ပြည်ပထွက်ခွာလိုသူများ ဗုဒ္ဓဂါယာဘုရားဖူး မဖြစ်မနေသွားမှ ပတ်စ်ပို့ရနိုင်

မြန်မာနိုင်ငံမှာ ပတ်စ်ပို့ရုံးတွေ ပိတ်ထားတာ အချိန် ၁ လကျော် ရှိနေပြီး လက်ရှိမှာတော့ ပတ်စ်ပို့သက်တမ်းတိုးတာနဲ့ အသစ်လုပ်ပေးတာကို ဗုဒ္ဓဂါယာဘုရားဖူးသွားတဲ့ လမ်းကြောင်း တခုတည်းသာ ဖွင့်ထားတာကြောင့် ပြည်ပထွက်မယ့်သူတွေဟာ မဖြစ်မနေ ဗုဒ္ဓဂါယာ ခရီးစဉ်ကို ရွေးချယ်နေရပါတယ်။

ဗုဒ္ဓဂါယာအတွက် ပတ်စ်ပို့စာအုပ်ပြုလုပ်ခ ငွေကျပ် ၁ သိန်းဝန်းကျင်ရှိပြီး ကြာချိန်က အချိန် ၁ လဝန်းကျင် စောင့်ဆိုင်းရပါတယ်။ ခရီးစဉ် ကုန်ကျစရိတ်ဟာ အနိမ့်ဆုံး မြန်မာငွေကျပ် ၁၄ သိန်းကနေ ၂၅ သိန်းအထိ အစားစားရှိတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

“ဒီကာလမှာ လုပ်တဲ့သူတွေသည် ၉၉ ရာခိုင်နှုန်းသောလူက ပတ်စ်ပို့ PV စာအုပ် ရရှိရေးအတွက် ဦးတည်ပြီး လုပ်ကြတာလေ။ ဒါပေမဲ့ ပတ်စ်ပို့လုပ်ပြီးရင်တော့ ဗုဒ္ဓဂါယာ သေချာပေါက် သွားရတယ်။ သွားပြီးရင် စာအုပ်ရဲ့ Arrival တုံး၊ Departure တုံးတွေကို Print ပြန်ထုတ်ပြီး ဘုရား ဖူးအစီအစဉ်နဲ့ အိန္ဒိယကိုသွားထားတာ မှန်ကန်ပါတဲ့အကြောင်း Approve လုပ်တဲ့ သဘောမျိုးနဲ့ သာသနာရေးနဲ့ ပြည်ထဲရေးကို တင်ရတယ်။”

ဒီကိစ္စတွေလုပ်ဖို့ အချိန် ရက် ၃၀ လောက်ကြာမြင့်ကာ Letterhead နဲ့ ပြည်ထဲရေးနဲ့ သာသနာရေးကို တင်ပေးပြီး ၇ ရက် (သို့မဟုတ်) ၁၀ ရက်၊ ၁၃ ရက်လောက်ကြာရင် သာသနာရေးကနေ ပတ်စ်ပို့ရုံးမှာ ဝင်လုပ်ရမယ့် ရက်ချိန်းပေးကြောင်း၊ အသက်အရွယ် အပိုင်းအခြားက ၄၀ အောက်ဆိုရင် မိဘအုပ်ထိန်းသူတယောက်ယောက် ပါရပြီး သက်ကြီးပိုင်းတွေပါရင် တွဲတင်ပေးတယ်လို့ ဗုဒ္ဓဂါယာ ဘုရားဖူးအေးဂျင့်တခုက ပြောပါတယ်။

ဗုဒ္ဓဂါယာဘုရားဖူး ခရီးစဉ်တွေဟာ ၃ ညအိပ်၊ ၄ ညအိပ်၊ ၇ ညအိပ်နဲ့ ၁၄ ညအိပ် အစားစား ရှိပြီး လူဦးရေ ၅ ယောက်၊ ၆ ယောက်ကစလို့ အုပ်စုလိုက် Package tour တွေ သွားကြတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

ဘုရားဖူးလမ်းကြောင်းနဲ့ ပတ်စ်ပို့လုပ်သူတွေဟာ ဗုဒ္ဓဂါယာကို မဖြစ်မနေ သွားရမှာဖြစ်ပြီး အဲဒီက ပြန်လာမှသာ တခြား မိမိသွားလိုတဲ့ နိုင်ငံရပ်ခြားတခုခုကို ဆက်သွားနိုင်မှာ ဖြစ်တယ်လို့ ပတ်စ်ပို့အကျိုးဆောင်တွေက ပြောပါတယ်။

ပတ်စ်ပို့အကျိုးဆောင်တဦးက “အသွားအပြန် လေယာဉ်လက်မှတ် ဝယ်ရတယ်။ ဗုဒ္ဓဂါယာကို အသွားအပြန် သွားထားရတယ်။ သွားပြီးမှ အဲ့ဒီပတ်စ်ပို့နဲ့ နောက်ထပ်တနေရာ ထပ်သွားချင်ရင် ဗုဒ္ဓဂါယာကို တကယ် ဘုရားဖူးသွားထားလားလို့ ကြည့်တော့။ အဲ့တော့ မှတ်ပုံတင်မှာလည်း ဗမာ ဗုဒ္ဓ ဖြစ်ဖို့လိုတယ်။ တခြားဘာသာဆို မရဘူး။ တကယ်လို့ အဲဒီစာအုပ်ရထားပြီး ဂါယာမသွားထားဘူးဆိုရင် ပြဿနာရှိတယ်။ အေးဂျင့်မှာလည်း ပြဿနာရှိတယ်။ ကိုယ့်မှာလည်း တခြားနိုင်ငံတခုကို သွားမယ်ဆိုရင် သူတို့က ဒါတွေ ပြန်စစ်တာ။ ဥပမာဆို ပေးမထွက်ဘူးပေါ့။ မသွားဘူး၊ လေယာဉ်လက်မှတ်ပဲ ဝယ်ထားတယ်ဆို Blacklist တင်တာ။ အရေးယူတာရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ခရီးသွားအေးဂျင့်တွေကတော့ မတ်လအတွင်း ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ်တွေ အားလုံးနီးပါး လူပြည့်နေပြီး ဧပြီလအတွက်ပဲ ရနိုင်တော့မယ်လို့ ပြောပါတယ်။ ဗုဒ္ဓဂါယာခရီးစဉ်ကို တခါထွက်ရင် လူ ၅၀ ကနေ ၁၀၀ ကြား ထွက်ပြီး တလကို အနည်းဆုံး ၃ ကြိမ်ကနေ ၄ ကြိမ်၊ ၅ ကြိမ်လောက် ထွက်တယ်လို့ သိရပါတယ်။

တနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကို System update ကြောင့် ပိတ်တာလို့ စစ်ကောင်စီက ဇန်နဝါရီ ၂ ရက်မှာ ကြေညာခဲ့ပြီး ပြန်ဖွင့်မယ့်ရက်ကိုတော့ မကြေညာသေးပါဘူး။

ပတ်စ်ပို့ရုံးတွေ ပိတ်ထားတဲ့အတွက် ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ ပညာရေး စတာတွေအတွက် ပြည်ပထွက်လိုတဲ့ ပြည်သူတွေ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ ပတ်စ်ပို့အကျိုးဆောင်တွေကတော့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ပတ်စ်ပို့ရုံးတွေ ပြန်ဖွင့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s