲ့ဘူးလို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီနေ့ ​မနက် ၁၁ နာရီခွဲလောက်မှာတော့ ခမောက်ကြီးမြို့ဘက်ကနေ မိုင် ၃၀ လောက် ဝေးတဲ့ မာရမ်းကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ လောက်က စစ်ကား ၂ စီးနဲ့ ထွက်လာစဥ် ဆိပ်ဖူးကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၅ ရက်ကလည်း ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တာခံခဲ့ရပြီး ဆေးရုံတင်ပို့ခဲ့ရပါသေးတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအနီးရှိ သဘာ၀ ဂျင်းကုန်းမှာ ဂျင်းခရုလာကောက်တဲ့ ဒေသခံ ရေလုပ်သားတွေကို စစ်ကောင်စီ တပ်သားတွေက လက်နက်ပြ ခြိမ်းခြောက်ပြီး ဒေသခံစက်လှေ ၁ စီး ငွေကျပ် ၅ဝ,ဝဝဝ ကောက်ယူနေတယ်လို့ ဒေသခံ ရေလုပ်သားတွေဆီက သိရပါတယ်။

လက်ရှိမှာ ကျွန်းစုမြို့ ရေကန်တောင်ကျေးရွာမှာရှိတဲ့ သဘာဝ ဂျင်းကုန်းတွေမှာ အခုလာမယ့် ဖေဖော်ဝါရီ ၃ ရက်ကစပြီး ဘယ်ကျေးရွာကမဆို လာရောက်ကောက်ယူမယ့် ဒေသခံ ရေလုပ်သားတွေအနေနဲ့ လှေတစီးကို ငွေကျပ် ၅၀,၀၀၀ ပေးနိုင်မှ ကောက်ယူခွင့်ပြုမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားကြောင်း ဒေသခံတဦးက ဆိုပါတယ်။

“ဂျင်းကုန်းက ၃ ရက်နေ့မှာ စပြီးကောက်ရမယ်။ အရင်တုန်းက အနီးနား ရွာတွေကနေ ဒီ ဂျင်းကုန်းမှာ လာရောက်နေကြတာပဲ။ အခု စစ်တပ်က လှေကြီး ၁ စင်း၊ လှေငယ် ၁ စင်းနဲ့ ဂျင်းကုန်းမှာ လာစောင့်နေကြတယ်။ လာကောက်မယ့် စက်လှေတွေကိုလည်း သူတို့က ငွေ ၅၀,၀၀၀ ပေးရမယ်တဲ့။ တကယ်ဆို ဒီဂျင်းကုန်းက အများပိုင်တဲ့ဂျင်းကုန်းပါ။ အရင်တည်းက ဒီရေကန်တောင်ရွာကရော အနီးနားက ရွာတွေပါ အားလုံးလာကောက်နေကြတာပဲလေ။”

ဒါ့အပြင် လာရောက်ကောက်ယူတဲ့ စက်လှေတွေကိုလည်း ကောက်ယူရရှိတဲ့ ဂျင်းခရုတွေကို တခြားဒေသတွေမှာ ရောင်းချခြင်းမပြုဘဲ ရေ ကန် တောင်ကျေးရွာမှာပဲ ရောင်းချရမယ်လို့‌လည်း စစ်တပ်က ထပ်မံထုတ်ပြန်ထားတာကြောင့် ဒေသခံတွေအနေနဲ့ စျေးကောင်းရတဲ့နေရာတွေ ရောင်းခွင့်မရဘဲ အခက်အခဲ ဖြစ်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဂျင်းခရုတွေကို ရေကန်တောင်ရွာမှာပဲ ရောင်းချရမယ်ဆိုတာ မဖြစ်သင့်ဘူးလေ။ အရင်တည်းက ဒီမှာလာကောက်ပြီးရင် တခြားရွာတွေ၊ မြို့တွေမှာ ပြန်ရောင်းကြတာပါ။ ခုက လာကောက်တဲ့လူတွေက ရောင်းချင်တဲ့နေရာမှာ မရောင်းရတော့ အဆင်မပြေနိုင်ဘူးလေ” လို့ ဂျင်းကောက်ယူနေသူတဦးက ဆိုပါတယ်။

အဆိုပါဂျင်းကုန်းမှာ အရင်ကတည်းက တဦးတယောက်ပိုင်မဟုတ်ဘဲ အများပိုင်ဆိုင်တဲ့ ဂျင်းကုန်းလို့ သိရပြီး ပြီးခဲ့တဲ့နှစ်ကစပြီး စစ်တပ်က လာရောက်ထိန်းချုပ်တာကြောင့် လာကောက်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီဂျင်းကန်မှာ ခွင့်ပြုချက်မရှိဘဲ လာရောက်ကောက်ယူတဲ့ စက်လှေတွေကို စစ်တပ်က သေနတ်နဲ့ လိုက်လံပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။DVB

CDM ဆင်ကလေးများ၏ စားဝတ်နေရေး နှင့် ကျန်းမာရေးအခက်အခဲများ ဖြေရှင်းနိုင်ရေး “တော်လှန်တပ်သားမိုမိုလေးများ” Campaign ပြုလုပ်ပြီး ပြည်သူများ ပါဝင်ကြရန် ဖိတ်ခေါ်

အကြမ်းဖက် စစ်အာဏာသိမ်းသည့်နေ့မှ စ၍ အကြမ်းမဖက်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းများနှင့်အတူ ပြည်သူ့ဆင်လေးများလည်း ပါဝင်ခဲ့ကြပြီး ဆင်ဝန်ထမ်း CDMများနှင့် CDM ဆင်ကလေးများရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် “တော်လှန်တပ်သားမိုမိုလေးများ” Campaign ကို ပြုလုပ်မည် ဖြစ်ပြီး မိဘပြည်သူများပါဝင်လှူဒါန်းနိုင်မည် ဖြစ်သည်။

ကာလရှည်ကြာလာသည်နှင့်အမျှ ဆင်ဝန်ထမ်း CDMများနှင့် CDM ဆင်ကလေးများရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများ ပိုမိုများပြားစွာ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် အဆိုပါ Campaign ကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ Campaign မှ ရရှိသည့် ရန်ပုံငွေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဆင်ဝန်ထမ်း CDM များနှင့် CDM ဆင်ကလေးများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အသုံးပြုသွားမှာဖြစ်သည်။

“တော်လှန်တပ်သား မိုမိုလေးများ – Elephants in Revolution ” Campaign တွင် လူနဲ့ ဆင် ပေါင်းစပ် ဖန်တီးထားသည့် ပန်းချီကား၊ Elephant Ring, Elephant Bangle, Elephant Porcelain တို့ကို ကံစမ်းမဲများဖောက်ပေးသွားမည် ဖြစ်သည်။

မဲလက်မှတ်များကို ဝယ်ယူလိုသည့် နိုင်ငံ၊ ငွေကြေး (currency) အလိုက် သတ်မှတ်ထားသော ဈေးနှုန်းများမှာ Digital Myanmar Kyat (DMMK), MMK ဆိုပါက တစ်စောင် ၁၅၀၀၀ ကျပ်၊ USD – 10, AUD – 10, CAD – 10, EURO – 10, NZD – 10, KRW – 10,000, JPY – 1000, MYR – 30, SGD – 10, THB – 200, TWD – 200 သတ်မှတ်ထားသည်။

ဝယ်ယူလိုပါက –

HAM_Collection

https://www.facebook.com/profile.php?id=100083366143606…

CDM Medical Network

Myanmar FR (MMK, DMMK)

m.me/cdmmn

တော်လှန်တပ်သား မိုမိုလေးများ

http://m.me/ElephantsinRevolution

အိုင်ယာလန်နိုင်ငံ (Euro, DMMK, MMK)

CRPH funding Ireland

https://www.facebook.com/crphfundingireland

ထိုင်းနိုင်ငံ

Lucas Elias ( THB, DMMK)

https://m.facebook.com/100083350487839/

ထိုင်း/ မလေးရှားနိုင်ငံ(THB, MYR)

နွေဦးထောက်ပို့&Support to Spring-mft/ehm

https://m.facebook.com/100085152217050/

စင်ကာပူနိုင်ငံ (SGD, DMMK)

ပြည်သူ့နွေဦး The Myanmar People’s Spring Singapore

https://www.facebook.com/TMPSfundraiser

အမေရိကန်နိုင်ငံ(USD)

SMS

https://www.facebook.com/SpringMyanmarSociety

ဩစတြေးလျနိုင်ငံ (AUD)

Sydney Friends for Myanmar Unity https://www.facebook.com/SydneyFriendsforMyanmarUnity

ကနေဒါနိုင်ငံ (CAD)

2022 Bottle Depot အေကာက်ခွန် Canada https://m.facebook.com/100068763020156/

ထိုင်ဝမ်နိုင်ငံ (TWD, DMMK)

Taiwan Alliance for Myanmar https://www.facebook.com/TaiwanAllianceforMyanmar

ဂျပန်နိုင်ငံ (JPY, DMMK)

Together with Satomi

https://www.facebook.com/togetherwithsatomi

နယူးဇီလန်နိုင်ငံ (NZD)

Citizen of Burma Award – New Zealand (ပြည်သူ့ဂုဏ်ရည် နယူးဇီလန်) https://www.facebook.com/coba.newzealand?mibextid=ZbWKwL တို့ဖြစ်ကြသည်။

လက်မှတ် အစောင်ရေ ၃၀၀၀ ရောင်းချနိုင်ရန် မျှော်မှန်းထားပြီး လက်မှတ်အားလုံး ရောင်းချပြီးချိန်တွင် ကံထူးရှင်များကို ပြည်သူချစ် အနုပညာရှင်များက Live လွှင့်ကာ ရွေးချယ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ khit thit

တာတိုင်ကျေးရွာကို မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၃ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ တာတိုင်ကျေးရွာကို မီးရှို့ပြီးပြန်လာသာ စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

အင်အား ၄၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီတပ်သည် ညောင်ပင်ဝန်းရဲစခန်းမှအနီးနားရှိ ကျေးရွာများအား စစ်ကြောင်းထိုးပြီး တာတိုင်ကျေးရွာမှ ပြည်သူ့နေအိမ်များကို မီးရှို့ပြီး အပြန်လမ်းကြောင်း၌ ပြည်သူ့ကာကွယ်ရေးတပ်များက ၈၀မမ လက်နက်ကြီးဖြင့် ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကြောင်း မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

”ညောင်ပင်ဝန်းရဲစခန်းပေါက်ကနေ စစ်ကောင်စီတပ်သား အလောင်း နှစ်လောင်း ဆွဲသွင်းသွားတာရှိတယ်။ တစ်ယောက်ကတော့ စခန်းထဲ လက်နက်ကြီးထိပြီးသေသွားတယ်လို့ ဒေသခံမျက်မြင်တွေဆီက သိရပါတယ်။”ဟု ယက္ခညီနောင် PDF-Mandalay အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုညဏ်လင်းက မဇ္ဈိမကိုပြောသည်။

တိုက်ခိုက်မှုကို မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အတူ People Revolution Force Kyaukse (P.R.F.K)၊ အမရစစ်သည်တော်၊ MAHAR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Dragon Brother Defense Force

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ မီးရှို့မှုကြောင့် တာတိုင်ကျေးရွာမှ လူနေအိမ် ၂၈ လုံးမီးလောင်ပြာကျခဲ့ကြောင်း ယက္ခညီနောင် PDF-Mandalay အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုညဏ်လင်းက ဆိုသည်။

တာတိုင်ရွာမှာ အိမ်ခြေ ၁၀၀ ကျော်သာ ရှိသော ကျေးရွာဖြစ်ပြီး ယမန်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း မီးရှို့မှုကြောင့် ဒေသခံများ အနီးအနားရှိကျေးရွာများသို့ ရှောင်တိမ်းနေရကြောင်းသိရသည်။

ထို့အပြင် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းတိုက်နယ်၊ တံတားဦးရွာကို စစ်ကောင်စီတပ်မှ စီးနင်းဝင်မွှေပြီး ၎င်းတို့၏ ရမ်းသန်း ပစ်ခတ်မှုကြာင့် စာသင်ပြီးပြန်လာသော မူလတန်းကျောင်းသူ ကလေးငယ်တစ်ဦး ခါးကျည်ထိမှန်ပြီး ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာနှင့် သုံးလင့်ရွာများကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယက္ခညီနောင် PDF-Mandalay အဖွဲ့ ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။mizzima

« Older Entries