Monthly Archives: Feb 2023

ကျွန်းလှမြို့နယ် ဒေသခံပြည်သူများ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

khit thit

ပြည်တွင်းရွှေဈေးကွက်ကို စစ်ကောင်စီက ဖိ အားပေး ဝင်ရောက်စွက်ဖက် စောင့်ကြည့်နေ

ရန်ကုန် ရွှေရောင်းဝယ်ရေးဈေးကွက်မှာ စစ်ကောင်စီက ဖိအားပေးဝင်ရောက်စွက်မှုတွေနဲ့  စောင့်ကြည့်မှုတွေရှိနေတာကြောင့် အရောင်း အဝယ်လုပ်တဲ့သူ မရှိသလောက် ဖြစ်နေပြီလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်ရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေး အတက်အကျနဲ့အတူ ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်းတို့အပေါ်မှာ မူတည်ပြီး လိုက်ပါ ပြောင်းလဲမှုတွေ ရှိနေတာပါ။

ဒါကြောင့်ပဲ ဖော်ဖော်ဝါရီ ၁ ရက်က ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၁၉၂၆ ဒေါ်လာ ရှိခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ၁၉၅၁ ဒေါ်လာထိ ရုတ်ချည်းမြှင့်တက်သွားခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်မှာတော့ ၁၉၁၆ ဒေါ်လာအထိ ပြန်ဆင်းသွားပါတယ်။ 

ကမ္ဘာ့ရွှေဈေးပြောင်းလဲမှုကြောင့် ပြည်တွင်းအကယ်ဒမီ(မီးလင်း)ရွှေဈေးကလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က တကျပ်သားကို ၂,၂၆၉,၀၀၀ ကျပ် ရှိခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ၂,၂၉၈,၅၀၀ ကျပ်အထိမြှင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ ၂,၂၅၇,၃၀၀ ကျပ်အထိ ပြန်ဆင်းသွားပါတယ်။ ဒီဈေးနှုန်းတွေဟာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းပါ။

ဒါပေမဲ့ အပြင်မှာ အရောင်းအဝယ်ရှိခဲ့တဲ့ ဈေးနှုန်းတွေက ဖေဖော်ဝါရီ ၁ ရက်က ၂,၈၅၅,၀၀၀ ကျပ် ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ၂,၈၈၅, ၀၀၀ ကျပ်အထိ မြှင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၃ ရက်နေ့မှာတော့ ၂.၈၆၃,၀၀၀ ကျပ်အထိ ပြန်ဆင်း သွားပါတယ်။

ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းကတော့ အမေရိကန် ၁ ဒေါ်လာကို ဗဟိုဘဏ်ရည်ညွှန်းနှုန်းက ၂၁၀၀ ကျပ် သတ်မှတ်ထားပေမဲ့ အပြင်မှာ အ ရောင်းအဝယ်ရှိနေတဲ့ဈေးနှုန်းက ၂၈၅၀ ကျပ်ရှိပါတယ်။

ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲနှုန်းက ဈေးကွက်ပေါက်ဈေးနဲ့အညီ အတက်အကျ ရှိနေတာကို စစ်ကောင်စီက ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဖိအားပေး ဝင်ရောက်စွက်ဖက်လာတဲ့အပြင် စောင့်ကြည့်မှုတွေပါ ရှိလာတာကြောင့် အရောင်းအဝယ်လုပ်တဲ့သူ မရှိသလောက် ဖြစ်နေပြီလို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “ဈေးကွက်သဘောအရ ဈေး အတက်အကျ ရှိမယ်။ ဝယ်လိုအား ရောင်းလိုအားကလည်း သူ့ဘာသာ လိုက်နိုင်တဲ့သူက လိုက်လိမ့်မယ်။ မလိုက်နိုင်တဲ့သူက နေခဲ့မှာပေါ့။ အဲ့ဒါကို အတင်းအကျပ် လိုက်လုပ်လို့ မရဘူးလေ။ အတင်းအကျပ် လိုက်လုပ်တော့ ဘာဖြစ်ကုန်လဲ မမြင်ကွယ်ရာမှာ သွားလုပ်ကြတာပေါ့။ မမြင်ကွယ်ရာမှာ လုပ်ကြတော့ တခါ အခြေအနေတွေက ပိုရှုပ်ကုန်လာတယ်လေ။ ဒါကြောင့် အခု လောလောဆယ်အခြေအနေက အာလုံး ရှော့ခ် ရှိတယ်။ အလုပ်လည်း ဘာမျှ မဖြစ် တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဖေဖော်ဝါရီ ၁၃ ရက် ဒီညနေခင်း ၃ နာရီလောက်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ပြည် တွင်း အကယ်ဒမီ(မီးလင်း)ရွှေဈေး တကျပ်သား ရည်ညွှန်းဈေးဟာ ၂,၁၉၆,၀၀၀ ကျပ် ရှိပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁၈၆၄ ဒေါ်လာ ရှိတာကြောင့် ဒီကနေ့ ပြင်ပဈေးကွက်မှာ ပေါက်တဲ့ နိုင်ငံခြားငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာ ၂၈၅၀ ကျပ်နှုန်းနဲ့ တွက်ရင် ပြည်တွင်းအကယ်ဒမီ(မီးလင်း)ရွှေဈေးဟာ တကျပ်သားကို  ၂,၈၃၃,၀၀၀ ကျပ်စွန်းစွန်း ရှိတာပါ။

ဒါကြောင့် ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်ပေးနေတဲ့ ရည်ညွှန်း ရွှေဈေးနှုန်း နဲ့ယှဉ်ရင် တကျပ်သားကို ၆၃၀,၀၀၀ ကျော် ဈေးကွာနေပါတယ်။ ဒီကနေ့ အပြင်မှာ ကြားရတဲ့ ရွှေဈေးနှုန်းက အကယ်ဒမီ(မီးလင်း) တကျပ်သားကို ၂,၈၆၅,၀၀၀ ကျပ်ရှိပါတယ်။

စစ်ကောင်စီက ပြည်တွင်းရွှေဈေးကွက်အပေါ်မှာ စောင့်ကြည့်မှုတွေ ရှိနေတဲ့အပြင် ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက် အပေါ်မှာလည်း ငွေလဲနှုန်းကို ဆွဲတင်ဖို့အတွက် ကောလာဟလသတင်းလွှင့်နေသူတွေကို ဖော်ထုတ်အရေးယူမယ်လို့ ဗဟိုဘဏ်က သတိပေးထားပါတယ်။

ဗဟိုဘဏ်ရဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်လာတဲ့ သတိပေးချက်မှာ ကောလာဟလ သတင်းတွေကြောင့် ပို့ကုန်လုပ်ငန်းရှင်နဲ့ သွင်း ကုန်လုပ်ငန်းရှင်တွေ အပါအဝင် ဘဏ်တွေကလည်း နိုင်ငံခြား ငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်နေတာကို သံသယဖြစ်ဖွယ် တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ဘဏ်တွေအနေနဲ့ ဒီလိုမလုပ်ကြဖို့နဲ့ ဝင်ရောက်ထိန်းကျောင်းပေးဖို့ တာဝန်ရှိပြီး တကယ်လို့ ဝင်ရောက်ထိန်းကျောင်းမှု မရှိတဲ့ ဘဏ်တွေကို အရေးယူမယ့်အပြင် သံသယဖြစ်ဖွယ် ဆောင်ရွက်နေတဲ့ ပို့ကုန်လုပ်ငန်းရှင်၊ သွင်းကုန်လုပ်ငန်းရှင်တွေကိုလည်း ဖော်ထုတ်အရေး ယူ သွားမယ်လို့ သတိပေးထားပါတယ်။

နိုင်ငံခြားငွေကြေးရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ Money Changer လုပ်ငန်းရှင်တဦးက “ကျနော်တို့ဆီမှာ ဒေါ်လာ အရောင်းအ ဝယ် မရှိဘူး။ ဘာလို့လဲဆို ဗဟိုဘဏ် သတ်မှတ်ထားတဲ့ ရည်ညွန်းနှုန်းနဲ့ လာရောင်းတဲ့ သူက မရှိဘူးလေ။ အဲ့တော့ ကျနော်တို့လည်း လာဝယ်တဲ့သူကို ရောင်းစရာ ဒေါ်လာ မရှိလို့ မရောင်းပေးနိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

UAB Bank က ဖေဖော်ဝါရီ ၁၃ ရက်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန် ၁ ဒေါ်လာ ၂၁၀၀ ကျပ် ဆိုပေမဲ့ ပြည်ပရောက် မြန် မာနိုင်ငံသားတွေရဲ့ လုပ်ခလစာ ငွေလဲနှုန်းအတွက်ကိုတော့ အမေရိကန် ၁ ဒေါ်လာ ကို ၂၈၇၀ ကျပ် နှုန်းသတ်မှတ်ပေးထားပြီး စင်္ကာပူ ၁ ဒေါ်လာ ဝယ်ဈေး၊ရောင်းဈေးက ၁၅၈၁ နဲ့ ၁၅၈၆ ကျပ်၊ ထိုင်း ၁ ဘတ် ဝယ်ဈေး၊ရောင်းဈေးက ၆၁ နဲ့ ၆၂ ကျပ် ရှိပါတယ်။DVB

စစ်တပ်တပ်စွဲထားသော မုံရွာမြို့ပေါ် တိုင်းဒေ သကြီးလွှတ်တော်အဆောက်အအုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်တပ်တပ်စွဲထားသော တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း PDF မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်အချိန် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့၊ ကိုဂျင်မီ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မုံရွာမြို့ တိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အအုံကို ပစ်ခတ်ခဲ့ကြောင်း၊ ကနဦး သတင်းများအရ ပစ်မှတ် အဆောက်အအုံရှေ့ မီတာ ၁၅၀ ခန့်အကွာတွင် ကျရောက်ပေါက်ကွဲကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို Shadow Rangers မဟာမိတ်တပ်များက ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

ချင်းပြည်နယ်တွင် ၁၀ ရက်အတွင်း စစ်ကောင် စီတပ်သား ၄၅ ဦးသေဆုံးဟု CNF ဆို

ချင်းပြည်နယ်မြို့နယ်အချို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၀ ရက်ကျော်အတွင်း စစ်ကောင်စီတပ်သား ၄၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကထုတ် ပြန်သည်။

ချင်းအမျိုးသားတပ်မတော်(CNA)၏ တပ်မဟာ(၁)နှင့် တပ်မဟာ(၃)နယ်မြေများတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့များနှင့်ပူပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖော်ဝါရီလ ၁ ရက်မှ ၁၁ ရက်နေ့အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“ချုံခိုပြောက်ကျားနည်းနဲ့ တိုက်ခဲ့တာပါ။ သူတို့က ကားလမ်းအတိုင်းမသွားဘူး တောလမ်းအတိုင်းသွား တော့ ပင်ပန်းတယ်။ နယ်မြေခံမဟုတ်တော့ နယ်မြေကျွမ်းကျင်မှုလည်းမရှိဘူး” ဟု CNA ပြောရေး ဆိုခွင့် ရှိသူဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က CNA တပ်မဟာ(၁)နယ်မြေအတွင်းရှိ မတူပီမြို့နှင်ရေဇွာမြို့အကြား အင်အား ၁၃၀ မှ ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို CNA နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ် သော CDF – Matupi ၊ CDF – Zotung နှင့် CDF – Mara တို့မှ ခြောက်ရက်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဆို သည်။

ယင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

တဖန် CNA တပ်မဟာ(၃)နယ်မြေအတွင်းရှိ ထန်တလန်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီ တပ်သားနှင့် ရဲခြောက်ဦးကို လက် နက်များနှင့်တကွ ဖမ်းဆီးမိခဲ့ကြောင်းဆိုသည်။

ဖေဖော်ဝါရီ ၈ ရက်နေ့က ထန်တလန်မြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ခြေကုတ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးများကို တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး လက်နက် များ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအားလုံးအတွင်း စစ်ကောင်စီတပ်မှ ၄၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၎င်းတို့ထံမှ လက်နက် အလက် ၅၀ ကျော်နှင့် ခဲယမ်းအ မြောက် အမြားသိမ်းဆည်း ယူနိုင်ခဲ့ကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်မှ ၁၂ ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် အနည်းဆုံး ၁၀ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၁၀ ရက်တာ တိုက်ပွဲများအတွင်း CNA ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အာဇာနည်သုံးဦး တိုက်ပွဲဝင် ရင်းကြဆုံးခဲ့ကြောင်း ဖော်ပြထား သည်။mizzima

စစ်ရေးတင်းမာနေသဖြင့် ဖောင်းပြင်-ဟုမ္မလင်း ဗျူဟာလမ်း သွားလာခြင်းမပြုရန် HPDF ထုတ်ပြန်

စစ်ကိုင်းတိုင်းအတွင်းရှိ ဖောင်းပြင်-ဟုမ္မလင်း ဗျူဟာလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ PDF မဟာမိတ်တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေလို့ အသုံးပြုသွားလာတာ ရပ်တန့်ထားကြဖို့ Hommalin People’s Defence Force (HPDF) အဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

“အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဘားအံအခြေစိုက် တပ်မ-၂၂၊ မော်လိုက်အခြေစိုက် တပ်ရင်း-၃၆၅ နဲ့အတူ ရှမ်းနီအမျိုးသားများတပ် မတော် (SNA) ပူးပေါင်းတပ်ဖွဲ့ ခန့်မှန်းအင်အား ၃၀၀ ဝန်းကျင်နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တပ်ထိုင်ထားတဲ့ နတ်နန်း(နမ့်လမ်)ကို ဖေ ဖော်ဝါရီ ၁၁ ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးနေတယ်” လို့ Hommalin People’s Defence Force HPDF အဖွဲ့က ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ဆိုင်ထားဆဲဖြစ်ပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေ ဖောင်းပြင်-ဟုမ္မလင်း ဗျူဟာလမ်း အသုံးပြုခြင်းကို (လုံးဝ) ရပ်တန့်ထားဖို့ HPDF အဖွဲ့က မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၃ ရက်နေ့အထိ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ် မြို့သိမ်းတိုက်ပွဲ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အ ဆိုပါတိုက်ပွဲမှာ စစ်ကောင်စီထောက်ပို့ ရဟတ်ယာဉ် ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။ DVB

မုံရွာမြို့ လဝကရုံး အစောင့် လုံခြုံရေး စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ် ကွက်ရှိ လဝကရုံးတွင် တပ်စွဲထားသော လုံခြုံရေး စစ်တပ်ကို အလစ်အငိုက်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းက အင်အား ၂၀ ခန့်ဖြင့် ညောင်ပင်စောက်လဝကရုံး တွင် တပ်စွဲပြီး လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေး၊ ရှာဖွေ၊ စောင့်ကြည့်နေသော အကြမ်းဖက်စစ်သား၊ ရဲများကို ကားဖြင့် အလစ်အငိုက် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လမ်းသွားလမ်းလာများကို စစ်ဆေး ရန် ရုံးအတွင်းမှ ထွက်လာသော စစ်သား ၅ ဦးအနက်မှ စစ်သား ၃ ဦးထိမှန်သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ ရုံးအ တွင်းပြန်လည်ပြေး ဝင်သွားကြောင်း သိရသည်။

“စစ်ခွေးတွေ ပြန် ပစ်ချိန် မရဘူး၊ လက်နက်ကတော့ ကောက်ဖို့ မလွယ်ဘူး။ ကျနော်တို့အဖွဲ့လည်း ပစ်ပြီး ဒါနဲ့ ပြည်သူတွေ အဲဒီကို မသွားကြဖို့ တစ်ခါတည်းပြောခဲ့တယ်၊ စစ်ခွေးတွေက သူတို့ထိရင် မနိုင်ရင် နိုင်ရာ မည်းမည်းမြင်ရာ ကိုက်တတ်တာမို့၊ အဲဒါကြောင့် ပြည်သူတွေမထိခိုက်အောင် သတိပေးခဲ့တယ်” ဟု Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ် မတော် (Chindwin Attack Force) တပ်ရင်း ၄ ၊ အထူးကွန်ဒိုတပ်ဖွဲ့၊ (Monywa The Boy ) မှ ဦးဆောင်ပြီး အထူးစစ်ဆင် ရေးတပ်ဖွဲ့(Chindwin Attack Force)၊ မုံရွာခရိုင် တပ်ရင်း -၄ တပ်ခွဲ ၄ (5/Teachers People Defence Force PDF ၊ Spring Dove တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

ချင်းပြည်နယ်တွင် ဒေသတည်ငြိမ်နေသည်ဟုဆိုကာ စစ်ဘေးရှောင်များနေရပ်ပြန်ရန် စစ်ကောင်စီတပ် စာထုတ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဒေသတည်ငြိမ်နေသည်ဟုဆိုကာ စစ်ဘေးရှောင်များကို မိမိ နေရပ်သို့ပြန်ရန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်က စာထုတ်၍ဖိအားပေးလာကြောင်း သိရသည်။

ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှတစ်ဆင့် အကြောင်းကြားစာပေးပို့လာခြင်းဖြစ်ကြောင်း ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“စာမှာက အချက်လေးချက်လောက်တော့ပါတယ်။ အခုက ဒေသတည်ငြိမ်းအေးချမ်းနေပါတယ်ပေါ့။ အဲဒါ နဲ့ အိမ်ပြန်ချင်ရင် ပြန်လို့ရတယ် ။ ဒါမှမဟုတ် ပလက်ဝမြို့ထဲမှာ အိမ်ဆောက်နေချင်လည်းရတယ်ဆိုပြီး ပါတယ်။ စာကလည်း မရှင်းမလင်းရေးထားတယ်။ စခန်းတွေကို ပေါင်းထားမယ့် ပုံစံမျိုးနဲ့ပါပဲ၊ ဘာမှမရှင်း မလင်းဘူး။ ကျနော်တို့ ဘယ်မှာနေရမယ်ဆိုတာကို ဆက်ပြီး ဆွေးနွေးနေတယ်လို့တော့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ဘေးရှောင်များအနေဖြင့် လက်ရှိတွင် မိမိနေရပ်သို့ပြန်ရန်မှာ မိုင်းအန္တရာယ်အပြင် စားဝတ်နေရေး အခက်အခဲများရှိနေသည့်အတွက်လည်း စိုးရိမ်မှုများရှိကြောင်း ဆိုကြသည်။

ပလက်ဝမှစစ်ဘေးရှောင်တစ်ဦးက “ကျနော်တို့ အဓိကအခက်အခဲကတော့ နေရပ်ကိုပြန်ရောက်သွားရင် တောင်ယာ၊ လယ်ယာလုပ်ငန်းကိုအဓိကလုပ်ကိုင်စားသောက်ကြရတာပါ။ ကျနော်တို့ တောတောင်တွေ ထဲကိုဝင်ဖို့ဆိုရင် မိုင်းကိစ္စတွေကို စပြီးလုပ်ရမယ့် အပိုင်းတွေရှိတယ်။ နောက်ပြီး စားဝတ်နေရေးအတွက် စိုးရိမ်သလို လုံခြုံရေးအတွက်လည်း စိုးရိမ်ပါတယ်။ အသက်အန္တရာယ်အတွက် အာမခံချက်မရှိတဲ့ နေရာ တွေကို မပြန်ချင်ပါဘူး” ဟု ၎င်းက ဆိုသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ၂၀၁၉ ခုနှစ်မှစတင်သည့်တိုက်ပွဲ များကြောင့် ချင်း၊ ခမီ၊ သက်၊ ဒိုင်းနက်နှင့် ရခိုင်စသည့် မျိုးနွယ်စုဝင် စစ်ဘေးရှောင် ၇,၀၀၀ ခန့်နှင့် စစ် ရှောင်စခန်းစုစုပေါင်း ၂၁ခု ရှိနေခြင်းဖြစ်သည်။

ပလက်ဝမြို့တွင်လည်း ဘောလုံးကွင်းစစ်ဘေးရှောင်စခန်း၊ RC စစ်ဘေးရှောင်စခန်း၊ စိုက်ပျိုးရေးစစ်ဘေး ရှောင်စခန်း၊ အထကစစ်ဘေးရှောင်စခန်းနှင့် ဝိသုဓ္ဓာရုံစစ်ဘေးရှောင်စခန်း ဟူသည့် စစ်ဘေးရှောင်စခန်း ငါးခုတွင် စစ်ဘေးရှောင် ၃,၀၀၀ ကျော်ခန့် ခိုလှုံနေထိုင်လျက် ရှိနေသည်ဟု သိရသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ အဓိက ထောက်ပံ့ပေးထား ခြင်းဖြစ်ကာ စစ်ဘေးရှောင်များအနေဖြင့် ကြုံရာကျပန်းအလုပ်များဖြင့် အသက်မွေးဝမ်းကျောင်းပြုနေ ကြရကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များ နေရပ်ပြန်‌ရေးနှင့်ပတ်သက်၍ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။ mizzima

မဲဆောက်မြို့ရှိ UNHCR ရုံးရှေ့တွင် မြန်မာဒုက္ခသည်အရေး ဆန္ဒပြ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့မှာ မြန်မာဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး မြန် မာနိုင်ငံသားတချို့က ဖေဖော်ဝါရီ ၁၃ ရက် ဒီနေ့မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အခုဆန္ဒထုတ်ဖော်မှုကို Maesot Myanmar Refugee Voice အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး “Myanmar Refugee save”၊ “Recognize and accept Burmese Refugee” စတဲ့စာတန်းတွေကို ကိုင်ဆောင်ပြီး အသံတိတ် ဆန္ဒပြခဲ့တာကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးအရ၊ စစ်ရေးအရ တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂအနေနဲ့ ယူကရိန်းပြည်သူတွေကို ကယ်တင်သလို ကယ်တင်ပေးဖို့နဲ့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ထိုင်းရဲနဲ့ လ.ဝ.က က ငွေညှစ်တာမျိုးတွေ ရှိတယ်လို့ ဆန္ဒပြခဲ့သူ အမျိုးသမီးတဦးက ပြောပါတယ်။

ဒုက္ခသည်တွေ အဖမ်းခံရရင်လည်း ထိုင်းရဲတွေက ငွေကြေး အဆမတန်တောင်းပြီး အဲဒီလိုအခါမျိုးမှာ UNHCR အနေနဲ့ ကူညီဆောင်ရွက်ပေးတာမျိုး မရှိတာကြောင့် ကူညီဆောင်ရွက်ပေးစေလိုပြီး လက်ရှိမှာလည်း ထိုင်းရဲတွေကို ပိုက်ဆံမပေးနိုင်လို့ ဘန်ကောက်ထောင်နဲ့ မဲဆောက် နှစ်ထပ်အကျဉ်းဆောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံရတာ အများကြီးရှိနေတယ်လို့ Maesot Myanmar Refugee Voice တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်ကလည်း မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးအိမ်နဲ့ မဲဆောက်အချုပ်ထောင်ရှေ့မှာ မြန်မာဒုက္ခသည်တွေကို လေးစားအသိအမှတ်ပြုဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။ DVB

မြောင်မြို့နယ်၊ မရိုးကုန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၃ လုံးပြာကျ၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၇ လုံးပြာကျ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၃ လုံးပြာကျခဲ့ကြောင်း Zamani Revolution Force/ MMU Myaung အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၃ လုံးနှင့် Zamani Revolution Force/ MMU Myaung အဖွဲ့၏ စခန်းငယ် ၂ ခုကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

” မရိုးကုန်းရွာကို စစ်ခွေးတွေ ဝင်စီးပြီး ကျွန်တော်တို့ Zamani Revolution Force/MMU Myaung အဖွဲ့ရဲ့ စခန်းငယ် ၂ ခုနဲ့ ပြည်သူပိုင် နေ အိမ် ၂၃ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု Zamani Revolution Force/MMU Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၇ လုံးပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ကျွန်းလှမြို့နယ် ကြာတကန်ရွာကို အကြမ်းဖက် စစ်တပ် ခြေမြန်တပ်ရင်း ၃၆၈ မှ စစ် သား နှင့် ပျူစောထီး အင်အား ၁၂၀ ခန့်က ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့​ပြီး နေအိမ် ၂၇ လုံးပြာကျခဲ့ကြောင်း သိရသည်။

ကြာတကန်ရွာသည် ပြည်သူပိုင် နေအိမ်​ ၁၄၁ လုံးရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က နေအိမ် ၂၇ လုံးနှင့် စစ်ရှောင်တဲ ၃ လုံး အ ပြင် စပါးတင်း ၁၀၀ ကိုပါ မီးရှို့ ပျက်ဆီးခဲ့​ကြောင်း သိရှိရသည်။

” ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်။ နေအိမ် ၂၇ လုံးကိုတော့ မီးရှို့ ဖျက်ဆီးသွားတယ်။ အဲစစ်ကြောင်းက အင်ကြင်းစုရွာကို ထွက် သွား​ပြီလို့ သိရတယ်။ ကြာတကန်ရွာနဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတုန်းပဲ” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

« Older Entries