Monthly Archives: Feb 2023

တရက်တည်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်က အယောက် ၈၀ ခန့်သေဟု NUG ပြော

ဖေဖော်ဝါရီ ၆ ရက် မနေ့ကတရက်တည်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၈၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ အယောက် ၂၀ ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF က တိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ကလေးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို PDF က မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေဘိုမြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာတော့ စစ်ကောင်စီကား ၁ စီးကို PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးခဲ့ပြီး မဟာအောင်မြေမြို့နယ်တော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF က ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဘန်ကာဆောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေကို PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး လောင်း လုံးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို LLPDF က တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံ တော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၀ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေး တိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ၂ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သ တင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။DVB

စစ်တပ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂,၉၅၄ ဦး ကျဆုံးပြီး ၁၃,၈၄၅ ဦး ချုပ်နှောင်ခံထားရ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၂,၉၅၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၆၈၄ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၈၄၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၃၃၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၁၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ညနေ ၆ နာရီလောက်က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တန်းရှင်းကျေးရွာဘက်ကို အကြမ်းဖက်စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး အဆိုပါ လက်နက်ကြီးကျည်ဟာ ကျေးရွာထဲက နေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ ဒေါ်သန်းမော် နေရာတင် သေဆုံးခဲ့ပြီး ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တရားရုံးကနေ အင်းတော်မြို့နယ်၊ နဘားကျေးရွာမှာ နေထိုင်တဲ့ စစ်ကိုင်းတိုင်း သတင်းစာဆရာများအသင်း အတွင်းရေးမှူးနဲ့ အလွတ်တန်းသတင်းထောက်ဖြစ်သူ ဒေါ်ယဉ်ယဉ်သိန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ယဉ်ယဉ်သိန်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ စာသားတွေနဲ့ ဝန်ထမ်းတွေ ကြောက်လန့်စေတဲ့ စာသားတွေကို ရေးတင်တယ်ဆိုကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။DVB

မြိုင်မြို့နယ်တွင် စစ်တပ်ထောက်ပို့စစ်ကြောင်း တိုက်ခိုက်ခံရ၊ ပေါက်မြို့နယ်တွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ မြိုင်ပ.က.ဖ ကနေ သိရပါတယ်။

ပေါက်မြို့နယ် ဖလံကိုင်းရေနံမြေကနေ ထွက်လာတဲ့ အင်အား ၇၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီလောက်က မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေ Well2 အကျော်မှာ ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“စစ်(…)ထောက်ပို့စစ်ကြောင်းဟာ ကား ၂ စီးနဲ့ ခြေလျင်အင်အား ၆၀ ကျော်လောက်နဲ့ ထွက်လာတာဗျ။ ဇာမဏီပြောက်ကျားတပ်ဖွဲ့ရဲ့ လက် ဖြောင့်ရိုင်ဖယ်သေနတ်သမားက ချောင်းမြောင်းပစ်ခတ်လို့ စစ်ကောင်စီတပ်သားတယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ဒါ့အပြင် ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်လိုက်လို့ စစ်(…) ၁၀ ယောက်လောက် သေဆုံးနိုင်တယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်ကရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

ပခုက္ကူမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းကလည်း ပခုက္ကူမြို့ ဂျင်ဝိုင်းကပြန်လာတဲ့ ကမ္မမြို့လျှပ်စစ်မှူးနဲ့ ပျူစောထီးတွေ တိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်းက ခရီးသွားပြည်သူ တယောက်ကို စစ်အုပ်စုတွေက PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ်၊ ယာကြီးပြင်ရွာနားမှာ မနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ပေါက်မြို့ဘက်ကနေ မောင်းလာတဲ့ ခရီးသည်တင်ကားတစီးကို စစ်ကောင်စီတပ်သားတွေက တားဆီးစစ်ဆေးပြီး ကားပေါ်မှာလိုက်ပါလာတဲ့ အသက် ၂၀ အရွယ် ကိုဟိန်းထက်ကို ဖမ်းဆီးသွားကြတာလို့ ယာကြီးပြင်ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

သူ့ကို PDF ထောက်ပံ့သူလို့ စွပ်စွဲဖမ်းဆီးကာ လက်ကိုင်ဖုန်းတွေနဲ့ သူ့မှာပါလာတဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ပေါက်မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

“​ကျနော်တို့ ပေါက်မြို့နယ်ထဲမှာ မြို့နယ်အတွင်းကပဲဖြစ်ဖြစ်၊ တခြားမြို့နယ်တွေကဖြစ်ဖြစ် ခရီးသွားလာမယ်ဆိုရင် လက်ကိုင်ဖုန်းတွေကို အ သေအချာ ရှင်းလင်းပြီးမှ သွားလာသင့်တယ်လို့ အကြံပြုချင်တယ်။ ပေါက်မြို့နယ်မှာတော့ ယာကြီးပြင်နဲ့ သရက်တောဂိတ်က အဆိုးဆုံးပဲဗျ။ ယောဒေသနဲ့ ချင်းတောင်ကို တက်မယ့်ကားတွေကို အစားအသောက်၊ ဆေးဝါးနဲ့ အိမ်ဆောက်ပစ္စည်းတွေ သယ်ယူခွင့်တွေ တားမြစ်ကန့်သတ်ထားသလို စစ်(…)တွေက ပြည်သူတွေဆီကနေ မတရား ငွေညှစ်နေကြသလို အပြစ်မဲ့ပြည်သူတွေကိုလည်း မကြာခဏ ဖမ်းဆီးတာတွေ ပြု လုပ်နေတယ်။”

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့အထိ နိုင်ငံတဝန်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၈၂၉ ယောက်ရှိပြီး အဲဒီထဲက ၂,၃၁၇ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။DVB

ဝက်လက်နှင့် ကလေးဝတွင် တိုက်ပွဲဖြစ်၊ ငါန်းဇွန်မြို့နယ်၌ ကင်းလှည့်စစ်တပ် မိုင်းဆွဲတိုက် ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆိုင်နိုင်ကွေ့‌မှာ တပ်ဆွဲထားတဲ့ စစ်ကောင်တပ်ကို ဖေဖော်ဝါရီ ၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်) က ထုတ်ပြန်ပါတယ်။

နာရီဝက်ကြာ တိုက်ပွဲဖြစ်ရာမှာတော့ စစ်သား ၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ်လည်း ထိခိုက်ကျဆုံးနိုင်ပေမဲ့ ကာကွယ်ရေးတပ်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက် PRF) ရဲ့ စစ်ရေးတာဝန်ခံ ရဲဘော်လင်းညိုက “နှစ်ကောင်ကျတယ်။ တကောင်က စနိုက်ပါနဲ့ ပစ်လိုက်တာ ထိသွားတာ။ တကောင်က battle ဆိုင်ရင်း ကျတာ။ ရွှေဘို အမှတ်-၈ လေ့ကျင့်ရေးတပ်ကကောင်တွေလို့ သိရတာပဲ။ ၂၀ နဲ့ ၃၀ကြားပဲ ရှိမှာပါ” လို့ ပြောပါတယ်။

ဝက်လက်နယ်ရှိ စိုင်နိုင်ကွေ့လမ်းဆုံမှာ စစ်ကောင်စီတပ်က တပ်စွဲပြီး လမ်းသွားလမ်းလာ ကားတွေကို ဆက်ကြေးကောက်တာ၊ ဖမ်းဆီးစစ် ဆေးတာတွေ ရှိနေပြီး ဒေသကာကွယ်ရေး တပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၁၉ ရက်‌ကစပြီး ဖေ‌ဖော်‌ဝါရီ ၂ ရက်‌‌နေ့အထိ ၁၅ ရက်‌ကြာ တိုက်‌ပွဲဖြစ်‌ပွားခဲ့တယ်လို့ က‌လေးဝ PDF တာဝန်‌ရှိသူတဦးက‌ ပြောပါတယ်‌။

“စစ်‌‌ကောင်‌စီတပ်‌‌တွေ ကျနော်‌တို့ က‌လေးဝ PDF‌ တွေနဲ့ ထိ‌တွေ့တိုက်‌ပွဲဖြစ်‌ခဲ့တယ်‌‌။ ဖေ‌ဖော်‌ဝါရီ ၁ ရက်‌‌နေ့ ည‌နေက ပြည်‌သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး စစ်ကောင်စီတပ်ကို ညှပ်တိုက်တာ။  ဒုတပ်ရင်းမှူးနဲ့ အခြားအဆင့် သုံးယောက်သေတယ်‌၊ ဒဏ်ရာရသူ‌‌တွေများတယ်‌။ ကျနော်‌တို့ဘက်‌ ထိခိုက်‌တာမရှိဘူး” လို့ က‌လေးဝ PDF တာဝန်‌ရှိသူတဦးက‌ ပြောပါတယ်‌။

စစ်‌‌ကောင်‌စီတပ်‌ဟာ ကလေးဝမြို့ကို အင်အား ၇၀ လောက်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး ဖေ‌ဖော်‌ဝါရီ ၂ ရက်‌‌ ပြန်ဆုတ်သွားချိန်မှာ ၅၀‌ လောက်‌ သာရှိတယ်‌လို့ ဆိုပါတယ်‌။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာတော့ ညောင်ကြီးရိုးနဲ့ ငွေစင်ကုန်းရွာကြားက ငါန်းဇွန်-တံတားဦး ကားလမ်းပေါ်မှာ ဆိုင်ကယ် ၅ စီးနဲ့ ကင်းလှည့် နေတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ကို ဖေဖော်ဝါရီ ၄ ရက် ည ၁၂ နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။

မိုင်းဆွဲမှုအပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ဒေသကာကွယ်ရေးတပ်တွေက လက်နက်ကြီး၊ လက် နက်ငယ်တွေနဲ့ ဆက်တိုက် ခုခံပစ်ခတ်လို့ မိနစ် ၂၀ ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

ငါန်းဇွန်မြို့နယ် ပ.က.ဖ ပြန်ကြားရေးတာဝန်ခံက “နေရာမှာပဲ ၉ ကောင် ပွဲချင်းပြီးသေတာ။ နောက်ဆုံးကျန်တဲ့တကောင်က ဒဏ်ရာနဲ့ ပြန်လည်ခုခံပစ်ခတ်နေတုန်း မြို့ပေါ်က သူတို့တပ်ကူ ကားရောက်လာလို့ နောက်ဆုတ်ပေးလိုက်ရတယ်” လို့ ပြောပါတယ်။

နောက်ပိုင်းကာလတွေမှာ စစ်ရေးမစ်ရှင်တွေ ဆက်လက် အရှိန်အဟုန်မြှင့်သွားမှာဖြစ်ပြီး သတင်းအချက်လက်ကို လုံခြုံရေးအရ စိတ်ချရတဲ့အချိန်မှသာ ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။DVB

ဘုတ်ပြင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအပါအ ဝင် ၃ ဦး ဖမ်းဆီးခံရပြီး ၂ ဦးပြန်လွတ်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ထင်းမယ်ကျေးရွာမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားသုံးဦးကို ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး နှစ်ဦးပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသားသုံးဦးကတော့ ချောင်းတဖက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်၊ ကြံ့ခိုင်ရေးပါတီဝင် ဦးသောင်းညွန့်နဲ့ အမည်မသိအ မျိုးသားတစ်ဦးတို့ဖြစ်ကြပါတယ်။

“ဖမ်းဆီးခံရတာကတော့ သုံးဦးပါ။ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကို ဖမ်းထားခဲ့ပြီး ကျန်နှစ်ဦး ပြန်လွှတ်လိုက်ပါပြီ။ ဘာကြောင့် အဲလိုလုပ်တာလဲဆိုတာ မသိရသေးပါဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလိုမျိုး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ အခုလက်ရှိ ဖမ်းထားတဲ့လူတွေနဲ့  ပတ်သက်မှုမရှိပါဘူးလို့ ပြောပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲနဲ့ တောင်ငယ်ရွာမှ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေက ပြန်လည်လွတ်မြောက်လာတဲ့ အ မျိုးသားတစ်ဦးနဲ့အတူ စစ်ကူလိုက်ကာတောနင်းရှာနေလို့  ဒေသခံဥယျာဉ်ခြံလုပ်သားတချို့ စိုးရိမ်ပြီး ထွက်ပြေးနေရပါတယ်။DVB

ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသောရဲများကို တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသော ရဲများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးပြီး ၂ ဦးအ ပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Moe Nyo Revolution Force – MNRF ထံမှ သိရသည်။

ယနေ့ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ခြေလျင်ထွက်လာသော ရဲ ၇ ဦးကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲစခန်းအတွင်းမှ ၄၀ မမ ၄ လုံး၊ ၆၀ မမ ၂ လုံး၊ ၈၀ မမ ၂ လုံးဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Moe Nyo Revolution Force- MNRF ၊ Local Defence Force of Dragon နှင့် ဒေါင်းစစ်သည် Sagaing Region People Defence Forceတို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

ရှမ်းပြည်အမျိုးသားနေ့ SSA ဌာနချုပ်တွင်ကျင်းပ၊ မိမိလူမျိုးအပေါ် နိုင့်ထက်စီးနင်းလုပ်လာပါက တုံ့ပြန်မည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော

တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းတဲ့လမ်းကြောင်းကို သွားနေတာဖြစ်ပြီး မိမိတပ်ဖွဲ့နဲ့ မိမိလူမျိုးအပေါ် နိုင့်ထက်စီးနင်း လုပ်လာပါက တုံ့ပြန်ဖို့အသင့်ပဲလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်က ပြောကြား လိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ဒီနေ့ကျရောက်တဲ့ ၇၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားတွေကို ရှမ်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA က ဌာနချုပ်မှာ အသီးသီးကျင်းပပါတယ်။

အခမ်းအနားမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်က “လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ရှမ်းခေါင်းဆောင်တွေဟာ ပြည်ထောင်စုထဲပါဝင်ဖို့ သဘော တူခဲ့တယ်၊ ၁၀ နှစ်ပြည့်ရင် ပြန်ခွဲထွက်လိုက ခွဲထွက်နိုင်တယ်ဆိုတဲ့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တယ်၊ ရှမ်းပြည်တိုင်းရင်းသား အားလုံးနဲ့ဆိုင်တဲ့ အလံတော်ကို သတ်မှတ်ခဲ့တယ်၊ မြန်မာနိုင်ငံအလံတော် အကြိမ်ကြိမ်ပြောင်းခဲ့ပေမဲ့ ရှမ်းအလံ မပြောင်းလဲဘူး၊ အခုထက်ထိ ဖြစ်နေတဲ့ နိုင်ငံ ရေးပြဿနာကို လက်နက်နဲ့ဖြေရှင်းရင် ပြဿနာပိုကြီးထွားစေတယ်၊ ဒါကြောင့် ကျနော်တို့အဖွဲ့အစည်းက တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းတဲ့လမ်းကြောင်းကို သွားနေတာဖြစ်တယ်၊ ဒီအတွက် အဖွဲ့တိုင်းနဲ့ ဆွေးနွေးမယ်၊ ဒီနည်းနဲ့ ဖြေရှင်းနေစဉ် မိမိတပ်ဖွဲ့အပေါ် မိမိလူမျိုးအပေါ် နိုင့်ထက်စီးနင်း လုပ်လာမယ်ဆိုရင်တော့ တုံ့ပြန်ဖို့အသင့်ပဲ၊ ကျနော်တို့ဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ သာသနာကို ထိန်းသိမ်းနေတာ ဖြစ်တယ်”လို့ ပြောပါတယ်။

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းက အခမ်းအနားကို ဒီမနက် ၈ နာရီလောက်မှာ စတင်ကျင်းပပြီး PPST (အပစ်အခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့) နာယက ဦးခွန်စိုင်း၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် အကြီးအကဲ ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ LDU လားဟူ ဒီမိုကရက်တစ်အစည်းအရုံးမှ ကျာဆော်လမွန်တို့က အခမ်းအနား သဘာပတိတွေအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

RCSS အတွင်းရေးမှူးကလည်း ရှမ်းပြည်တိုင်းရင်းသားနဲ့ ပြည်ထောင်စုတဝန်းရှိ တိုင်းရင်းသားအားလုံးအနေနဲ့ ရှမ်းပြည်အမျိုးသားနေ့ အနှစ်သာ ရနဲ့ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်ပါ သဘောတူချက်တွေအတိုင်း စုပေါင်းအကောင်အထည်ဖော်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ လက်ရှိတိုင်းပြည် အထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် အကြောင်းအရာပါ RCSS ရဲ့ ၇၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ ထုတ်ပြန်ချက်ကို ဖတ်ကြားသွားပါတယ်။

ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုူးကြီးမင်းအောင်လှိုင် ပေးပို့တဲ့သဝဏ်လွှာ၊ PPST၊ DKBA၊ ALP၊ PNLO အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ပေးပို့တဲ့ သဝဏ်လွှာနဲ့ SNLD ပါတီထံက ပေးပို့တဲ့ သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ရပ်လုံးထံ ပေးပို့တဲ့ သဝဏ်လွှာမှာတော့ လွန်ခဲ့တဲ့ ၇၆ နှစ်က ဒီလိုအချိန်မှာ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်၊ ဒါပေမဲ့ ဒီကနေ့ထိ အဲဒီရည် မှန်းချက် မရောက်သေးတဲ့အပြင် တိုင်းရင်းသားအချင်းချင်းကြားမှာလည်း မသင့်မြတ်မှုတွေ ဖြစ်လာတယ်၊ ဒါကြောင့် ပြန်လည်နီးစပ်အောင် ချဉ်းကပ်ကြပြီး စည်းလုံးမှု တည်ဆောက်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ ရှမ်းပြည်ရဲ့ ရေမြေသဘာဝနဲ့ လိုက်လျောညီထွေတဲ့ ပြည်သူလူထုသဘောဆန္ဒပါတဲ့ ရှမ်းပြည်ဖွဲ့စည်းပုံကို ရေးဆွဲရမယ်၊ အာဏာရှင်စနစ်ကို တော်လှန်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးကို အ ခြေခံရမယ်၊  အဲဒီလို ဖော်ဆောင်ရာမှာ လူမျိုး၊ ဘာသာ၊ သာသနာ၊ ကျား၊ မ ခွဲခြားမှု လုံးဝမရှိသင့်ပါ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဝါဒပေါ် မူတည်ပြီး နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ စီးပွားရေး အဘက်ဘက်က တိုးတက်အောင် ဆောင်ရွက်သွားနိုင်ပါစေလို့ တိုက်တွန်းထားပါတယ်။

RCSS/SSA ရဲ့ ဒီကနေ့အခမ်းအနားမှာ စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီး အေးဝင်း၊ တြိဂံတိုင်း ဒုတိုင်းမှူးနဲ့ အရှေ့အလယ်ပိုင်းတိုင်း (ခိုလမ်) ဒုတိုင်းမှူးတို့ပါ တက်ရောက်လာကြပါတယ်။

SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်ကလည်း ၇၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ဌာနချုပ် ဝမ့်ဟိုင်းမှာ ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ SSPP နာယကကြီး ဗိုလ်ချုပ်ဆေထင်က ရှမ်းအမျိုးသားနေ့မှ ရှမ်းပြည်အမျိုးသားနေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်ရခြင်း၊ ရှမ်းအ မျိုးသားနေ့ ဖြစ်ပေါ်လာပုံနဲ့ ပင်လုံစာချုပ်ပါ သဘောတူချက်၊ ကတိကဝတ်၊ စစ်အစိုးရရဲ့ မတရားမှုတွေ၊ လက်နက်ကိုင်တော်လှန်ရတဲ့ အ ကြောင်းတွေ ပြောကြားခဲ့ပါတယ်။

ဒီကနေ့အခမ်းအနားမှာ SSPP/SSA အဖွဲ့ဝင်တွေအပြင် ပြည်သူလူထုပါ အင်အား ၂,၈၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ အဖွဲ့အစည်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ DVB

စစ်ကောင်စီတပ်သတင်းပေးဟု သတ်မှတ်ခံရသူ အသတ်ခံလိုက်ရသည့်အမှုအား မိသားစုက KNU တွင် တိုင်ချက်ဖွင့်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းတွင် စစ်ကောင်စီတပ်ကို သတင်းပေးသည်ဟု သတ်မှတ်ခံရသည့် အသက် ၂၈ နှစ်အရွယ် ကိုဝင်းထွဋ် အသတ်ခံရမှုနှင့်ပတ်သက်၍ မိသားစုဝင်များက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) တပ်ရင်း (၁၆)ရှိ ရုံးထိုင်မှူး စောဖိုးပလဲ ထံတွင် ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။

“သူတို့က ဒလန်လို့သာ စွပ်စွဲပြီး သတ်သွားတာ၊ ဖုန်းတွေသိမ်းတာမျိုး၊ မသင်္ကာတဲ့ အချက်အလက်တွေကို ရှာဖွေတာမျိုးလည်း မလုပ်ဘူး။ ဘာမှလည်း မယူသွားဘူး။ သေဆုံးသူဖုန်းကအစ သူ့ရဲ့ မိသားစုဝင်တွေလက်ထဲမှာ ရှိပါသေးတယ်။ သေသွားတဲ့ ကိုဝင်းထွဋ်ရဲ့ အဒေါ်နဲ့ သူ့အကိုနှစ်ယောက်ကလည်း ခုလွတ်မြောက်နယ်မြေထဲမှာ ရောက်နေပါတယ်။ သူတို့က စကစ ဘက်ကမဟုတ်လို့ KNU ဆီမှာ အမှုသွားတိုင်ထားတာပေါ့။ သူတို့က စကစဒေါက်တိုင်လည်းမဟုတ်လို့ ဟိုဘက်ကိုလည်း သွားမတိုင်ဘူး ဒီဘက်ခြမ်းကို ရောက်လာတယ်။ အဲ့တော့ အုပ်ချုပ်ရေးအ ပိုင်းကို တိုင်ထားပေးတယ်။ နောက်နောင် ဒီလို ဒလန်ရှင်းတဲ့ကိစ္စကို လက်လွတ်စပယ်မလုပ်ဖို့ KNU အုပ်ချုပ်ရေးပိုင်းနဲ့ နည်းနာကျကျ စနစ်တ ကျနဲ့ သွားပါမယ်” ဟု အဆိုပါ KNU နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“ဘာရန်ငြိုးမှမရှိသလို ဘယ်ပြည်သူကိုမှလည်း ခြိမ်းခြောက်ထားတဲ့အထောက်အထား တစ်စုံတစ်ရာ မရှိပါဘူး။ စကစယူနီဖောင်းဝတ်တယ်ဆို ရင်လည်း သက်သေခံပစ္စည်းတွေ သိမ်းပေါ့။ အခုက ဖုန်းတောင်မသိမ်းသွားဘူး။ သေဆုံးသူက အရက်သောက်တတ်တာရယ်ပဲ ရှိပါတယ်” ဟု ကျုံလောင်းရွာဟောင်းမှ ရွာသားများကပြောသည်။

ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး မက်စ်တပ်ထားသည့် PDF ခြောက်ယောက်ဝင်လာကာ အိမ်အဝ မှနေ၍ သေနတ်ဖြင့် အချက်ပေါင်း ၃၀ကျော် တရစပ်ပစ်ခတ်ကာ ကိုဝင်းထွဋ်အနီးတွင် သူ့အမေနှင့် အလုပ်သမား ကိုနေလင်းထူးတို့ အနီးကပ်ရှိနေခဲ့ကြောင်းနှင့် သေဆုံးသူကိုဝင်းထွဋ်၏ ခန္ဓာကိုယ်တွင် ကျည်ထိပ်ဖူး ငါးခုရရှိကြောင်းသိရသည်။

သေဆုံးခဲ့သည့် ကိုဝင်းထွဋ်တွင် လေးနှစ်အရွယ် သမီးတစ်ဦးနှင့် ကိုယ်ဝန်လွယ်ထားရသည့် အမျိုးသမီး ကျန်ခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် အဆိုပါပစ်ခတ်မှု၌ ဒဏ်ရာရရှိခဲ့သည့် သေဆုံးသူ၏အမေဖြစ်သူနှင့် အလုပ်သမားဖြစ်သူတို့အား မော်လမြိုင်ဆေးရုံကြီးတွင် ကုသမှု ခံယူနေရကြောင်း သိရသည်။ ကိုဝင်းထွဋ်အမေဖြစ်သူ ဒေါ်သန်းရီ(၆၅နှစ်)မှာ ဒူးခေါင်းကွဲထွက်ကာ ဂုံညှင်းကြေသွားပြီး သွေး လေးပုလင်း သွင်းထားရကြောင်းနှင့် ထိုအိမ်တွင် အလုပ်လာလုပ်သည့် နေလင်းထူး(ခ)ကရင် ဆိုသူမှာ ဗိုက်ပေါက်ထွက်ကာ အူများပြန်ဆက်ထားရသဖြင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဆိုသည်။

အဆိုပါဖြစ်စဉ်အား MSRO ထံ ထပ်မံမေးမြန်းရာတွင် “သူက စစ်ကောင်စီယူနီဖောင်းဝတ်ပြီး ညဘက်တွေဆို ရွာမှာ တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ ကျူးလွန်နေပါတယ်ဗျ။ ကျွန်တော်ကိုယ်တိုင် အနစ်နာခံ ရွာသားတွေကို မေးမြန်းပြီးမှ အတည်ပြုတာပါဗျ။ ပစ်ခတ်ချိန်မှာ မဆိုင်တဲ့သူတွေအားလုံး ဝပ်နေဖို့ အတန်တန် သတိပေးခဲ့ပါတယ်ဗျ။ အနားက မခွာဘဲ ရှိနေတာကတော့ ကျွန်တော်တို့ မတတ်နိုင်ခဲ့ပါဘူး။ နောက်တစ်ယောက်ကလည်း သူနဲ့တစ်ဖွဲ့တည်း။ အဲ့သတင်းသာ ကြိုရခဲ့ရင် အဲ့လူပါ အပြီးခေါ်သွားမှာပါ” ဟု MSRO ၏ စစ်ရေးတာဝန်ခံ ကိုဒီဃာ က မဇ္ဈိမ ကိုပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့၌ ကိုဝင်းထွဋ်ဆိုသူအား မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့(MSRO) နှင့် ရေးဘီလူး ပူးပေါင်းအဖွဲ့တို့မှ စစ်ကောင်စီသတင်းပေးသည်ဟု သတ်မှတ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ရာ အဆိုပါဖြစ်စဉ်တွင် ကိုဝင်းထွဋ်အမေဖြစ်သူနှင့် အဆိုပါအိမ်တွင် အလုပ်လုပ်နေသည့် အလုပ်သမားတစ်ဦး ထိခိုက်ခဲ့သည်။mizzima

« Older Entries