သတင်းပေးကိုသာ Mission အတိုင်း ပစ်ခတ်ခဲ့သည်ဟု MBDF ပြော

မကွေးတိုင်း၊ အောင်လံမြို့နယ် ချင်းစခန်းကြီးကျေးရွာနေ စစ်ကောင်စီသတင်းပေး ကျော်ရဲအောင်အား ရှင်းလင်းရာတွင် ရုန်းရင်း ဆန်ခတ်ဖြစ်အောင် ဘေးလူများမှ ပြုလုပ်သော်လည်း Mission အတိုင်း ကျော်ရဲအောင်ကိုသာပစ်ခတ်ခဲ့သည်ဟု မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (MB DF) မှ ရဲဘော်ကျားလေးက ပြောသည်။
ဖေဖော်ဝါရီ ၂ ရက်နေ့က အောင်လံမြို့နယ် ချင်းစခန်းကြီးကျေးရွာနေ စစ်ကောင်စီသတင်းပေး ကျော်ရဲအောင်ကို သွားရောက်ပစ်ခတ်ခဲ့စဉ် ကျော်ရဲအောင်နှင့်အတူပါလာသော သူ၏အကိုအရင်းဖြစ်သူ ဇော်မျိုးအောင်မှ MBDF တပ်ဖွဲ့ဝင်အား ဓားဖြင့်ပြန်လည်ခုခံသည့်အပြင် ၎င်းတို့နှင့်အတူပါလာသည့် ဝမ်းကွဲညီအကို တော်စပ်သူမှာလည်း တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းချုပ်ခဲ့သည့်အတွက် အတင်းရုန်းထွက်ခဲ့ရသည်ဟု MBDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျော်ရဲအောင်က တော်လှန်ရေးအင်အားစုတွေကို မြေပြင်ကင်းထောက်ပြီး စစ်ကောင်စီကိုသတင်းပို့နေတာပါ၊ ခြင်းခတ်တာကအစ နိုင်ငံရေးအဆုံး သူ့အဖေစစ်တပ်ကိုခေါ်ပြီး ရမ်းကားနေတာလည်းမနည်းတော့ဖူး၊ သူ့အကိုဝမ်းကွဲဆို ကျွန်တော်တို့ကို ဝိုင်းချုပ်တာ၊ လက်သီးနဲ့တောင်တစ်ချက်ပြန်မထိုးခဲ့ပါဘူး” ဟု ရဲဘော်ကျားလေးက ပြောသည်။
ထိုကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော်လည်း အရပ်သားပြည်သူဟုထင်မှတ်သောကြောင့် ရုန်းထွက်ဆုတ်ခွာခဲ့သည်ဟု MBDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အောင်လံမြို့တွင် တော်လှန်ရေးအင်အားစုများမှ လှုပ်ရှားမှုနည်းသေးသောကြောင့် ပြည်သူများအားမကိုးနိုင်သေးသည့်အတွက် မိမိတို့အနေ ဖြင့်ပိုကြိုးစားပြရမှာဖြစ်သည်ဟု ရဲဘော်ကျားလေးမှ ပြောသည်။
“လှုပ်ရှားမှုနည်းပေမယ့် စခ(စကစတပ်သား)တွေဘက်ကတော့ စစ်ဆေးတင်းကျပ်တာက တခြားနယ်တွေထက် လျော့ပေါ့တာမျိုးမတွေ့ရပါဖူး၊ နောက်တစ်ခုကတော့ အောင်လံပြည်သူလူထုကိုလည်း စစ်ကောင်စီတပ်တွေရဲ့ တပ်အရွေ့အပြောင်းသတင်းပဲဖြစ်ဖြစ်၊ သူတို့ကြုံတွေ့နေရတဲ့အခက်အခဲအကျပ်အတည်းကိစ္စတွေပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ telegram အကောင့်ကနေတစ်ဆင့် သတင်းပေးကြပါလို့ ပြောချင်ပါတယ်” ဟု ရဲဘော်ကျားလေးက ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် သတင်းပေး ကျော်ရဲအောင်မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရသည်။mizzima