Monthly Archives: Feb 2023

မြိုင်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်း (၁၁)လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ ခြောက်ဦးသေ၊ သုံးဦးဒဏ်ရာရဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ပြော

ပခုက္ကူမြို့မှ မြိုင်ဖက်သို့ ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကန်တော်ကျေးရွာနှင့် ကမ္မမြို့အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကားလေးစီးဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီလ(၃)ရက် နံနက်ပိုင်းတွင် မိုင်း(၁၁)လုံးအသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်လင်္ကျာက မဇ္ဈိမကိုပြောသည်။

“ မိုင်းပွိုင့်သုံးပွိုင့်ကို မိုင်း (၁၁)လုံးနဲ့ ဆွဲလိုက်တာ။ ခြောက်ဦးသေပြီးသုံးဦးဒဏ်ရာရသွားတယ်။ အလောင်းတွေကို ပခုက္ကူမြို့ကနေ နာရေးကားတွေ နဲ့ လာသယ်သွား တယ်” ဟု ဗိုလ်လင်္ကျာကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီယာဉ်တန်းသည် ပခုက္ကူ မြို့ထဲသို့ နောက်ပြန်လှည့်သွားပြီးကန်တော်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

“နေအိမ်ခြောက်လုံးလောက် မီးလောင်ပျက်စီးသွားတယ်” ဟု ဗိုလ်လင်္ကျာကပြောသည်။

တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Black Cobra အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည့် ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁)ရက်နေ့က ထန်းပေါက်ကုန်း ကျေးရွာစာသင်ကျောင်းကို မီးရှို့ဖျက် ဆီးနေသည့် စစ်ကောင် စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးခဲ့ကြောင်းသိရသည်။

မြိုင်မြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးဒေသအဖြစ်ကြေငြာထားသည့်မြို့နယ်ဖြစ်သည်။ စစ်ကောင်စီ၏ ထိုကြေငြာချက်ကို အရေးစိုက်မည်မဟုတ်ဘဲ ယခင်ကထက် အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတုန့်ပြန်ထားသည်။ mizzima

မြင်းမူမြို့နယ်၊ စစ်ကောင်စီ ထီးဆောင်းကျေး ရွာ စစ်စခန်းကို PDF တပ်ပေါင်းစုက သိမ်း ပိုက်ရှင်းလင်း၊ စစ်သား ၁၅ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်း၊ စစ်အသုံး အ ဆောင်များ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကောင်စီ ထီးဆောင်းကျေးရွာ စစ်စခန်းကို PDF တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီး စစ်သား ၁၅ ဦးသေဆုံးကာ လက်နက် ၂ လက်နှင့် ခဲယမ်း၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း မဟာမိတ်တပ်ပေါင်းစုတွင် ပါဝင်သူ မြင်းခြံခရိုင်တပ်ရင်း Zero ပျောက်ကြားတပ်ဖွဲ့တပ် ရင်းမှူး ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁ နာရီမှ စတင်၍ မြင်မူးမြို့နယ်၊ ထီးဆောင်းစစ်စခန်းကို မဟာမိတ် တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၄ နာရီအချိန် သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ၁၅ ဦးခန့် သေဆုံးပြီး MA3 ၁ လက်၊ကျည်ဘောက် ၁ ခု၊ 5.56 ကျည် ၁၈ တောင့်၊ ကာဘိုင် သေနတ် ၁ လက်၊ကျည်ဘောက် ၃ ခု၊ကာဘိုင်ကျည် ၁၀၄ တောင့်၊ 9 ball ကိုးလုံးကျည်- ၇၆ တောင့်၊ Jammer စက် ၂ လုံး၊ကျည်ကာအင်္ကျီ ၁ ထည်၊ စစ်ယူနီဖောင်း ၂ စုံ၊ စစ်ဖိနပ် ၃ ရံနှင့် စစ်ဦးထုပ် ၃ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

“ခွေးစခန်းကတော့ နံနက် ၄ နာရီလောက်မှာ အပြီးသိမ်းနိုင်တယ်။ စခန်းတစ်ခုလုံးကို မီးရှို့ပစ်လိုက်တယ်။ စခန်းသိမ်းပြီး ခွေးအလောင်း ၁၅ လောင်း တွေ့ ခဲ့တယ်။ ညတိုက်ပွဲဆိုတော့ မှတ်တမ်းမယူခဲ့နိုင်ဘူး။ လက်နက်ရရေးကိုပဲ အာရုံ စိုက်နေတာလည်းပါတယ်ပေါ့။ နောက်ပြီးဂျက် လေယာဉ် ရောက်လာလို့ နောက် ဆုတ်ခဲ့ရတယ်။ ခွေးအင်အားက၄၀လောက်ရှိတယ်။ အဲဒါကိုဝင်တိုက်ခဲ့တာ။ ကိုယ့်ဘက်ကတော့ ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်” ဟု မြင်းခြံခရိုင်တပ် ရင်း Zero ပျောက်ကြားတပ်ဖွဲ့တပ်ရင်းမှူး ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြင်းမူမြို့နယ်၊ ထီးဆောင်စစ်စခန်းကို PDF မဟာမိတ်တပ်ပေါင်းစုက သိမ်း ပိုက် ရှင်းလင်းလိုက်ပြီး မီးရှို့လိုက်ကြောင်း သိရှိရသည်။

အဆိုပါစစ်ဆင်ရေးကို တပ်ရင်း ၇ မြင်းခြံခရိုင်၊ ZERO ပျောက်ကျားတပ်ဖွဲ့ တပ်ရင်း ၁၉ ရွှေဘိုခရိုင်တပ်ရင်း ၂ ၊ စစ်ကိုင်းခရိုင်၊ တပ်ခွဲ၂ GTR- မြင်းမူ နှင့် တပ်ရင်း ၁ ကျောက်ဆည်ခရိုင်၊ နဂါးနီ-ကျောက်ဆည် တို့မှ တပ်ရင်း ၄ ရင်း၊ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအဖြစ်စခန်းသိမ်းခဲ့တာဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းတွင် မြို့နယ် ၁၁ ခုကို စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ khit thit

ပလနှင့် လောင်းလုံးမြို့နယ်တို့တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး၊ နေအိမ် ၁ လုံးမီးရှို့ခံရ

တနင်္သာရီတိုင်း ပလမြို့၊ တန်းရှင်းရွာမှာ  ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၁ နာရီလောက်က တန်းရှင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်သူ တဦးက ပြောပါတယ်။

“တိုက်ပွဲက နေ့လယ်လောက်တည်းက ဖြစ်တာ။ သူတို့ဆင်းလာတာသိတော့ ကျနော်တို့ သွားပိတ်တာ။ လမ်းမှာ ထိပ်တိုက်တွေ့ပြီး အပြန် အလှန်ပစ်ခတ်မှုဖြစ်တာ။” 

ဒေသခံတဦးက “တိုက်ပွဲဖြစ်ပြီးတော့ ညနေလောက်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရွာထဲကို အဆက်မပြတ်ပစ်နေတာ။ ရွာသားတွေမှာလည်း ထိခိုက်မှုတွေ ရှိနေတယ်။ ရွာသား တယောက် လက်နက်ကြီးထိပြီး သေသွားတယ်” လို့ ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ဆိုပေမဲ့  အတိအကျကိုတော့ အတည်မပြုနိုင်ပါဘူး။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာထဲကို ဖေဖော်ဝါရီ ၃ ရက် ည သန်းခေါင်ကျော်က စစ်ကောင်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အမျိုးသား တယောက်ကို ပစ်သတ်ခဲ့တဲ့အပြင် နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

ပစ်သတ်ခံရသူမှာ အသက် ၅၀ ခန့်ရှိတဲ့ ဦးတင်လုံးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မြိတ်မြို့ကနေ ရောက်ရှိလာခဲ့တာလို့ ရွာခံတဦးက ပြောပါတယ်။

ထားဝယ်ဘက်ကနေ မြေတင်ကားတစီး၊ ဗီဂိုးကားတစီးနဲ့ ရောက်လာတဲ့ ပျူစောထီးနဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်ဟာ ရွာထိပ်ကနေ ရွာထဲကို သေနတ်နဲ့ ပစ်ခတ်ပြီးမှ ဝင်လာခဲ့ကြတာပါ။

မင်းရပ်ရွာခံ အမျိုးသမီးတဦးက “လာရှာတာက တခြား တယောက်။ သူက ကြောက်ပြီး ထွက်ပြေးတဲ့အချိန် ပစ်ခံလိုက်ရတာ။ စစ်သားတွေက သူ့အလောင်းကို ဓာတ်ပုံနဲ့ တိုက်စစ်ပြီး လူမှားသွားပြီလို့လည်း ပြောနေကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပစ်သတ်ခံရသူနဲ့ ဆွေမျိုးတော်စပ်သူ အသက် ၂၀ ဝန်းကျင်ရှိတဲ့ လူငယ် တယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တယ်လို့ ယူဆချက်နဲ့ လာရောက် ရှာဖွေကြတာဖြစ်ပြီး အဲဒီလူငယ်ကိုတော့ နေအိမ်မှာ မတွေ့ခဲ့ကြပါဘူး။

မင်းရပ်ရွာခံတဦးက “သူတို့လိုချင်တဲ့ လူငယ်ရဲ့ အိမ်နဲ့ သူ့အမျိုးအိမ်တွေမှာ ဝင်မွှေသွားတာ။ မီးရှို့သွားတာက သူ့အဖိုးအိမ်။ စစ်သားတွေ ပြန်တော့လည်း အဲဒီအိမ်က လူတွေကို ဓားစာခံ လုပ်ပြီး ကားနဲ့ခေါ်သွားတာ။ ရွာပြင်ရောက်မှ ပြန်လွှတ်ခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြန်ထွက်ခါနီးမှာတော့ ဦးတင်လုံးနေထိုင်တဲ့ နေအိမ်ပေါ်က ပစ္စည်းတွေကို ကားပေါ်တင် ယူဆောင်သွားခဲ့ကြပြီး နေအိမ်ကို မီးရှို့ခဲ့ကြတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တခြားနေအိမ်တလုံးက ဆိုင်ကယ် သုံးစီးကို ယူသွားတဲ့အပြင် နောက်ထပ်နေအိမ် ၂ လုံးကိုလည်း ဝင်ရောက်စစ်​ဆေး ရှာဖွေသွားခဲ့ပါတယ်။DVB

မြစ်ကျိုးရဲစခန်းနှင့် လက်ပံရွာအုပ်ချုပ်ရေးရုံး ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာရှိ မြစ်ကျိုးနယ်မြေရဲစခန်းနှင့် လက်ပံကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးတို့ကို ဒရုန်း( Drone) ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၇နာရီ ၅၀ မိနစ်ခန့်တွင်ဝေါမြို့နယ် မြစ်ကျိုးနယ်မြေရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ည ၉ နာရီဝန်း ကျင်တွင် ဝေါမြို့နယ် လက်ပံကျေးရွာရှိ စစ်ကောင်စီတပ်များ တပ်စွဲထားရာ အုပ်ချုပ်ရေးမှူးရုံးအား KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့​ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုည၌ပင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ခိုက်ခံရသော နေရာများသို့ တပ်ကူအင်အားဖြည့်နိုင်ခြေရှိသောကြောင့် ၎င်းတို့ အသုံးပြုလေ့ရှိသော

လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲရန်ရည်ရွယ်၍ မိုင်းထောင်စဥ် လက်ထဲ၌ မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားပြီး ဝေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

“လက်ထဲမှာပဲ ကွဲသွားတာ ၊တစ်ယောက်ကျသွားတယ်။ ကျန်တဲ့သူတွေတော့ အထိမခိုက်မရှိဘူး” ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အစပ်တွင်ရှိသော မြစ်ကျိုးကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်​၏ စစ်ဆေးရေးဂိတ်များ အထိုင်ချထားပြီး

စစ်ကောင်စီ​တပ်၏ ထောက်လှမ်းရေးသမားများက ရုပ်ဖျက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ​၏ တော်လှန်ရေးလုပ်ငန်းစဉ်များအကြောင်း ထောက်လှမ်းလျက်ရှိကြောင်း သိရသည်။mizzima

ရွှေဘို၊ ဝက်လက်နှင့် ခင်ဦးတွင် စစ်ကားများကို PDF တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်မှု စစ် သား ၁၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှ ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို BLACK WOLF – ARMY တပ်ဖွဲ့က ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီး ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သား အများအပြား ထိခိုက်သေဆုံးမှု ရှိပြီး အရေအတွက် အတည်မပြုနိုင်သေးဘဲ ရွှေဘို ဆေးရုံတွင် သေဆုံးစစ်သား ရုပ်အလောင်းများ ရောက်ရှိနေကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ် သား ၆ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စိုင်နိုင်ကွေ့ ခွေးခြံမှ ရွှေဘိုဘက်သို့ ထွက်ခွာလာသော ၁၂ ဘီးကား ၁ စီးကို ရွှေဘို-မန္တလေး လမ်းပိုင်းရှိ စိုင်နိုင်ကြီး-စိုင်နိုင်လေး အကြားတွင် ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှဗိုလ်နေမင်းနှင့် ဗိုလ်ရေးဝေးဦးဆောင်သောတပ်စုနှင့် ဒေသခံ ပကဖများမှ ပူးပေါင်းကာ ပဒေသာမိုင်း ၆ လုံးဖြင့်တိုက်ခိုက်ခဲ့ပြီး ၁၂ ဘီးကား ထိမှန်ကာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၇ မိနစ်တွင် ဝက်လက်မြို့နယ် လှတောရွာမှ ရွှေဘိုသို့ထွက်ခွာလာသော စစ်ကား ၁ စီးနှင့် သံချပ်ကာ ကား ၁ စီးကို ရွှေဘို – မန္တလေး လမ်းမပိုင်းရှိ မိုးကောင်းကင်ဓာတ်ဆီဆိုင် အနီးတွင် ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှဗိုလ်ရေဝေး ဦးဆောင်သောတပ်စိတ်နှင့် နဂါးမင်း ပျောက်ကြားတပ်ဖွဲ့ ၊ ဗိုလ်တိုက်ဂါး ပျောက်ကြားတပ်ဖွဲ့တို့မှ

ရှေ့ထွက် ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးရွာကို စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သိဒ္ဓိရှင် တိုက်နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ်မှ အကြမ်းဖက် စစ်တပ် ထောက်ပို့ကား ၁ စီးကို ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ ကြို့ကန်ရွာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နံနက် ၇ နာရီ ၄၅ မိနစ်ထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ ၂၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို ခင်ဦးမြို့နယ် ပကဖ အဖွဲ့၊ တောင်ပိုင်းငှက်ကြီးတောင်အဖွဲ့၊ နဂါးညီနောင် တပ်ဖွဲ့ နှင့်မော်ကွန်းညီနောင်အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။khit thit

ချင်းတိုင်းရင်းသူ မဂိုရှင်းဟွဲ့ကို စစ်ကောင်စီက ထောင်ဒဏ် ၂နှစ်ချ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်မှာနေတဲ့ ချင်းတိုင်းရင်းသူ ဂိုရှင်းဟွဲကို စစ်ကောင်စီရဲ့ မြို့နယ်တရားရုံးက ‌ရာဇသတ်ကြီးပုဒ်မနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တယ်လို့ မိသားစုဝင်နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်မှာ ထောင်ဒဏ်ချခဲ့တာဖြစ်ပြီး မဂိုရှင်းဟွဲ့ဟာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီး CDM လုပ်ဖို့ စည်းရုံးသိမ်းသွင်းခဲ့တာကြောင့် ထောင်ဒဏ်၂နှစ် ချမှတ်ခဲ့တာလို့ သိရပါတယ်။

ကလေး PDF အဖွဲ့ဝင် တဦးက “တရားဥပဒေကသူတို့လက်ထဲမှာရှိတာ။ သူတို့ ဆုံးဖြတ်တဲ့ အတိုင်းပေါ့။ ကျနော်တို့ ဘက်ကတော့ ဆက်ပြီးတော်လှန်တိုက်ခိုက် နေရုံပါပဲ” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက်က ကလေးမြို့ သဇင်ရပ်ကွက်မှာ စစ်တပ်က ရှောင်တခင်စစ်ဆေးနေစဉ်  လူမှုကွန်ရက်ပေါ်မှာ အများပြည်သူ ထိတ်လန့်ကြောက်ရွံ့စေဖို့ မဟုတ်မှန်သတင်းရေးသားမှုနဲ့ ဂိုရှင်းဟွဲကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခံရသူ ဒေသခံ ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။DVB

ပခုက္ကူမြို့နယ် အင်ပင်ရွာ စစ်ကောင်စီတပ်ဂိတ်ကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးပြင်းထန်ဒဏ်ရာရဟုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာထိပ်တွင် စစ်ဆေးဂိတ်ဖွင့်ကာ ဒေသခံပြည်သူများကို ငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ် သားများကို အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း Pakokku People Defense Force -PPDF မှ ဖေဖော်ဝါရီ ၃ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၃ရက် ညနေ ၃ နာရီဝန်းကျင်တွင် ပခုက္ကူ-မြိုင်ကားလမ်းပေါ် အင်ပင်ရွာထိပ်ရှိ စစ်ကောင်စီတပ်ဂိတ်အား RPG 7 ၊လက် လုပ်လက်နက်ကြီးများဖြင့် PPDFဦးဆောင်ကာ မဟာမိတ်အဖွဲ့များနှင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီဂိတ်မှာ အင်အားက ၁၅ယောက်လောက် ရှိပါတယ်ဗျ။ ကျွန်တော်တို့ဘက်က လက်နက်ကြီးနဲ့ ပစ်ပီး သူတို့ဘက်က ရမ်းသန်း ပြန်လည်ပစ်ခတ်တာရှိပါတယ်။ သူတို့ ပစ်နေတုန်းမှာ ကျွန်တော်တို့မဟာမိတ်တွေ ချက်ချင်း တပ်ဆုတ်ပြီး ပြန်ခဲ့တာပါဗျ။” ဟု PPDF မှ စစ်ရေးတာ ဝန်ခံ ကိုသိင်္ခက မဇ္ဈိမသို့ပြောသည်။

ယင်းကဲ့သို့ ပြည်သူ့ကာကွယ်မဟာမိတ်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သုံးဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ၎င်းတို့အခြေပြုနေသည့် ဂိတ်ဘန်ကာပျက်စီးသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က ခရီးသွားပြည်သူတစ်ဦးကို ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ပြီး နေရာတွင်မီးရှို့ပစ်ခဲ့သည်ဟုလည်းဆိုသည်။

စစ်ကောင်စီတပ်သားများမှ သတ်ဖြတ်မီးရှို့ခံရသူသည် မည်သူဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ မိမိတို့ရဲဘော်များအားလုံး ၎င်း၏ မိသား စုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း PPDFမှ စစ်ရေးတာဝန်ခံကပြောသည်။

ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများ၊ စစ်ကောင်စီ လက်အောက်ခံများနှင့် နီးစပ်ရာနေရာများသို့ မဖြစ်မနေကိစ္စမှအပ သွား ရောက်ခြင်းမပြုကြရန် Pakokku People Defense Force -PPDF မေတ္တာရပ်ခံထားသည်။

အင်ပင်ရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(PPDF) ဦးဆောင်၍ မဟာမိတ်များဖြစ်သော Yong Force U.G၊ King Cobra၊ King Fighter၊ မန္တလေးခရိုင် အမှတ်(၄)တပ်ရင်း SAF တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima

ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နိုင်ငံလုံး စည်ကား၊ ကျေးရွာများကို စစ်တပ်က မီးမရှို့၊ စစ်တပ်က PDF များကို အနိုင်ရနေ၊ ခေတ်သစ်အပါအဝင် မီဒီယာများက တိုင်းပြည် ဖျက်နေ စသည့် ဝါဒ ဖြန့် စာရွက်များကို ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ် လိုက်ဝေနေ

အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစကားများ ပါဝင်သော စာရွက်များကို နိုင်ငံတစ်ဝန်းတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်၍ ဝေ ငှ နေကြောင်း ရန်ကုန်ခေတ်သစ်ထံသို့ ပြည်သူများက သတင်းပေးပို့ကြသည်။

ရန်ကုန်မြို့ရှိ လမ်းဆုံလမ်းခွများ၊ အုပ်ချုပ်ရေးမှူးရုံးများ၊ စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစကားများ ပါဝင်သည့် စာ ရွက်များကို ယမန်နေ့ ညနေပိုင်းမှစတင်၍ ဝေငှခြင်းဖြစ်ပြီး အဓိကအားဖြင့် ယင်းဝါဒဖြန့် စာရွက်များတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ် ကျဆုံးပြီး စည်ကားခဲ့ကြောင်း၊ ကျေးရွာများကို စစ်တပ်က မီးရှို့ခြင်းမဟုတ်ဘဲ PDF က မီးရှို့ခြင်းဖြစ်ကြောင်း ၊ ၂ နှစ်တာကာလအတွင်း စစ်တပ်က PDF များကို အနိုင်ရနေကြောင်း၊ ခေတ်သစ်အပါအဝင် မီဒီယာများက ဝါဒဖြန့်၍ မတည်မငြိမ် ဖြစ်အောင် လုပ်နေကြောင်း စသည်ဖြင့် ဝါဒဖြန့် သတင်းစကားများကို ရေးသားထားသည်။

“မနေ့ညနေက သန်လျင်မှာ ဝေနေတာ။ ကားတွေကို စစ်တပ်နဲ့ရဲက အတင်းတားပြီး စာရွက်တွေဝေတယ်။ ပြီးတော့ ဓာတ်ပုံရိုက်ယူတယ်။ မိနစ် ၂၀ လောက်ဝေပြီးတော့ ပြန်သွားကြတယ်။ ဆိုင်ကယ်တွေ ကားတွေ ကို ဝေနေတာ။ မဟုတ်တာတွေချည်းပဲ ရေးထားတာ” ဟု သန်လျင်ဒေသပြည်သူ တစ်ဦးက ပြောသည်။

အလားတူ မှော်ဘီမြို့နယ်တွင်လည်း ယင်းသို့ စစ်တပ် ဝါဒဖြန့် စာရွက်များကို စစ်တပ်၊ ရဲ၊ မီးသတ်နှင့် ထွေ/အုပ်များက လမ်းဆုံ၊လမ်းခွများနှင့် စာသင်ကျောင်းများတွင် လိုက်လံဝေငှကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်၏ စစ်ဘက်သတင်းရင်းမြစ်ကမူ စစ်တပ်၏ ဝါဒဖြန့် ရုပ်မြင် သံကြား သတင်းလိုင်းများ၊ ကြေးမုံနှင့် မြန်မာ့အလင်း သတင်း စာများကို ပြည်သူများက ဖတ်ရှုမှု မရှိတော့၍ ဝါဒဖြန့် စာရွက်များ လိုက်လံ ဝေငှခြင်း၊ ဓာတ်တိုင်များတွင် စာရွက်များ ကပ်ခြင်းများကို တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် လိုက်လံ လုပ်ဆောင်နေရပြီး များကြာမီ လမ်းဆုံ၊ လမ်းခွများတွင် ဆိုင်းဘုတ်များ ပါ ထောင်ရန် ပြင်ဆင်နေကြောင်း ပြောဆိုသည်။ khit thit

လှိုင်မြို့နယ် ၃ ရပ်ကွက်တွင် ရာအိမ်မှူးအပါ အဝင် ၂ ဦး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၃ ရပ်ကွက် ဘုရင့်နောင် ၁၀လမ်းရှိ ထမင်းကြော်ဆိုင်မှာ ဒီနေ့ မနက် ၆ နာရီက ရာအိမ်မှူးတဦး နဲ့ အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မနက်အစောပိုင်း ထမင်းကြော်ဆိုင်ကို ဆိုက်ကားနဲ့ရောက်လာပြီး ရောင်းချဖို့ ပြင်ဆင်နေစဥ် ပစ်ခတ်ခံရတာဖြစ်ပြီး အသံသာကြားပြီး ဖြစ်စဥ်ကို မြင်တွေ့သူမရှိဘူးလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“၆ နာရီဆိုတော့ အပြင်မှာလူသိပ်မရှိဘူး လူတွေကတော့ နိုးနေကြပြီ။  သေနတ်သံကြားရတယ်၊ နှစ်ချက်။ နောက်တော့ မကြာဘူး လူနာတင်ယာဥ်တွေ ရောက်လာတယ်။ ရဲတွေရော၊ စစ်သားတွေပါ ရောက်လာတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ဦးမင်းဇော်နဲ့ နောက်တဦးက ဆိုက်ကားနင်းတဲ့ အမျိုးသားဖြစ်ပြီး လက်တလောမှာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဆိုက်ကားနင်းတဲ့သူ လိုက်ပို့ပြီး ခဏထိုင်နေတဲ့အချိန် ပစ်တာဖြစ်မယ်၊ အမှန်က ရာအိမ်မှူးကို ပစ်တာ ရောပြီးထိသွားတာဖြစ်မယ်၊ ရာအိမ်မှူးကတော့ အခြေအနေစိုးရိမ်ရတယ်။”

မနေ့ကလည်း ရန်ကုန်တိုင်း ခရမ်းမြိုနယ် ရေပေါ်ကန်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးနဲ့ လှိုင်မြို့နယ် ၁ ရပ်ကွက်က အရန်မီးသတ်တပ်ဖွဲ့ဝင်တဦး ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၁ လအတွင်း ရန်ကုန်တိုင်း မြို့နယ်အချို့မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ဗိုလ်မှူး ၃ ဦးအပါအဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ DVB

« Older Entries