မြောင်တွင် ဖမ်းမိထားသည့် ထွေအုပ်ဝန်ထမ်းများအမှု ရဲလုပ်ငန်းစဉ် စစ်ဆေးမှုပြီးပြတ်၊မနက်ဖြန် တရားရုံးတင်မည်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအမှုကို ရဲလုပ်ငန်းစဉ်အရ စစ်ဆေးမှုများ ပြီးပြတ်ပြီဖြစ်သည့်အတွက် မနက်ဖြန် တနင်္လာနေ့တွင် တရားရုံးသို့ တင်ပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ကပြောသည်။
“အခုအမှုတွဲ စစ်ဆေးပြီးပြီ။ တရားရုံးပဲ တင်ရုံကျန်တော့တယ်။ တရားရုံးက မနက်ဖြန် တင်မှာပါ”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊စစ်ကိုင်းခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ဦးမြင့်တင်က ယနေ့ ဖေဖော်ဝါရီ ၂၆ရက်တွင် မဇ္ဈိမသို့ ပြောကြားသည်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီ၏အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းလေးဦးကို စစ်ကိုင်းခရိုင်တပ်ရင်း (၅) MRA က ဇန်နဝါရီလ ၁၄ရက်တွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည် ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးရမိသူများမှာ အမျိုးသမီး သုံးဦး၊ အမျိုးသားတစ်ဦး စုစုပေါင်းလေးဦးဖြစ်ပြီး ထိုအထဲမှတစ်ဦးမှာ ထွေအုပ်ဦးစီး၏ အမျိုးသမီးဖြစ် ကြောင်း သိရသည်။၎င်းတို့ကို နောက်ဆက်တွဲ စစ်ဆေးချက်အရ သက်သေခံပစ္စည်းများတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရွက်စာ တမ်းများ မတွေ့ရှိခဲ့ဘဲ Non CDMဝန်ထမ်းအနေအထားသာရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု စစ်ကိုင်းခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ကပြောသည်။
“ကျွန်တော်တို့ ရဲကတော့ အမှုဖွင့်တာကတော့ အကြမ်းဖက်တိုက်ဖျက်ရေးဉပဒေနဲ့ပါပဲ။အကြမ်းဖက်စစ်ကောင်စီကို သူတို့အားပေးတာပေါ့။ အဲ့ဒီပုဒ်မနဲ့ပဲ ဖွင့်ပါတယ်။ ဒါကို တရားရုံးအနေနဲ့ကတော့ သူတို့ ဆက်ပြီးတော့ ကျွန်တော်တို့ စွဲချက်တွေအပေါ်မှာ လိုအပ်ရင် သူတို့ဖြည့်စွက်ပါလိမ့်မယ်”ဟု စစ်ကိုင်းခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့မှဆရာတူးက မဇ္ဈိမသို့ ပြောသည်။mizzima