Monthly Archives: Feb 2023

ရေစကြိုနှင့် ဆိပ်ဖြူတို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။

ရေစကြိုမြို့ အထက ၁ ကျောင်းရှေ့မှာ ကျောင်းစောင့်တာဝန်ချထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၈ နာရီလောက်မှာ မိုင်း ၁ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သေဆုံးနိုင်တဲ့ အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

“စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်သလို မိဘပြည်သူတွေ ပို့သပေးတဲ့ မေတ္တာကြောင့် ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာလည်း ဖေဖော်ဝါရီ ၈ ရက် ညက စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ-၂ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

ရေစကြိုမြို့မှာပဲ စစ်ကောင်စီရဲ့ အထိုင်စခန်းတခုကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ-Black.Tiger တပ်ဖွဲ့ကနေ သိရပါတယ်။

ရေစကြိုမြို့ အမှတ် ၄ ရပ်ကွက်က ငြိမ်းဇာနည် စစ်ကောင်စီတပ်စခန်းကို မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ MBT တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစခန်းက စစ်မှုထမ်းဟောင်းအဆောက်အဦဖြစ်ပြီး စစ်(…)၊ ရဲ(…) တပ်စွဲထားတာဗျ။ ကျနော်တို့ဘက်က ညှပ်တိုက်လို့ စခန်းသိမ်းခါနီးမှာ သူတို့ဘက်က စက်ကလေးသမား တယောက်ပဲ ကျန်တဲ့အချိန်မှာ စစ်(…) အင်အား ၁၀၀ ကျော်လောက် စစ်ကူရောက်လာလို့ ပြန်ဆုတ်ခဲ့ရတာ။”

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ အလောင်းတွေနဲ့ ဒဏ်ရာရရှိတဲ့သူတွေကိုတော့ ဖြူစင်ပရဟိတကားနဲ့ ၃ ခေါက်လောက် သယ်ထုတ်ရတယ်လို့ မျက်မြင်ဒေသခံတွေက သတင်းပေးတယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ ကျနော်တို့ဘက်က မြို့ပတ်ပတ်လည်မှာ မိုင်းတွေဆင်ထားပေမဲ့ ပြည်သူတွေ ထိခိုက်မှာစိုးလို့ မိုင်းမခွဲလိုက်ရတော့ စခန်းမသိမ်းနိုင်ခဲ့တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ပစ်ခတ်သံကြားရင် ဘေးလွတ်ရာနေရာတွေမှာ နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုချင်တယ်။”

အဲဒီတိုက်ခိုက်မှုကို ဗိုလ်ချုပ်အောင်ဆန်း ၁၀၈ နှစ်ပြည့် မွေးနေ့အထိမ်းမှတ်အဖြစ် မုံရွာခရိုင် တပ်ရင်း-၁၂၊ တပ်ခွဲ-၄ မီးတောက်တပ်ခွဲ၊ ချောင်းဦး ပလဖ၊ Banana UG၊ ခွပ်ဒေါင်းနီ ပြောက်ကျားတပ်၊ VOMDY-Front Warrior တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စက်လှေပေါ်အထိ လိုက်လံပစ်ခတ်ပေမဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူနဲ့ ရေစကြိုမြို့နယ်ကြားက ပန်းတိုင်းခြုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ၂ နာရီလောက်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပန်းတိုင်းခြုံကျေးရွာ စာသင်ကျောင်းမှာ တပ်စိပ်နှစ်စိပ်စာ အင်အားနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုအတီးက ပြောပါတယ်။

“ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စခန်းသိမ်းဖို့အထိ ရည်ရွယ်ထားပေမဲ့ ပျူစောထီးတွေ တပ်ကူရောက်လာလို့ ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်။ သူတို့ဘက်က သုံးယောက်သေတယ်လို့ မြေပြင်သတင်းအရ သိရတယ်” လို့ ကိုအတီးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၁၅ မိနစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

ထိတွေ့မှုဖြစ်ပွားချိန်မှာ ကျေးရွာအတွင်းက ပြည်သူတဦး လည်ပင်းမှာ လက်နက်ကျည် ထိမှန်ခဲ့ပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၂ ရက် မနက်က စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း၊ ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC ကနေ သိရပါတယ်။

ဆိပ်ဖြူမြို့နယ် ထမ္မကောက်ရွာဘက်ကို အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး စာသင်ကျောင်းနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁၂ ရက် မနက် ၉ နာရီ ၅၀ မိနစ်လောက်က ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း ၇ စင်းနဲ့ ဗုံးသီး ၈ လုံးဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ PPC ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘုန်းလူက ဒီဗွီဘီကို ပြောပါတယ်။

“ဗုံးသီးတွေကတော့ စစ်(…)တွေနဲ့ အနီးဆုံးနေရာတွေမှာ ကျရောက်ပေါက်ကွဲကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပြီး ခွေး ပြေးဝက်ပြေး ထွက်ပြေးကြတယ်။”

အဲဒီတိုက်ခိုက်မှုကို SPPDF ဗိုလ်မထားတပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ်-၁၃ PPDF၊ တိုက်မောင်းအဖွဲ့၊ Dog Hunter UAV Force ဒရုန်းတပ်ခွဲ-၄၊ King Fighter SGF တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ညီနောင်မဟာမိတ်ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

ရွှေဘို၊ တင့်တယ်ရွာနှင့် ကျောက်မြင့်ရွာကို စစ်တပ်က မီးတင်ရှို့ပြီး ပြည်သူ ၃ ဦး ကို စစ်တပ်က မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ရွာနှင့် ကျောက်မြင့်ရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် မီးရှို့ပြီး တင့်တယ်ကျေးရွာမှ ပြည်သူ ၃ ဦး ကို စစ်တပ်က မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က သီးလုံးရွာနှင့် မြင်းချင်းရွာတို့တွင် တပ်စွဲထားသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများ သည် အင်အားအများအပြားဖြင့် အနီးရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့် ကျေးရွာတို့အတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးပြီး အမျိုးသား၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို မီးရှို့သတ်ဖြတ်သွားခြင်းဖြစ် ကြောင်း သိရသည်။

“အမျိုးသား ၂ ဦးနဲ့အမျိုးသမီး ၁ ဦးကို မီးရှို့သတ်သွားတာ၊ အမျိုးသား၁ ဦးဆိုရင် လည်လှီးခံရ တယ်၊ အမျိုးသမီးက သိပ်စိတ်မနှံ့သူ။ ရွာသားတွေထွက်ပြေးတော့ သူ့ကိုခေါ်သေးတယ်၊ မရတာ၊ သတ်မယ်လည်း ထင်မထားလို့၊ ရွာထဲဝင်မီးရှို့တော့ ရွာသားတွေက ရွာပြင်ဘက်ကနေ ကြည့်ကြတာကို ရွာထဲမှရှိတဲ့ သုံးတပ်တိုက်အပေါ်တက်ပြီး စက်သေနတ်နဲ့ဆွဲပစ်တာ၊ တစ်ယောက်ပေါင်ထိဒဏ်ရတယ်” ဟု ဒေသခံရွာသားက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၅၀ ခန့်ရှိသော တင့်တယ်ရွာသည် တစ်ရွာ လုံး နီးပါး၊ အိမ်ခြေ ၁၅၀ ခန့်ရှိသော ကျောက် မြင့်ရွာမှာ အိမ်ခြေ ထက်ဝက်နီးပါး မီးလောင်ပြာ ကျခဲ့ကြောင်း ၊ အကြမ်းဖက်စစ်တပ်၊ ပျူစောထီးများက နေအိမ်များအပြင် လယ်ယာသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း များ ၊ အိမ်သာများပါမချန် အားလုံးကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဘုရားစင်တောင် မချန်ဘူး၊အကုန်ရှို့သွားတာ၊ ကျောက်မြင့်ရွာဆိုရင် မြင်းချင်းရွာ ပျူစောထီးတွေကို စပါးစိုက်ချင်လည်း ဆက်ကြေးပေးရတယ်၊ လယ်ထွန်ချင်လည်း ဆက်ကြေးပေးရတယ်၊ စပါးရိတ်လည်း ဆက် ကြေးပေးရတယ်၊ ဘာလုပ်ချင်၊ လုပ်ချင် ဆက်ကြေးပေးနေရတာ၊ လယ်ဧကများရင်များသလို ပေး ရတယ်၊ တစ်သိန်းခွဲ၊ တစ်သိန်း၊ ငါးသောင်း၊ အရက်၊ ဆီ၊ဆန်အဲလိုရိက္ခာတွေလည်း ပေးရတယ်၊ အရင်က တော့ အေးရင်ပြီးရောဆိုပြီးနေခဲ့ကြတာ၊အခုတော့ ရွာပါမီးရှို့ဖျက်ဆီးသွားပြီ” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။ khit thit

လျှပ်စစ်စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားရင်းနှီး မြှုပ် နှံမှုပမာဏ ဒေါ်လာ သန်း ၈၂၀ ကျော်ရရှိထား

ပြည်တွင်းရှိ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၈၂၀ ကျော်မြှုပ်နှံထားကြောင်း စစ်ကောင်စီလက် အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၈၂၀ ကျော်မှာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ ရရှိထားသော စာရင်းများဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိရရှိထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် လျှပ်စစ်စွမ်းအင် ကဏ္ဍမှ ဒေါ်လာ သန်း ၈၂၀ ကျော်ဖြင့် အများဆုံးရရှိထားပြီး၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှ ဒေါ်လာ သန်း ၂၀၀ ကျော် ရရှိထားခြင်းဖြစ်သည်။

ထို့ပြင်၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်း ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော် ဖြင့် တတိယအများဆုံးဖြစ်သည်။

“ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှုတွေမှာ ဘဏ္ဍာနှစ်တိုင်း လျှပ်စစ်စွမ်းအင်ကဏ္ဍက နိုင်ငံခြားငွေအများဆုံးရ တယ်။ ပြည်တွင်းမှာ လျှပ်စစ်စွမ်းအင်ပြည့်ပြည့်ဝဝ လုံလောက်အောင်မပေးစွမ်းနိုင်တာဟာ ပြည်ပကို ဦးစားပေးအနေနဲ့သတ်မှတ်ထားပြီး နိုင်ငံခြားငွေအများဆုံးရဖို့ ကြိုးပမ်းနေတာကြောင့်ပဲ” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း လျှပ်စစ်ယာဉ်များ ထုတ်လုပ် သည့်လုပ်ငန်း၊ ဆေးဝါးနှင့်ကျန်းမာ ရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဟုဆိုကာ ပြည် တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ထားသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားရှစ်မျိုးမှာ ဓာတ်မြေသြဇာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဘိလပ် မြေထုတ်လုပ်ခြင်းလုပ်ငန်းများ၊ သံ မဏိထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ် ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ် လုပ်မှုလုပ်ငန်းများ နှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်ကြောင်းသိရသည်။mizzima

ဗန်းမော်ခရိုင်တွင် KTV လိုင်စင်သက်တမ်းတိုးကြရန် စစ်ကောင်စီ ညွှန်ကြား

KTV ကာရာအိုကေလုပ်ငန်းလိုင်စင် သက်တမ်းတိုးကြဖို့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီခန့် ခရိုင်စီမံအုပ်ချုပ်ရေးဌာန ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင်အတွင်းမှာရှိတဲ့ KTV လုပ်ငန်းရှင်တွေနဲ့ ဗန်းမော်မြို့ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီ ‌၁၃ ရက်က တွေ့ဆုံမှာကြားခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင်မှာရှိတဲ့ KTV လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင်တွေ မရသေးဘူးဆိုရင် လုပ်ငန်းလိုင်စင် လျှောက်ထားကြဖို့နဲ့ လုပ်ငန်းလိုင်စင် ရရှိထားသူတွေလည်း သက်တမ်းကုန်ဆုံးနေပါက သက်တမ်းတိုးပြီး လျှောက်ထားကြဖို့၊  KTV လုပ်ငန်းရှင်တွေအနေနဲ့ ဥပ‌ဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ကြဖို့နဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အလေးထားလိုက်နာကြဖို့ အဲ့‌ဒီတွေ့ဆုံပွဲမှာ ဦးခင်မောင်လွင်က ညွှန်ကြားထားတယ်လို့  Non CDM ဝန်ထမ်းတဦးက ပြောပါတယ်။

ဗန်းမော်မြို့မှ KTV လုပ်ငန်းရှင်တဦးက “မီးသတ်ဦးစီးမှူး ဦးစိုးခိုင်က KTV မှာ မီးဘေးလုံခြုံဖို့ ဘယ်လိုကာကွယ်ရမလဲဆိုပြီး အကြောင်းပြကာ KTV လုပ်ငန်းရှင်‌တွေကို အစည်းအဝေး ခေါ်တာပါ။ မီးဘေးလုံခြံရေးလက်မှတ် ထုတ်ပေးဖို့ ပြောတာပါပဲ။ တကယ်တမ်းကျတော့ လိုင်စင်မတင်ရ‌သေးတဲ့ KTV ပိုင်ရှင်တွေကို လိုင်စင်တင်ကြဖို့နဲ့ လိုင်စင်သက်တမ်းကုန်ဆုံးရင်လည်း ထပ်ပြီး သက်တမ်းတိုးကြဖို့ တိုက်တွန်းချင်တဲ့ သဘောပါပဲ။ ရှင်းရှင်းပြောရရင် အခွန်ဆောင်ခိုင်းတဲ့ သဘောပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဗန်းမော်မြို့မှာ ကချင်-တရုတ် ဖက်စပ်တွေများတော့ အပျော်အပါး မက်မောကြတယ်။ KTV ရုံတွေမှာ ညဘက်ဆို စည်ကားနေတာပဲ။ အ ပျော်အပါး လောင်းကစားဝိုင်းတွေမှာ တရုတ်ဖက်စပ်တွေ ပိုတွေ့ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် KTV တွေ လောင်းကစားဝိုင်းတွေနဲ့ ဒုစရိုက်မှုမျိုးစုံကို စစ်ကောင်စီတပ်တွေထံ ဆက် ကြေးပေးပြီး ပိုမိုလုပ်ကိုင်လာနေကြတာ ဖြစ်ပါတယ်။ DVB

ကြံ့ဖွတ်ပါတီဝင်များ၊ မဘသများ၊ အမျိုးသားရေးသမားများ၊ စစ်တပ်ထောက်ခံသူများ၊ အ ရာရှိဟောင်းများနှင့်စစ်မှုထမ်းဟောင်း အများအပြား လိုင်စင်ဖြင့် လက်နက် ကိုင်ဆောင်ခွင့် လျှောက် ထားနေကြ

အကြမ်းဖက်စစ်ကောင်စီက လိုင်စင်ဖြင့်လည်းကောင်း၊ ပါမစ်ဖြင့်လည်းကောင်း လက်နက်ကိုင်ဆောင်ခွင့်လျှောက် ထား နိုင်ကြောင်း ထုတ်ပြန်ပြီးနောက် ကြံ့ဖွတ် ပါတီဝင်များ၊ မဘသများ၊ အမျိုးသားရေး အစွန်းရောက်နှင့်စစ်တပ်ထောက် ခံသူ များ ၊ အရာရှိဟောင်းနှင့်စစ်မှုထမ်းဟောင်းများ လိုင်စင်ဖြင့် လက် နက်ကိုင်ဆောင်ရန် လျှောက်ထားသူ များပြား ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ပြောသည်။

“လိုင်စင်နဲ့ သေနတ်ကိုင်ဖို့ လျှောက်တာ အတော်များပါတယ်။ အခု လျှောက် လွှာတွေ အတော်တက်နေတယ်လို့ သိရပါတယ်။ ဒါတွေက မြို့ နယ်၊ ခရိုင်၊ တိုင်း/ ပြည်နယ် အဆင့်ဆင့် တက်ပြီး ပြည်ထဲရေးဝန်ကြီးက လိုင်စင်နဲ့ သေ နတ် ကိုင်ဆောင်ခွင့် ပြု၊ မပြု ဆုံးဖြတ်မယ်။ ပါမစ်နဲ့ သေနတ်ကိုင်ဆောင်ခွင့်က သိပ်မလျှောက်ကြဘူး။ ပါမစ်နဲ့ ကိုင်တာက အဖွဲ့အစည်းတွေကပဲ လျှောက်ရမယ့် အမျိုးအစားပါ။ လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်အတွက် အရမ်းလျှောက်ကြတယ်” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။

လိုင်စင်ဖြင့် ကိုင်ဆောင်နိုင်သော သေနတ်များမှာ ဒသမ ၃၈ လက်မနှင့် ၎င်းထက်ပြောင်း၀ငယ်သော ဆုံလည်သေနတ်(ဥပမာအားဖြင့်-ခြောက် လုံးပြူး )၊ ၉ မီလီမီတာနှင့် ၎င်းထက် ပြောင်း၀ငယ်သော ပစ္စတို သေနတ်၊ ပြောင်းချောသေ နတ်၊ လေသေနတ်၊ အမဲလိုက် သေနတ်များ ပါဝင်ကြောင်း သိရှိရသည်။

ပါမစ်ဖြင့် ကိုင်ဆောင်နိုင်သော သေနတ်များမှာ ရိုင်ဖယ်သေနတ်များ၊ စက်သေ နတ်ကလေး အုပ်စုဝင် သေနတ်များ ၊ ၉ မီလီမီတာ (သို့မဟုတ်) ဒသမ ၃၈ လက် မထက် ပြောင်း၀ ကျယ်သော သေနတ်များဖြစ်ကြောင်း၊ ပါမစ်ဖြင့် ကိုင်ဆောင်မည့် သေနတ်များကို နိုင်ငံတော်ပိုင် သေနတ်အဖြစ် မြို့နယ်ရဲတပ်ဖွဲ့တွင် မှတ်ပုံတင် စာရင်းသွင်းပြီးမှ ကိုင်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ခွင့်ရ ကြိုးစားနေသူများတွင် စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးလည်းပါဝင်ပြီး သေနတ် ကိုင်ဆောင်ခွင့် ရရန် ၎င်း၏ လူမှုကွန်ရက် တယ်လီဂရမ်မှတစ်ဆင့် ရေးသား တောင်းဆိုလျက်ရှိနေသည်ကို တွေ့ရှိရသည်။

“ဥပဒေကို ဖတ်ကြည့်တော့ နိုင်ငံတော်ကို သစ္စာ ရှိတဲ့သူဖြစ်ရမယ်လို့ ရေးထားကတည်းက စစ်တပ်နဲ့ အဆင်ပြေတဲ့ သူတွေကို တရားဝင် သေ နတ်ထုတ်ပေးဖို့ လုပ်တာပါပဲ။ အခုက PDF နဲ့ လူငယ်တွေ လက်ထဲမှာ သေနတ်တွေ ရှိနေပြီ။ စစ်တပ်က သူ့ထောက်ခံသူတွေကို မကာကွယ်ပေးနိုင်တော့ သေနတ်ထုတ်ပေးလိုက်တာပါ။ သေနတ်ကိုင်ဆောင်ခွင့် ဆိုတာ သာမန် အရပ်သားပြည်သူကို မပေးပါဘူး။ စစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေးသမား၊ စစ်တပ်ထောက်ခံသူ၊ ကြံ့ခိုင်ရေး ပါတီဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေကို အဓိက ပေးမယ်သဘော။ နောက်တစ်ခါ ရပ် ကွက်အုပ်ချုပ်ရေး အဖွဲ့တွေကို ပေးလိမ့်မယ်။ ဒီအတွက် ဒါကို ထုတ်တာပဲ” ဟု တပ်ဘက်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လူမိုက် လူဆိုးများက စစ်တပ်အတွက် ပျူစောထီး (သို့မဟုတ်) ပြည်သူ့စစ်များ အဖြစ် အလုပ်လုပ်ပေးနေ ရာ တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ပေးအပ်လိုက်ပါက ပြည်သူများအပေါ် ပိုမို ဖိနှိပ် ခြိမ်း ခြောက် လာမည်ကို ပြည်သူများက စိုးရိမ်နေကြသည်။

“ကျနော်တို့ အင်းစိန် ကမ်းနားမှာဆိုရင် ကျော်ဝင်းစိန် ကျင်ဟုတ် လူမိုက်တွေ ပြည်သူတွေကို လက်နက်ပြပြီး ဖိနှိပ်နေတာ။ ခြိမ်းခြောက်နေတာ။ လက်နက် ကိုင်ဆောင်ခွင့် တရားဝင်ရရင် သူတို့ လူမိုက်တွေ ပြည်သူကို ပိုပြီး ဖိနှိပ်လာမယ်လို့ ထင်တယ်” ဟု အင်းစိန် ကမ်းနားမှ ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လိုင်စင်ဖြင့် သေနတ် ကိုင်ဆောင်ရာတွင် လူပုဂ္ဂိုလ်တစ်ဦးလျှင် သေနတ် ၃ လက်ကိုင်ဆောင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ khit thit

၂၀၁၇ ခုနှစ်မှပုံအဟောင်းများသုံးကာ ဗယ်လင်တိုင်းဒေးနေ့မြင်ကွင်းများဟု ပြန်လည်ဖြန့်ဝေနေ

ပြည်သူ့ရင်ပြင်တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သွားလာနေကြသည့် ဓာတ်ပုံ အဟောင်းများအသုံးပြုကာ ယခုနှစ် ဗယ်လင်တိုင်းဒေးမြင်ကွင်းများဟု ပြန်လည်မျှဝေမှုများရှိနေသည်။

သတင်းစောင့်ဖတ်သူ ၁၂,၀၀၀ ကျော်ရှိသည့် “အမွှေစိန်”အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ “ယနေ့ မြန်မာ နိုင်ငံတစ်နိုင်ငံလုံး မနိုင်မနင်း အထုတ်အပိုးများသယ်ဆောင်၍ သွားလာနေကြသူများ အများအပြားတွေ့ ရစဉ်၊ တောထဲက ငနုံများအတွက် ကျွတ် ကျွတ် ကျွတ်”ဟု (မူရင်းအရေးအသားအတိုင်း) လူငယ်များ အရုပ်များပန်းစည်းများ သယ်ဆောင်နေသည့်ပုံများကို ဖြန့်ဝေထားသည်။

ထိုအကြောင်းကို အခြားတယ်လီဂရမ်ချန်နယ်သုံးခုအပြင် ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

ထိုပုံများနှင့်ပတ်သက်ပြီး မဇ္ဈိမမှအချက်အလက်ရှာဖွေခဲ့ရာ မြန်မာမီဒီယာတစ်ခုဖြစ်သည့် “Eleven Media” ၏ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်က တင်ထားသည့် ပုံဟောင်းများဖြစ်ကြောင်း စစ် ဆေးတွေ့ရသည်။ Eleven Media ၏ ဖော်ပြမှုတွင် “ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်၌ Valentine Day တွင် လာ ရောက်လည်ပတ်ကြသည့် စုံတွဲများနှင့်စည်ကားလျက်ရှိနေကြောင်း သိရသည်” ဟု ရေးသားထားသည်။

Eleven Media ၏ ၂၀၁၇ ခုနှစ်က ဖော်ပြမှု – https://bit.ly/3RUORAf

လက်ရှိရန်ကုန်မြို့အတွင်း သွားလာလှုပ်ရှားနေသူတစ်ဦးက“ပြည်သူ့ရင်ပြင်က အရင်ထဲကလူစည်နေကျ၊ ဒီနှစ်က ဗိုလ်တစ်ထောင်ကမ်းနားဖက် ပိုစည်ပါတယ်” ဟု ဆိုသည်။

ထို့ကြောင့် လက်ရှိ လူမှုကွန်ရက်တွင်ဖြန့်ဝေနေသည့် ပြည်သူ့ရင်ပြင်မှ ဗယ်လင်တိုင်းဒေးမြင်ကွင်းပုံများ မှာ ၂၀၁၇ ခုနှစ်မှပုံအဟောင်းများသာဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

လှိုင် PDF အမည်ခံအဖွဲ့မှ တရားခံများအား ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီထုတ်ပြန်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်လေးခု၌ အကြမ်းဖက်လုပ်ငန်းဆောင်ရွက်သူများဟုစွပ်စွဲပြီး အမျိုးသားခုနစ်ဦးအား လွန်ခဲ့သည့်ရက်သတ္တပတ်ကဖမ်းဆီးရမိကြောင်း စစ်ကောင်စီမှထုတ်ပြန်ထား သည်။

ဖမ်းဆီးခံရသူများမှာ ဇန်နဝါရီလ ၃၀ ရက်နေ့ကဖြစ်ပွားခဲ့သော လှိုင်မြို့နယ်၊(၂)ရပ်ကွက်၊ ဘုရင့်နောင် လမ်း၊ ရတနာမွန်အိမ်ယာ၏ တိုက်တစ်တိုက်အရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားရာမှ သေဆုံးခဲ့ရသော ရွှေဝါဆပ် ပြာစက်ရုံ၊ ဒုအထွေထွေမန်နေဂျာ ဦးမြင့်စိုး(စစ်မှုထမ်းဟောင်းငြိမ်း)အား ပစ်ခတ်ရှင်းလင်းခဲ့သည့် ဖြစ်စဉ် နှင့် ဆက်စပ်သူများဖြစ်ကြောင်း စစ်ကောင်စီဘက်မှစွပ်စွဲထားသည်။

၎င်းဖြစ်စဉ်မှ ဦးတင်စိုး(ခ)ဘိုးတော်အား ဖေဖော်ဝါရီလ ၇ ရက် နေ့လယ်ပိုင်းတွင် လှိုင်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ အေးရိပ်မွန်လမ်းမပေါ် ၌လည်းကောင်း၊ ဦးအေးသိန်းအား ထိုနေ့ညနေပိုင်းတွင် ရွှေဝါစက်ရုံဝန်း အတွင်း၌ပင်လည်းကောင်း၊ ဦးချစ်ကိုအား ညပိုင်းတွင် ကမာရွတ်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ခေမာလမ်း ရှိ တိုက်တစ်တိုက်တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ဖမ်းဆီးရမိသူတို့၏ ထွက်ဆိုချက်များအရ လှိုင် PDF အမည်ခံအဖွဲ့ဝင် အောင်ဇော်လင်း(ခ)အောင်ကြီး ၊ အောင်ခန့်ဖြိုး(ခ)မိုးတိမ်၊ ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်းနှင့် ညီညီထွေး(ခ)သံချောင်းတို့လေးဦးအား ဖေဖော်ဝါရီ လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် အသီးသီးဖမ်းမိခဲ့ကြောင်း ဆိုသည်။

လှိုင် PDF အဖွဲ့အမှန်တကယ် ရှိ မရှိနှင့် ယခုဖမ်းဆီးခံထားရသူများထဲတွင် လှိုင် PDF ရဲဘော်များပါဝင် ခြင်း ရှိ မရှိ ထပ်မံစုံစမ်းရာ“ ဒီထဲမှာတော့ ကျွန်တော်သိတဲ့သူမပါဘူး။ Hlaing PDF ဆိုတာရှိတယ်။ ကိုယ် ပိုင်နာမည်နဲ့ ထထပြီးထောင်တဲ့ PDF အဖွဲ့တွေပေါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တရားခံများ၏ထွက်ဆိုချက်ဟုဆိုကာ လှိုင် PDF အမည်ခံအဖွဲ့အား NLD ပါတီမှ အင်းစိန်မြို့နယ်၊ အမှတ် (၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဝေဖြိုးဟန်နှင့် ကြိုးကြာ(ခ)သန်းဝင်းထွန်း(ခ) ဘိုဘားတို့ခေါင်းဆောင်၍ ၁၂ ယောက်ပါဝင်သော လှိုင် PDF အဖွဲ့အား ဖွဲ့စည်းခဲ့သည်ကို ဖော်ထုတ်သိရှိရ ကြောင်းထုတ်ပြန်ကာ ခေါင်းဆောင်နှစ်ဦးအား ဖမ်းဆီးရန်ကျန်တရားခံများအဖြစ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။mizzima

ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၇ တပ်ရင်း ကင်းဂိတ်ကို လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ရင်း ကင်းဂိတ်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၆ နာရီခွဲလောက်မှာ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က လက်နက်ကြီး ၄၀ မမ လောင်ချာနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုမှာ လက်နက်ကြီးကျည်ဟာ ကင်းဂိတ်အပေါ် တည့်တည့်ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိ ခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေတယ်လို့ MSRO ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် MSRO ရဲဘော်တွေ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၇ ကင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၇ တပ်ရင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသလို အဲဒီတိုက် ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

မွန်ပြည်နယ်၊ ရေးမြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ညနေ ၆ နာရီကနေ မ နက် ၆ နာရီအတွင်း လမ်းပေါ်ထွက်သွားလာနေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ရင်းတွေက ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ DVB

ရေးမြို့အခြေစိုက် ခမရ ၅၈၇ တပ်ရင်းဂိတ်စခန်းကို ဗုံးပစ်လောင်ချာဖြင့် တိုက် ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့အခြေစိုက် ခမရ ၅၈၇ တပ်ရင်း ဂိတ်စခန်းကို ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဗုံး၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည် နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ခမရ ၅၈၇ ကင်းဂိတ်စခန်းရှိ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုမသိရ သေးကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ ကြောင်း ၊ နောက်နောင်တွင်လည်း ရေးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အတူ ဒေါက်တိုင်များကို အလျဉ်းသင့်သလို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကင်းဂိတ်ထဲမှာ စစ်ခွေး ၃ ကောင်ရှိတယ်၊ ၄၀ မမ ဗုံးသီးတစ်လုံးပစ်လိုက်တာ၊ ဂိတ်ကင်းထဲ တည့်တည့် ကျပြီးပေါက်ကွဲခဲ့တယ်၊ စစ်ခွေးသေ ဆုံးထိခိုက်မှုတော့ စုံစမ်းနေတုန်းပါ၊ သိရရင် ထုတ်ပြန်ပေးပါ့မယ်၊ ကျနော်တို့ရဲဘော်တွေ ပြန်ဆုတ်လာတဲ့အချိန်တော့ ပြန်ပစ်တာမကြားရဘူး၊ နောက်ပိုင်းတော့ မသိတော့ ဘူး” ဟု မွန်ပြည် နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။khit thit

« Older Entries