Monthly Archives: Feb 2023

မဏိပူပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်အချို့ နှင်ထုတ်ခံရမည့် အရေးကြုံတွေ့နေ

အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်များ ခိုလှုံနေသော ကျေးရွာတစ်ရွာသို့ ဒေသအာဏာပိုင်များ လာရောက်၍ တ ရားမဝင်နေထိုင်သဖြင့် မြန်မာနိုင်ငံသို့ ပြန်ကြရန်ပြောဆိုခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် နယ်မြေခံရဲ အင်အား ၄၀ခန့်သည် မြန်မာစစ်ဘေးရှောင်များ ခိုလှုံနေသည် Gampha Jol ကျေးရွာသို့ ရောက်လာခဲ့ပြီး တရားမဝင်နေထိုင်ခြင်းဖြစ်သောကြောင့် မိမိတို့တိုင်းပြည်သို့ ပြန်ကြရန် ရွာလူကြီးကို ပြောဆိုကြောင်း သိရသည်။

“ကျနော်တို့ စစ်ဘေးရှောင်ထဲက အိမ် သုံးလုံးကို ဖျက်ဆီးခဲ့ကြပြီး တစ်ပတ်အချိန်ပေးမယ်ပြောတယ်၊ တစ်ပတ်အတွင်း ထွက်မသွားရင် ဘူဒို ဇာနဲ့ အိမ်တွေကိုဖျက်မယ်၊ ရွာကိုလည်းမြေလှန်မယ်လို့ ပြောတယ်” ဟု မြန်မာစစ်ဘေးရှောင်ခေါင်းဆောင်တစ်ဦးက ပြောသည်။

သို့ရာတွင် စစ်ဘေးရှောင်များအနေဖြင့် တမူးမြို့နယ်အတွင်းရှိ ၎င်းတို့ကျေးရွာတွင် တိုက်ပွဲများဖြစ်ခဲ့ပြီး လူနေအိမ်များလည်း မီးရှို့ခံခဲ့ရသဖြင့် အသက်အန္တရာယ်စိုးရိမ်ရ၍ လုံခြုံမှုမရှိသည့်အတွက် ပြန်လိုခြင်းမရှိကြောင်း ဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက်တွင် ဒေသတွင်းရှိ ရဲစခန်းမှူးက ရွာမှထွက်ခွာကြရန်နှင့် ၎င်းတို့အနေဖြင့် အထက်မိန့်အရ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ထပ်မံအသိပေးလာကြောင်း သိရသည်။

ယင်းနောက် ဒေသခံရွာလူကြီးမှတစ်ဆင့် မဏိပူပြည်နယ်၏ ဝန်ကြီးတစ်ဦးက ချန်ဒယ်ခရိုင်အာဏာပိုင်များကို ၎င်းအနေဖြင့် စစ်ဘေးရှောင်များ အေးချမ်းစွာနေထိုင်နိုင်ရန် ပြောဆိုထားပြီးဖြစ်သဖြင့် ဆက်လက်နေထိုင်ကြရန် အသိပေးလာကြောင်း မြန်မာစစ်ဘေးရှောင်ခေါင်းဆောင်က ဆက်လက်ပြောဆိုသည်။

သို့သော် ၎င်းတို့အနေဖြင့် ဒေသအာဏာပိုင်များ ရာဇသံပေးထားသော တစ်ပတ်အတွင်း ထွက်ရမည်ဆိုသည့်စကားကြောင့် စိတ်ချလက်ချ နေနိုင်ခြင်းမရှိဘဲ စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် မြန်မာစစ်ဘေးရှောင် ဦးရေ ၄၅၀ကျော်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကူညီပံ့ပိုးမှုဖြင့် အလယ်တန်းကျောင်း ဖွင့်လှစ်သင်ကြားနေပြီး အထက်တန်းအထိ တိုးချဲ့သွားရန်စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

နယ်စပ်ကျေးရွာဖြစ်သဖြင့် အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးအလွန်ခက်ခဲကာ ရံဖန်ရံခါ ဒေသတွင်းရှိ ဘာသာရေးအဖွဲ့အချို့ထံမှ ဆန်နှင့်စားသောက်စရာများ လက်ခံရရှိကြောင်း ဆိုသည်။

မဏိပူရပြည်နယ်ရှိ အာဏာပိုင်များမှ Illegal Migrants Verification ပြုလုပ်ရန် စီမံချက်များချပြီးနောက် မြန်မာနိုင်ငံသားများနေထိုင်ရာဒေသများတွင် စစ်ဆေးမှုများ ပြုလုပ်သွားနိုင်ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရှိရသည်။ mizzima

ကျိုက်ထိုမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦး သတ်ဖြတ်ခံရမှု တော်လှန် ရေး အင်အားစုနှင့် လုံး၀မသက်ဆိုင်၊ စစ်တပ်နှင့်လက် အောက်ခံ ပျူစောထီးများက လူသတ်ပြီး PDF အပေါ် အပြစ်ပုံချ ဝါဒဖြန့်မှုများ ဆက်တိုက်လုပ်လာ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်းကျေးရွာအုပ်စု၊ တကေး ချောင်း ဖျားကျေးရွာ၊ အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်း အုပ် ဆရာမ ကြီး ဒေါ်နွယ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်သည် တော်လှန်ရေး အင် အားစုများနှင်ပတ်သက်မှုမရှိကြောင်း ကျိုက်ထိုတော်လှန် ရေးအင်အားစု (KRF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ကင်းမွန်းချောင်းကျေးရွ ာအုပ်စု အမက(တကေးချောင်းဖျားရွာ)မှ ကျောင်း အုပ် ဆရာမကြီး ဒေါ်နွယ်ဦးကို လူ ၄ ဦးက လာရောက် ဖမ်းဆီးသွားပြီး သတ် ဖြတ်သွားကြောင်း၊ ကျောင်းအုပ်ဆရာမကြီး ၏ အလောင်းကို ပြန်လည် တွေ့ ရှိရ ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်ကို စစ်တပ်လော်ဘီ တယ်လီဂရမ်များတွင် PDF များ၏ လက်ချက် ဟု စွပ်စွဲ ပြောဆိုမှုများ တောက် လျှောက်ဆိုသလိုရှိနေပြီး အမှန်တကယ် လက် တွေ့တွင် PDF တော်လှန်ရေးအင်အားစုများ နှင့်ပတ်သက်မှု မရှိကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်နွယ်ဦး ဖမ်းဆီး အသတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်တပ် လော်ဘီ Telegram channel တွေမှာ KRF (ကျိုက်ထို တော်လှန်ရေးအင်အားစု) က ဖမ်းဆီးသတ်ဖြတ်တယ်လို့ တော်လှန်ရေး သမား တွေအပေါ် အထင်အမြင်လွဲမှားစေအောင် ရည်ရွယ်ချက်ရှိရှိ မဟုတ် မမှန် ရေးသားဖြန့်ဝေနေပါတယ်။ ကျနော်တို့ KRF(ကျိုက်ထိုတော် လှန်ရေး အင်အားစု) အနေနဲ့ ဆရာမကြီး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ လုံးဝ (လုံးဝ) သက် ဆိုင်ခြင်း မရှိပါဘူးဆိုတာ ပြည်သူလူထုကို အတိအလင်း အသိပေး အပ်ပါတယ်။ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်အပေါ် KRF (ကျိုက်ထိုတော်လှန် ရေးအင်အားစု)အနေနဲ့ ပြင်းပြင်း ထန် ထန် ကန့် ကွက် ရှုချပါတယ်” ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) မှ တာဝန်ရှိ သူက ဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ ပျူစောထီးများက ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ် သာရပ်ကွက်၊ မေဃ၀တီ ၄ လမ်း၊ မြို့ကြီး ကုန်းဘက်တွင် အသက် ၃ နှစ် အရွယ် ကလေး ငယ် တစ်ဦး အပါအဝင် မိသားစုဝင် ၅ ဦး ကိုပစ်သတ်ခဲ့ပြီး PDF က သတ်ဖြတ် သည် ဟု တယ်လီဂရမ်များတွင် ပထမဦးဆုံး ဝါဒမှိုင်းသတင်းများ ဖြန့်ခဲ့ကြ သည်။

“လှည်းကူး ကိစ္စဆိုရင်လည်း သူတို့က အရင်သတ်တယ်။ ပြီးတော့ အသက် ၃ နှစ်အရွယ် ကလေးပါ PDF သတ်တယ်ဆိုပြီး ပထမဦးဆုံး ဝါဒ ဖြန့်တယ်။ နောက် တော့မှ အမှန်တရားပေါ်လာတယ်။ အသတ်ခံရတာက PDF တစ်ဦးရဲ့ ကလေး၊ မိန်းမနဲ့ ယောက္ခမ မိသားစုဖြစ်နေတယ်။ ပျူစောထီးက သတ်တာ ပေါ်လွင်သွားတယ်။ အခုလည်း ကျိုက်ထိုမှာ ကျောင်းအုပ်ဆရာမကြီး တစ်ဦး ကို သတ်ပြီး PDF က သတ်တယ်ဆိုပြီး အပြစ်ပုံချတယ်။ တကယ်တော့ ဘာ သက်သေ မှလည်းမရှိဘူး။ PDF ကို အကြမ်းဖက် လူသတ်အဖြစ် ပုံဖော်ဖို့ စစ်တပ်နဲ့ပျူစောထီးတွေက လူသတ်မှုတွေ ရက်ရက်စက်စက် ကျူးလွန်ပြီး ရည်ရွယ်ချက်ရှိရှိ ပုံဖျက်လာတာကို မြင်ရတယ်” ဟု ရန်ကုန် အခြေစိုက် စစ် အာဏာရှင် တော် လှန်ရေး UG တစ်ဦးက သုံးသပ်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလမှစတင်ပြီး လက်နက်ကိုင်ဆောင်ခွင့် ပြုလိုက်ပြီး စစ်တပ် ထောက် ခံသူများ၊ ကြံ့ဖွတ်များ၊ စစ်မှု ထမ်း ဟောင်းများ၊ ပျူစောထီးများ၊ မဘသ၊ အမျိုးသားရေးသမားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ကို သေနတ်များလိုင်စင်များ ချထားပေးခြင်း၊လက်နက်တပ်ဆင် ခြင်း များ ကို တောက်လျှောက်ဆိုသလို လုပ်ဆောင်လာကြောင်း သိရှိရသည်။ khit thit

ဘုတလင်နှင့် မုံရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်ကောင်စီတပ်သားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဘဏ်အနီးအနားမှ ဒေသခံပြည်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ဘုတလင်မြန်မာ့စီးပွားရေးဘဏ်ဟာ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွပ်အတွင်းမှာ ရှိတယ်လို့လည်း ဆိုပါတယ်။

ရပ်ကွက်နေပြည်သူတဦးက “ခြေလျင် ရုတ်တရက်ဝင်ပစ်တာ။ လက်နက်သံတွေကတော့ ဆူညံသွားတယ်။ အဲလိုအပစ်ခံရပြီး စစ်သား ၅ ဦးကတော့ မြေပြင်မှာ လဲကျနေတာ မြင်ရတယ်။ အဲဒါပြီးတော့ ရဲစခန်းထဲကနေ ကားတွေနဲ့ ဘုတလင်-ကနဲလမ်းဘက် အသကုန်မောင်းသွားတာ မြင်လိုက်ရတယ်” လို့ ပြောပါတယ်။

အခုလိုပစ်ခတ်ခံရပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထွက်ပြေးသွားတဲ့နောက်ကို လိုက်ပြီး ပစ်ခတ်တဲ့ စစ်ကောင်စီတပ်ဟာ PDF အဖွဲ့ကို မတွေ့တာကြောင့် ဘုတလင်-ကနဲသွား လမ်းဘေးရှိ လွဲတဲရွာက မဝင်းငွေအိမ်နဲ့ ကိုတက်ပုအိမ်ကို မီးရှို့ခဲ့တာကြောင့် ပြည်သူ့နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း လွဲတဲရွာဒေသခံတွေက ပြောပါတယ်။

“ပစ်ခတ်ခဲ့တာ ဟုတ်တယ်ဗျ။ ဘဏ်အနီးက ၃ ကောင်ကတော့ နေရာတင်သေတယ်။ နောက် မီးသတ်ရုံးနားက ၂ ကောင်ကတော့ ပြင်းထန်ဒဏ်ရာ ရသွားတယ်။ ကျနော်တို့ဘက်က ရဲဘော်တဦး ကျည်ရှပ်ထိမှန်တာရှိတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ဘုတလင် PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို Chindwin Attack Force အဖွဲ့၊ ဘုတလင်တပ်ရင်းများ၊‌ ‌ေဒသခံ LPDF များ ပူး‌ေပါင်းဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း PDF ခေါင်းဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ကိုင်းရပ်ကွက်ရှိ မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (လဝက) ရုံးကို ဖေဖော်ဝါရီ ၂၄ ရက် နေ့ လယ် ၁ နာရီလောက်မှာ မုံရွာခရိုင် PDF မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒရုန်း၊ RPG-7 နဲ့ ပစ်ချတိုက်ခိုက်ရာ စစ်သား ၄ ယောက် ပွဲချင်းပြီးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ မုံရွာခရိုင်တပ်ရင်း-၇ Lightning People Defence Force အဖွဲ့က ထုတ်ပြန်ပါတယ်။

“အမျိုးသမီးတွေနဲ့ ပြည်သူလူထုကို အကြမ်းဖက်အနိုင်ကျင့်နေတဲ့ မုံရွာမြို့နယ် လ.ဝ.ကရုံးမှာ ရှိတဲ့ မုဒိမ်းကောင်တွေကို ကျနော်တို့ မုံရွာခရိုင် တပ်ရင်း-၇ – Lightning People Defence Force ရဲဘော်‌တွေနဲ့ မဟာမိတ်ညီနောင်ရဲဘော်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ RPG-7 တချက်သွားပစ်ခဲ့တာ မုဒိမ်းစစ်သား ၄ ယောက် နေရာမှာပဲ ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရသွားကြတယ်ဗျ။ ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ စခတွေက လက်နက်ငယ်နဲ့ ၃ ချက်လောက် ပြန်ပစ်ခဲ့ကြ‌ပေမဲ့ ကျနော်တို့ ညီနောင်ရဲဘော်တွေ ခလုတ်မထိဆူးမငြိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်ခင်ဗျ။ ကျနော်တို့ မုံရွာခရိုင်တပ်ရင်း-၇ အနေနဲ့ ပြည်သူကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီ လက်ပါးစေမှန်သမျှကို ရှိသမျှအားအင်နဲ့ ဆက် လက် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ တတ်နိုင်သမျှ ကူညီပေးကြပါလို့ ပြောချင်ပါတယ်ဗျ” လို့ မုံရွာခရိုင် တပ်ရင်း-၇ – Lightning People Defence Force အဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့မစ်ရှင်ကို မုံရွာခရိုင်တပ်ရင်း-၇ – Lightning People Defence Force၊ မော်လိုက်ခရိုင်တပ်ရင်း-၂၊ Monywa The Boys နဲ့ PDF- South Monywa အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ မုံရွာခရိုင် တပ်ရင်း-၇ – Lightning People Defence Force က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ DVB

နေပြည်တော် လေကြောင်းရန် ကာကွယ်ရေးတပ်ကို PDF ဒုံးလက်နက်ဖြင့်ပစ်ခတ်

နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အစပ်တွင် ရှိသော စစ်ကောင်စီ၏ အမှတ် (၂၀၃၁) လေကြောင်းရန်ကာကွယ်ရေးတပ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဒုံးလက်နက်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒါက Military (စစ်) သုံး ဒုံးမစ်ဇိုင်းတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ စမ်းသပ်တဲ့သဘော စပြီးတော့ စမ်းတာပေါ့။ နောက်လည်း ဒါမျိုးတွေ ကျွန်တော်တို့ဆက်ပြီး လုပ်ဆောင်ဖို့ရှိပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ထိုသို့တိုက်ခိုက်ခဲ့ရာ တစ်လုံးမှာ အရာရှိလိုင်းခန်းဟုယူဆရသော အဆောက်အဦးတစ်ခုအား ထိမှန်ခဲ့ပြီး နောက်တစ်လုံးမှာ တပ်ဝန်းအတွင်းရှိ မြေပြင်တစ်နေရာကို ကျရောက်ခဲ့ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေအား စုံးစမ်းဆဲဖြစ်ကြောင်းလည်း ဆက်လက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်မှလက်နက်ကြီး၊ ငယ်ဖြင့် ပြန်လည် ခြောက်လှန့်ပစ်ခတ်မှုရှိကြောင်း ၊ ဂျက်ဖိုက်တာတစ်စီးလည်း ရောက်လာကာ ပျံဝဲသွားကြောင်း ​နေပြည်​တော် PDFက​ပြောသည်။ ဖြစ်စဉ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ဟုလည်း သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်ကလည်း ​နေပြည်​တော်ပြည်သူ့ကာကွယ်​ရေးတပ်ကကရင်ပြည်နယ် လိပ်သိုမြို့ စစ်​ကောင်စီ ဗျူဟာကုန်းသို့ တာဝေးပစ်လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ခဲ့​ကြောင်းလည်း သိရသည်။mizzima

စဥ့်ကိုင်တွင် စစ်ကား၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ မန္တလေးမြို့ပေါ်ရှိ စစ်တပ် အရာရှိပိုင် Night Club ကို ဗုံးပစ်တိုက်ခိုက်မှု အစောင့်စစ်သား ၃ ဦးခန့် သေဆုံး

မန္တလေး၊ စဥ့်ကိုင်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးကြောင်း ဒုဌဝတီ တော်လှန်ရေးအင်အားစုထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စဥ့်ကိုင်မြို့နယ် နတ်ရေကန် အုပ်စု အတွင်းရှိ ရွှေလှံဗိုလ်(ကန်အောက်)ရွာနှင့် စိုက်ပျိုး​ရေးရွာ အကြား (မြလိပ်တောင် ကြာကန် အနီး)တွင် ကင်းလှည့်နေသည့် စစ်ကား ၁ စီးကို ပဒေသာမိုင်း အလုံးကြီး ၄ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒုဌဝတီ တော်လှန်ရေးဘအင်အားစုနှင့် မဟာမိတ် တပ်ဖွဲ့များဖြစ်သော ကျောက်ဆည် နဂါးနီ ပြည်သူ့ကာကွယ်ရေးတပ်၊ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်၊ အမရ စစ်သည်တော်ကာကွယ်ရေးတပ်၊ City Hunter ပြည်သူ့ကာကွယ်ရေး တပ်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့၊ ၅၄ လမ်းနှင့် လမ်း ၃၀ လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးအဆင့် ရှိသူ တစ်ဦး ပိုင် ဆိုင်သည့် Zeus Bar (Night Club)ကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ Bar စောင့်စစ်သား ၃ ဦးခန့် ထိခိုက်သေဆုံး မှုရှိကြောင်း ACID Army PDF – MDY မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် ည ၈ နာရီခွဲခန့်က အဆိုပါ Zeus Bar (Night Club) ရှိ အစောင့် အ ကြမ်းဖက်စစ်သားများကို မန္တလေးမြို့ပြပျောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် ACID Army PDF – MDY မှ လက်ပစ်ဗုံး ၂ လုံးအပြင် Bar အတွင်းမှ ထွက်လာသော အကြမ်းဖက်စစ်သားများကိုလည်း Pasto သေ နတ်နှင့် ၅ ချက် ပစ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဗိုလ်မှူးအဆင့်ရှိသူထဲကပိုင်တဲ့ Ba ပါ၊ဘယ်ဌာနကလဲတော့ မသိဘူး၊ ခွေးကတော့ အနည်းဆုံး ၃ ကောင်လောက်သေမယ်၊ ဗုံးနဲ့အရင်ပစ်ပြီးတော့ ထွက်လာတဲ့ စစ်ခွေးတွေကို သေနတ်နဲ့ပစ်ခဲ့တာ၊ စစ်ခွေး တွေပြန်မပစ်နိုင်ခင် ရဲဘော်တွေ ပြန်ဆုတ်နိုင်ခဲ့ပါတယ်၊ လောလောဆယ်အထိတော့ စစ်ခွေးတွေဘက်က တိုက်ခိုက်ခံရတာကို သတင်းဖုံးထားသလို Barကိုလည်း ပိတ်ပြီး ကင်းပုန်းစောင့်နေတယ်” ဟု ACID Army PDF – MDY မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ခိုက်မှုအပြီး နာရီဝက်( မိနစ် ၃၀) ခန့်အကြာတွင် အကြမ်းဖက်စစ်သားများ ထပ်မံရောက်ရှိလာပြီး ဘေးပတ်ဝန်းကျင်အား ရမ်းကား ဆဲဆိုကာ ပစ်ခတ်သွားကြောင်း၊ အလားတူ ၁၉ လမ်း ၊ ပုသိမ်ကြီးဘက် မှ အကြမ်းဖက်စစ်ကား ၁၀ စီးဖြင့် စစ်သားများရောက်ရှိလာပြီး တစ်ညလုံး စစ်ဆေးရှာဖွေခဲ့ပြီး Bar အနီးတဝိုက်တွင် ကင်းပုန်းများ ချထားကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများရှိရာ နေရာအား သွားလာခြင်းမပြုကြရန် ACID Army PDF – MDY မှမေတ္တာရပ်ခံထားကြောင်း သိရသည်။khit thit

တရက်တည်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀ ခန့်သေ

ဖေဖော်ဝါရီ ၂၃ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၅၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၃၉ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ၃ ရက်တာ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁၉ ယောက်သေဆုံးခဲ့ပြီး တန့်ဆည်မြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာတော့ စစ်ကောင်စီရဲစခန်းကို PDF က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး မိုးကုတ်မြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ လယ်ဝေးမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ လေကြောင်းကာကွယ်ရေးတပ်ကို PDF က ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေကို PDF တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာတော့ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်တွေကို PDF တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကော်သူးလေ ARMY တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံ တော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၈ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ၂ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သ တင်း ထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

ဒီမော့ဆိုမြို့နယ်ရှိ CDM ဆရာ ဆရာမ ၈၀ဦးအတွက် ကျေးလက်မြေအဖွဲ့က သိန်း ၁၆၀ ထောက်ပံ့

ကရင်နီပြည်နယ်(ကယားပြည်နယ်) ဒီးမော့ဆို မြို့နယ်ရှိ CDM ဆရာ၊ ဆရာမ ၈၀ ဦးအတွက် တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၁၆၀ ကို ကျေးလက်မြေအဖွဲ့က ယနေ့ဖေဖော်ဝါရီ လ ၂၄ရက်နေ့တွင် ဆက်သွယ်ထောက်ပံ့ပေးခဲ့ကြောင်း ကျေးလက်မြေအဖွဲ့၏ နာ ယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။

“CDM လုပ်ပြီး လက်ရှိကလေးတွေကို စာသင်ပေးနေတဲ့ ဆရာ ၊ဆရာမတွေပါပဲ၊ NUG နဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေက ပါသလို ချိတ် ဆက်နေဆဲ ကျောင်းတွေက ဆရာ၊ ဆရာမတွေလည်း ပါတယ်၊ အားလုံးက CDM တွေပါပဲ “ ဟု ၎င်းက ပြောသည်။

ကျေးလက်မြေအဖွဲ့အနေဖြင့် CDM ဆရာ၊ ဆရာမများကို ငွေကြေးထောက်ပံ့ပေးသည့်အပြင် လွတ်လပ်စွာယုံကြည် ကိုးကွယ်မှုနှင့်ပတ် သက်၍ ကျောင်းသင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြား နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို သုံးရက်ကြာ ကျင်းပခဲ့ကြောင်း ကျေးလက်မြေအဖွဲ့မှ ဒါရိုက်တာမမူစဲက ပြောသည်။

ထို့အပြင် ထောက်ပံ့‌ငွေရရှိခြင်းနှင့်ပတ်သက်၍လည်း “ကျမတို့ CDM လုပ်လာတာ နှစ်နှစ်ရှိပြီ။ ရှေ့ပိုင်းမှာ ဆရာသမဂ္ဂက ထောက်ပံ့တာရဖူးတယ်၊ တစ်ခါထောက်ပံ့ရင် ငါးသောင်း ထောက်ပံ့ပေးတယ် အခုကျေးလက်မြေကနေ ကျမတို့ကို မွမ်းမံသင်တန်းပေးပြီးတော့ နှစ်သိန်းထောက်ပံ့တယ်။ အရမ်းပီတိဖြစ်မိပါတယ်။ ကျမတို့အပြင် CDM တွေ အများကြီးရှိသေးတယ်ပေါ့နော်၊ အဲ့တော့ နောက်ထပ်အခါတွေကျရင် မရသေးတဲ့ CDM ဝန်ထမ်းတွေကို လှူဒါန်းပေးစေချင်ပါတယ်” ဟု CDMဆရာမ တစ်ဦးက ပြောသည်။

ကျေးလက်မြေအဖွဲ့သည် ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက်လည်း အစားအသောက်လှူဒါန်းခြင်း၊ သောက်သုံးရေ လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွဲ့ ၏နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။mizzima

စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ ပြည်သူများအပေါ် ဖိနှိပ်ယုတ်မာမှုများကို ဖော် ထုတ်ခြင်း

စိုးထွဋ်နဲ့နီလာစိန်မှာ မင်းသန်းထွဋ်၊ စိုးမင်းထွဋ်၊ စည်သူထွဋ် သား ၃ ဦးရှိပြီး စိုးထွဋ်သားတွေကလည်း ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ စီးပွား ရေး လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ကြပြီး စစ်ကောင်စီရဲ့ တင်ဒါတွေကို လက်ဝါး ကြီး အုပ် ရယူကြပါတယ်။

စိုးထွဋ်ရဲ့သား ၃ ဦးထဲမှာ အဆိုးဆုံး၊ စီးပွားရေး အသောင်းကျန်းဆုံး၊ လူမိုက်လို လူတကာကို ရိုက်နှက် သတ်ဖြတ်မှုတွေ လုပ်ဆောင်သူကတော့ စည်သူထွဋ် ဖြစ်ပါတယ်။ စည်သူထွဋ်ဟာ လက်ရဲဇက်ရဲ မူးယစ် ရမ်းကားသူဖြစ်တဲ့အပြင် သွေးလည်း အင်မတန်ဆိုးလှသူဖြစ်ပါတယ်။

ပြည်ထဲရေး ဝန်ကြီး စိုးထွဋ်ရဲ့ အရှိန်အဝါနဲ့ သားဖြစ်သူက ရဲတပ်ဖွဲ့ဝင်တွေသူ့ရဲ့ လုံခြုံရေး တပ်ဖွဲ့လို အသုံးပြုသလို သူမကျေနပ်တဲ့သူတွေကို ရိုက်နှက် သတ် ဖြတ် ခိုင်းတာတွေလည်း လုပ်ဆောင်ပါတယ်။

မကြာသေးခင်က ဗိုလ်ချုပ်တစ်ဦးရဲ့သားကို စည်သူထွဋ်က ရဲတစ်ဦး စေလွှတ် ပြီး သတ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် သတ်ဖြတ်မှုက မအောင်မြင်ဘဲ သွားရောက် သတ်တဲ့ ရဲအဖမ်းခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်အတွက် စည်သူထွဋ် သတ်ခိုင်းတာ အမှုမှန်ပေါ်ပေါက်ပေမယ့်လည်း အရေးယူခဲ့ခြင်းမရှိပါဘူး။

ရန်ကုန်ခေတ်သစ်အနေနဲ့ အဲဒီဖြစ်စဉ်မှာ စိုးထွဋ် သားစည်သူထွဋ်က သတ်ဖို့ ကြိုးစားတဲ့သူက တွဲဖက်စစ်ထောက်ချုပ် ၁ ဗိုလ်ချုပ် သိုက်စိုးရဲ့ သားဖြစ်တယ် ဆိုတဲ့ သတင်းတွေ လက်ခံရရှိပါတယ်။ ဒါပေမယ့် သီးခြား အတည်ပြုနိုင်ဖို့တော့ ခက်ခဲနေဆဲပါပဲ။

စည်သူထွဋ် လက်ရဲလက်ရဲ ရိုက်နှက် သတ်ဖြတ်နေတာဟာ သူ့အဖေ စိုးထွဋ် ပြည်ထဲရေးဝန်ကြီးဖြစ်ကတည်းကဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လအတွင်းမှာလည်း နေပြည်တော်မှာ ရှိတဲ့ KTV နဲ့ Bar တွေမှာ မကြာခဏ မူးရူး ရမ်းကားပြီး KTV တွေ Bar တွေ ပိတ်ပင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ သပြေကုန်း၊ ဧရာ၀တီလမ်းပေါ်မှာ ရှိတဲ့ Excellent Bar & Restaurantမှာ စည်သူထွဋ် လာရောက်သောက်စားရင်း ည ၉ နာရီခန့် တေးဂီတဖျော်ဖြေမှုအစီအစဥ်ပြီးဆုံးချိန်မှာ စည်သူထွဋ်က အခြားဝိုင်းမှာ ထိုင်နေတဲ့ လူငယ် ၃ ဦးထိုးကြိတ် ရိုက်နှက်ပါတယ်။

စည်သူထွဋ် နဲ့အတူ ရွှေတောင် ကြီး စားသောက်ဆိုင်ပိုင်ရှင်လည်းပါလာပြီး နှစ်ဖက်ခိုက်ရန်ဖြစ်ပွားကြရာမှာ ဆိုင်မီးဖိုးခန်းထဲအထိ လူငယ်တစ်ဦး နဲ့ စည်သူထွဋ်တို့အဖွဲ့က ထိုးကြိတ်ကြတာမို့ ဆိုင်ဝန်ထမ်းတွေက ဝင်ရောက် ဖျန်ဖြေ ဆွဲပေးခဲ့ကြပါတယ်။

စည်သူထွဋ်က ဒါကို မကျေနပ်ဘဲ ဝင်ရောက်ဖျန်ဖြေတဲ့ ဆိုင်ဝန်ထမ်းများကိုပါ ဆက်လက် ရန်မူ ထိုးကြိတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆိုင်ပိုင်ရှင် ဦးမျိုးဝေလင်း က လာရောက် ထိန်းသိမ်းပေးခဲ့ပေမယ့်လည်း ဆိုင်ဝန်ထမ်းတွေနဲ့ မိသားစုတွေ အားလုံးကို စည်သူထွဋ်အမိန့်နဲ့ ရဲက ညတွင်း ချင်း ဖမ်းဆီးခေါ် ဆောင်သွား ခဲ့ပါတယ်။

ဖြစ်စဥ်ကို မှတ်တမ်းတင်ထားတဲ့ ဖုန်းတွေအပါအဝင် ဆိုင်ဝန်ထမ်းတွေရဲ့ ဖုန်း အား လုံးကိုလည်း ရဲတပ်ဖွဲ့ သိမ်းဆည်းသွားခဲ့ပါတယ်။ ဝန်ကြီး စိုးထွဋ်ကလည်း သူ့သားနဲ့ရန်ဖြစ်တဲ့ ဆိုင်ပိုင်ရှင်တွေကို ပုဒ်မတွေ တပ် အရေးယူဖို့ လုပ်ပေမယ့် လည်း နောက်ပိုင်း အဲဒီသတင်းက စစ်ကောင်စီထဲအထိ ရောက်သွားတာမို့ နောက် ပိုင်းမှာ အမှုကို ကျေအေးပြီး အားလုံးကို ပြန်လွှတ်ပေးခဲ့ရပါတယ်။

စည်သူထွဋ်ဟာ လုံခြုံရေးအတွက် ရဲတွေကို သူရဲ့ ကိုယ်ရံတော်တပ်အဖြစ် အမြဲ ခေါ်သွားလေ့ရှိပါတယ်။ အဲဒီလို လူမိုက်ဆန်ဆန် လက်နက် ကိုင်ရဲတွေနဲ့ သွား လာ မိုက်ကြေးခွဲနေတဲ့ စည်သူထွဋ်ကို နေပြည်တော်မှာ ရှိတဲ့ ဗိုလ်ချုပ် သားသမီး တွေက ဝေးဝေးက ရှောင်ကြပါတယ်။

ဒါကတော့ လက်နက်အားကို အနိုင်ကျင့်တဲ့အကြောင်းပါ။ အခြားတစ်ဖက် မှာ လည်း စိုးထွဋ်သားတွေက အဖေ အရှိန်အဝါသုံးပြီး ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ဒါ၊ လမ်းတံတား တင်ဒါ၊ အခြားလုပ်ပိုင် ခွင့် တွေကို လက်ဝါးကြီးအုပ် ရယူပါတယ်။

အခုနောက်ဆုံးမှာတော့ သူ့အဖေ ဝန်ကြီးလုပ်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတင် မဟုတ်တော့ဘဲ အခြားသော ဝန်ကြီးဌာနတွေရဲ့ တင်ဒါတွေ လုပ် ပိုင်ခွင့်တွေကို လက်ဝါးကြီးအုပ် ရယူနေကြတယ်လို့ သိရပါတယ်။

လူမိုက်စိုးထွဋ် သားတွေက နေပြည်တော်မှာ လူမိုက်ဆန်ဆန် နယ်ပယ်အစုံမှာ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးနေကြပေမယ့်လည်း မင်းအောင်လှိုင် သားသမီး အောင်ပြည့် စုံ နဲ့ ခင်သီရိသက်မွန်တို့နဲ့ ထိပ်တိုက် မတွေ့ဘဲ ပါးပါးနပ်နပ် ရှောင် ရှားကြပါတယ်။ မအလ သားသမီးတွေနဲ့ ထိပ်တိုက် မဆုံစေဖိုနဲ့ ရန်မဖြစ်စေ ဖို့တော့ စိုးထွဋ်က မှာထားပုံရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်းမှာ စိုးထွဋ်၊ မိန်းမ နီလာစိန်နဲ့ သားဖြစ် သူတို့ရဲ့ ယုတ်မာ အနိုင် ကျင့်မှုတွေက ဒုနဲ့ဒေးရှိနေတာမို့ နေပြည် တော်မှာ မြန်မြန်ရာထူးပြုတ် မေတ္တာအပို့ခံရတဲ့ မိသားစုဆိုရင် မင်းအောင်လှိုင် မိသားစုပြီးရင် စိုးထွဋ် မိသားစုက ဒုတိယလိုက်နေတယ်လို့ နေပြည်တော် သတင်းရင်း မြစ်တွေက ဆိုကြပါတယ်။khit thit

အရာတော်မြို့နယ်၌တိုက်ပွဲပြင်းထန်၊ လေ ကြောင်းပစ်ခတ်မှုကြောင့် ဒေသခံရွာသားအချို့ ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ခြမ်းက မလဲသာကျေးရွာအနီးမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ဖေဖော်ဝါရီ ၂၄ ရက် ဒီမနက် ၉ နာရီက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတချို့ ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက အင်အား ၈၀ ကျော်နဲ့ အရာတော်မြို့ကနေ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး ကျောက်ပြုတ်ရွာဘက်ကို စစ်ကြောင်းထိုးနေကာ  နွားမသင်းအရှေ့ရွာအနောက်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စပြီးမီးရှို့ခဲ့လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲစဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်မှာ   နွားမသင်းရွာကနေ မင်းရွာကို ထပ်စစ်ကြောင်းထိုးပြီး မီးထပ်ရှို့ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ အကျအဆုံးများတာကြောင့် မနေ့နေ့လယ်ပိုင်းမှာ နမခစစ်တပ်ကနေ လေယာဉ် ၃ စီးနဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

မြေပြင်ကိုလည်း လေယာဉ် ၃ စီးနဲ့ အင်းအားဖြည့်တင်းတာတွေ ရှိနေတာကြောင့် အခုလတ်တလောအချိန်မှာ စစ်သားအင်အား ၃၀၀ နီးပါးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မလဲသာရွာခံတဦးက “နမခကနေ နေ့လယ်ပိုင်းရောက်တော့ ဂျက်လေယာဉ်တွေနဲ့ ဝေဟင်ကနေ လာပစ်တယ်ဗျ။ နောက်ပြီး မြေပြင်ကိုလည်း စစ်သားအင်အားတွေ ထပ်ချတယ်။ လေယာဉ်နဲ့ စစ်သားတွေလာချတာက ညောင်ပင်ရွာအနီးမှာချတာ။ အဲလိုချပြီး ဒီနေ့ ၉ နာရီမှာ တိုက်ပွဲထပ်ဖြစ်နေတယ်။ နားလိုက် ပစ်လိုက်နဲ့ပဲ။ သူတို့လေယာဉ်နဲ့ပစ်လို့ ကျနော်တို့ မလဲသာရွာက အရပ်သားတွေဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် အမျိုး သမီးတဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦး ကျည်ထိမှန်ထားတယ်။ ဒါက ကနဦး အတည်ပြုထားနိုင်တဲ့ အရေအတွက်ပါဗျ။ နောက်ထပ်လည်း ထပ်ရှိနိုင်သေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လေယာဉ်အသုံးပြုပစ်ခတ်ပြီး မြေပြင်မှာ စစ်သားတွေချကာ ကျေးရွာအတွင်းက အရပ်သားပြည်သူ ၅၀ ထက်မနည်းကို မနေ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးထားပြီး ဒီနေ့အချိန်ထိ ပြန်လွှတ်ပေးတာ မရှိသေးတာကြောင့် ဖမ်းဆီးခံထားရတဲ့ မိသားစုတွေက စိုးရိမ်ပူပန်နေကြတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

အရာတော် Dranger Force LPDF အဖွဲ့မှ မောင်းလေးက “ဒီတိုက်ပွဲကတော့ အရာတော်မှာ အကြီးမားဆုံးတိုက်ပွဲလို့ ပြောလို့ရသလို စစ်ကောင် စီဘက်က အထိအခိုက် အကျအဆုံး များတဲ့ပွဲလို့လည်း ပြောလို့ရတယ်။ ၂၁ ရက်နေ့ကနေ စပြီး ဒီနေ့အထိ တိုက်ပွဲကဖြစ်နေတာ။ ၄ ရက်ကြာတိုက်ပွဲမှာ (–)တွေဘက်က ၃၀ ကျော်အထိ ကျဆုံးနေတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၂ ဦးကျဆုံးပြီး တဦး မစိုးရိမ်ရဒဏ်ရာ ရထားတယ်။ သူတို့‌ လေယာဉ်နဲ့ပစ်လို့ အရပ်သားတွေ သေဆုံးတာတွေလည်း ရှိနိုင်တယ်ဗျ။ လောလောဆယ်တော့ အရပ်သား သေ ဆုံးစာရင်း အတိအကျတော့ မသိရနိုင်သေးဘူး” လို့ ပြောပါတယ်။

မလဲသာမှာ စစ်ကြောင်းတကြောင်း၊ မင်းရွာမှာ စစ်ကြောင်းတကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းက ရွာထဲကနေ မထွက်သေးဘဲ ရှိနေပြီး ညောင်ပင်ရွာအနီးက ကွမ်းခြံတွေကိုလည်း  စစ်ကောင်စီက မီးရှို့နေတယ်လို့ ရွာသားကပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အရာတော်မြို့နယ်မှာ အခုလို စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နွားမသင်းအရှေ့ရွာ၊ နွားမသင်းအနောက်ရွာ၊ မင်းရွာ၊ မလဲသာရွာ၊ ညောင်ပင်ရွာ စတဲ့ ကျေးရွာအနီးက ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။DVB

« Older Entries