Monthly Archives: Feb 2023

ခင်ဦးမြို့နယ်၊ တဲစုရွာကို စစ်တပ်က တတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၈ လုံးပြာကျ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တဲစုရွာကို အကြမ်းဖက် စစ်တပ်က တတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၈ လုံးပြာကျခဲ့​ကြောင်း ခင်ဦးမြို့ နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်တပ်က တဲစုရွာကို တတိယအကြိမ်အဖြစ် သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးကာ ကျေးရွာ လျှပ်စစ်ထရမ်စဖော်မာကိုလည်း ပစ်ခတ်ဖျက်ဆီး သွားကြောင်း သိရသည်။

စစ်တပ် မီးရှို့ဖျက်ဆီးသွားသော တဲစုကျေးရွာတွင် နေအိမ် ၄၀၀ ခန့်ရှိပြီး ကျေးရွာအနီးအနားတွင် ပျဥ်ထောင်ပျူစောထီးရွာ ရှိကာ တဲစုကျေး ရွာသည် တတိယ အကြိမ်မြှောက် ဝင်ရောက်စီးနင်း မီးရှို့မှုကြောင့် စုစုပေါင်း နေအိမ် ၅၂ လုံး ပြာကျပျက်စီးခဲ့​ကြောင်း သိရှိရသည်။khit thit

ဖြူးမြို့နယ်၌ ရဲတပ်ဖွဲ့ဝင် ၃ ဦးတိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက ဘုရားလဟာရွာမှာ လုံခြုံရေးယူပြီးပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက် အပြင်းထန် ဒဏ်ရာ ရခဲ့တယ်လို့ ဖြူးမြို့နယ် ပ.က.ဖ က သိရပါတယ်။

ဘုရားလဟာရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက အလှူအိမ်မှာ လုံခြုံရေးယူပြီး ပြန်လာတဲ့ ကညွှတ်ကွင်းနယ်မြေရဲစခန်းက ရဲတွေကို မနေ့  နေ့လယ် ၁၂ နာရီလောက်မှာ ကညွှတ်ကွင်း အရှေ့ဘက် ခင်ကြီးရွာနဲ့ သရက်ကုန်းရွာကြားမှာ ဖြူး ပ.က.ဖ ဗိုလ်ကျားကြီး ဦးဆောင်တဲ့အဖွဲ့က ကြာဖြတ်တိုက်ခိုက်ခဲ့တာလို့ ဖြူးပကဖ ရဲ့တာဝန်ခံ ဗိုလ်ထိန်လင်းက ပြောပါတယ်။

နှစ်ဘက်အပြန်အလှန် ထိတွေတိုက်ပွဲ အချိန်အနည်းငယ်ဖြစ်ပွားခဲ့ပြီး နယ်ထိန်းရဲ သန့်ဇင်အောင် အပါအဝင် ရဲ ၃ ယောက် ဒဏ်ရာရရှိပြီး PDF ရဲဘော်တွေကတော့ ထိခိုက်မှု မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖြူးမြို့နယ်မှာ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက ပျူစောထီးခေါင်းဆောင် တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဖြူးမြို့နယ် ပ.က.ဖ က နေ သိရရပါတယ်။ DVB

ခင်ဦးမြို့ ပေါက်ကွဲမှုတစ်ခုတွင် ဇနီးမောင်နှံ သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ပေါက်ကွဲမှုတစ်ခုကြောင့် လင်မယားနှစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ မိသားစုဝင်နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ရှာဖွေဖမ်းဆီးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ 

ဖေဖော်ဝါရီ ၂၄ တွင် ခင်ဦးနယ်အနောက်ခြမ်းရှိ ကျေးရွာတစ်ခုအနီး ပေါက်ကွဲမှုဖြစ်ပွားစဉ် အသက် ၄၃ နှစ်အရွယ် ဦးမင်းအောင်နိုင်မှာ ထိုနေ ရာတွင်ပင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ အသက် ၂၅ ဝန်းကျင် ဒေါ်သွဲ့နန္ဒာအောင်မှာ နောက်တစ်နေ့တွင် သေဆုံးခဲ့သည်ဟု ဆိုသည်။

ဦးမင်းအောင်နိုင်သည် ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအထောက်အကူပြုရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ဇနီးဖြစ်သူမှာ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်၏ သမီးအငယ် ဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားစဉ် နေရာအနီး ထိုဇနီးမောင်နှံနှစ်ဦးသာ ရှိပြီး မည်သို့ပေါက်ကွဲသည်၊ မည်မျှဒဏ်ရာရသည်ကို အသေးစိတ် မသိရပေ။

ပေါက်ကွဲသည့်နေ့တွင်ပင် စစ်ကောင်စီတပ်က ဒေါက်တာဝင်းအောင်၏ဇနီးဖြစ်သူ ဒေါ်နီလာ၊ သမီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ကို ရှာဖွေဖမ်းဆီးခဲ့ကြောင်း၊ မည်သည့်နေရာ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မတော်တဆဖြစ်တာကို ကြားပြီးတော့ သွားဖို့ ပြင်နေတုန်း ခြေရာခံမိသွားတာ ထင်တယ်။ အခုတော့ ဘယ်ခေါ်သွားမှန်း မသိဘူး။ ဒေါက်တာဝင်းအောင်က ဘယ်သူ့အပေါ်မဆို သဘောကောင်းခဲ့တာ၊ သူတို့ (မိသားစု) ကိုတော့ ဘာမှ မလုပ်လောက်ပါဘူးဆိုပြီး မြို့ပေါ်မှာပဲ နေနေကြတာ” ဟု မိသားစုနှင့် ရင်းနှီးသူ အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီကောင်းကြောင်း ရေးသားသည့် အွန်လိုင်းစာမျက်နှာတချို့တွင် ထိုနှစ်ဦးကို ဖေဖော်ဝါရီ ၂၄ ညနေပိုင်းတွင် ခင်ဦးမြို့ နေအိမ်တွင် ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။ 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်မှာ စစ်ကောင်စီတပ်၏ ရန်ကြောင့် လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်နေ သည်ဟု သိရသည်။ myanmar now

မုံရွာမြို့တွင် PDF သတင်းစုံစမ်းနေသော စစ် တပ်သတင်းပေး၊ စစ်မှုထမ်း ဟောင်း ဒုတပ် ကြပ် သန်းနိုင် ပစ်ခတ် ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်တွင် စစ်တပ်အတွက် ရိက္ခာ ထောက် ပို့ နှင့် သတင်းပေးနေသူ၊ PDF သတင်းများ စုံစမ်းနေသူ စစ်မှု ထမ်းဟောင်း ဒု တပ် ကြပ်သန်းနိုင် ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း ဗန္ဓုလနှင့်အဖွဲ့ သား များ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံ သို့ပြော ကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်အချိန် မုံရွာမြို့ တွင်း တစ်နေရာတွင် ဒုတပ်ကြပ်သန်းနိုင်ကို ဝင် ရောက် ဖမ်းဆီးပြီး သေနတ် ဖြင့် နှစ်ချက်ပစ်ခတ်ရာမှ သေဆုံးသွား ကြောင်း၊ ၎င်းထံမှ မှတ်ပုံတင် အချက် အလက်များ၊ ၉ မမ ကျည်နှစ်တောင့်၊ လက်ပစ်ဗုံးသီးတစ်လုံး နှင့် ဖုန်းတစ် လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မြို့ထဲဝင်ဖမ်းပြီး ကျည်နှစ်တောင့်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာ၊ စစ်ခွေးတွေက သန်း နိုင်ရဲ့ အလောင်း ကို အရင် လာမသယ်ဘဲ သူ့(သန်းနိုင်)ရဲ့မိ သားစုကို နမခ တပ်ထဲ အရင်ပို့ပြီးမှ လာသယ်သွားတယ်၊ ပစ်ခတ် ရှင်းလင်းတဲ့နေရာမှာပဲ အလောင်း ကို ထားပေးခဲ့ပါတယ်” ဟု ဗန္ဓုလနှင့်အဖွဲ့သားများ PDF မှတာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်သန်းနိုင်သည် အနောက်မြောက်တိုင်း စစ်ဌာန ချုပ် (နမခတပ်) အတွင်း ရိက္ခာများပို့ဆောင်ပေးခြင်း၊ သတင်းပေး ခြင်းပြုလုပ် နေသည်ဟု ပြည်သူလူထုမှ သတင်းပေး တိုင်ကြားသဖြင့် စောင့်ကြည့်ကာ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါရှင်းလင်းမှုကို မုံရွာ – ဗန္ဓုလနှင့်အဖွဲ့ သား များ အဖွဲ့ ၁ ၊ Black Falcon မြို့တွင်း ပြောက်ကျားတပ်ဖွဲ့၊ Brave Heart Army-BHA နှင့် Special Forces- 11 PDF တို့ ပူးပေါင်းကာ ရှင်း လင်းခဲ့ ခြင်းဖြစ် ကြောင်း သိရသည်။ khit thit

စစ်ကောင်စီတပ်က မြင်းမူမြို့နယ်တွင် PDF ရဲဘော် ၂ ဦးကို ခေါင်းဖြတ်သတ်၊ ပေါက်မြို့ နယ်၌ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရင်း ဖေဖော်ဝါရီ ၂၇ ရက်က PDF ရဲဘော် ၂ ဦးကို ဖမ်းဆီးကာ ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၆ ရက်က အရာတော်မြို့နယ်အတွင်းကို လေယာဉ်နဲ့ချသွားတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင် စီစစ်ကြောင်း ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက “စစ်ကြောင်းက အရာတော်ကနေ ညောင်ရင်းရွာကို စပြီး စစ်ကြောင်းထိုးလာတယ်။ အဲ့ရွာကနေ ကျနော်တို့နဲ့ တိုက်ပွဲထပ်ဖြစ်တယ်။ အနီးကပ်တိုက်ပွဲလို့ ပြောလို့ရတယ်။ အဲ့တိုက်ပွဲမှာလည်း သူတို့ဘက်က အကျအဆုံးရှိတယ်။ ကိုယ့်ဘက်ကလည်း ၂ ဦး အဖမ်းခံရတယ်‌။ အဲဒီ အဖမ်းခံရတဲ့ကလေးတွေကို ကန်တော်ရွာက ဘုန်းကြီးကျောင်းထဲ ခေါ်လာပြီး ဖေဖော် ဝါရီ ၂၇ ရက်နေ့မှာ ခေါင်းဖြတ်သတ်ထားခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနက် ၉ နာရီကနေ ညနေ ၇ နာရီအထိဖြစ်ပွားခဲ့တဲ့ ကန်တော်ရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၇ ဦးကျဆုံးပြီး ပြည်သူ့ကာကွယ်ရေးဘက်က ၂ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ကန်တော်ရွာတိုက်ပွဲမှာ စစ်ကောင်စီက ကန်တော်ရွာက ဘုန်းတော်ကြီးကျောင်း နှစ်ကျာင်းနဲ့ Zero ပြောက်ကျားတပ်ဖွဲရဲ့ စခန်းကိုပါ မီးရှို့ထားခဲ့တာကြောင့် သိန်းပေါင်း ၃၀၀ ကျော် ဆုံးရှုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သဖန်းချောက်ရွာက ပြည်သူတွေရဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ ​ဒေသခံတွေ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ဖေ ဖော်ဝါရီ ၂၆ ရက်မှာ စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။

သဖန်းချောက်ရွာကို မနက် ၈ နာရီခွဲလောက်မှာ တပ်မ ၁၀၁ ထဲက ထွက်လာတဲ့ အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်​ကြောင်းဟာ ရွာထဲကို သေနတ်ပစ်ဖောက် ရောက်လာပြီး စားသောက်ကုန်တွေနဲ့ တိရစ္ဆာန်တွေကို ဖျက်ဆီး စားသောက်သွားတာလည်း ဖြစ်ပါတယ်။

Successful Force-Pauk အဖွဲ့မှ တာဝန်ရှိသူတဦးက “သဖန်းချောက်ကျေးရွာက တခါမှ စစ်ကြောင်းမဝင်ဘူးသေးတဲ့ရွာ။ အခုအကြိမ်မှာပဲ ဝင်ရောက်ပြီး အ​တော်လေး ဖျက်ဆီးသွားတယ်။ ဆိတ် ၂ ကောင်၊ ဝက် ၂ ကောင်နဲ့ ကြက် ၁၃ ကောင်လည်း သတ်ပြီး စားသွားတယ်” လို့ ပြောပါတယ်။

သဖန်းချောက်ရွာက စစ်ကြောင်းနဲ့ဆုံတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတဦးဆီကလည်း ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတချို့ ယူ ဆောင်သွားပြီး ဇီးဖြူကုန်းရွာက နွားကျောင်းသားနှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင်းလာတဲ့အချိန် ရွာထဲက အမျိုးသမီးတယောက်နဲ့တွေ့လို့ လက်ဝတ်ရတနာတွေ ချွတ်ပေးလိုက်တယ်။ လူကိုတော့ ဘာမှအန္တရာယ် မလုပ်သွားဘူး။ သဖန်းချောက်နဲ့ ဇီးဖြူကုန်းက ကုန်းလေး ၂ ကုန်းလောက်ပဲဝေးတာ၊ အခုတော့ နွားကျောင်းသားနှစ်ယောက် ပြန်လွတ်လာပြီ။”

ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာလည်း ကျားပစ်ကန်ကျေးရွာနေ အမျိုးသမီးတဦးဆီက နားတောင်းနဲ့ ဖုန်းတွေ ယူဆောင်းသွားပြီး ရွာသား ၂ ဦးကိုလည်း လမ်းပြအဖြစ် ခေါ်ဆောင်သွားကာ အခုလို စစ်ကြောင်းထိုးတာကြောင့် သဖန်းချောက်ရွာ အပါအဝင် အနီးရှိ ရွာက ဒေသခံပြည်သူ ၁,၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။ DVB

ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ရသည့် နိုင်ငံခြားငွေကို ထိန်းချုပ်တော့မည်

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရောင်းချရာမှ ရရှိသည့်​ နိုင်ငံခြားငွေကို အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်မည့် စာရင်းထဲ ထည့်လိုက်သည်။

နိုင်ငံခြားငွေ အကြီးအကျယ် လိုအပ်နေသော စစ်ကောင်စီက လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ပို့ကုန်အမျိုးအမည်ခွဲကာ နိုင်ငံခြားဝင်ငွေကို ထိန်းချုပ်ခဲ့ရာတွင် နယ်စပ်မှ ပို့သည့် ဆန်နှင့် ဆန်ကွဲမှာ ကင်းလွတ်ခွင့် ရခဲ့သည်။

သို့သော် ၂၀၂၃ မတ်လ ၁ ရက်မှစ၍ နယ်စပ် ဆန်၊ ဆန်ကွဲမှ ရသည့် နိုင်ငံခြားငွေ သုံးပုံနှစ်ပုံခန့်ကို ပြင်ပပေါက်ဈေးထက် နိမ့်သည့် နှုန်းထားဖြင့် မဖြစ်မနေ ကျပ်ငွေလဲယူရမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

ပို့ကုန်များအားလုံး တစ်ပြေးညီဖြစ်စေရန် ထိုသို့ သတ်မှတ်ခြင်းဖြစ်ပြီး ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကိုသာ လွတ်လပ်စွာအသုံးပြုခွင့်ပေးတော့မည်ဟု စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။  

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ငွေလဲနှုန်းသတ်မှတ်ချက်သည် အမေရိကန်တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်၊ တရုတ်တစ်ယွမ် ၃၀၄ ကျပ်နှင့် ထိုင်းတစ်ဘတ် ၆၀ ကျပ်ဖြစ်ပြီး ထိုနှုန်းထားများမှာ ဈေးကွက်ပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းသည်။

ရရှိလာသည့် နိုင်ငံခြားငွေကို ဈေးကွက်ပေါက်ဈေးထက် နည်းပါးသည့် ငွေလဲနှုန်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီကို ရောင်းချရမည်ဖြစ်၍ တွက်ခြေမကိုက်ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာ မူဆယ်နယ်စပ်မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။ 

“တရုတ်ရဲ့ ဆန်ဈေးနှုန်း တက်ရင်တက်လာ၊ မြန်မာနိုင်ငံရဲ့ဆန်ဈေးက ကျရင်ကျ၊ Transport Charges (သယ်ယူပို့ဆောင်စရိတ်) စရိတ်စက အားလုံးကျမှပဲ ဆန်သမားတွေက လုပ်နိုင်မယ်။ မဟုတ်လို့ရှိရင်တော့ လတ်တလော အကုန်ရပ်သွားမယ့်အနေအထားပေါ့” ဟု ၎င်းက ဆို သည်။ 

ရရှိလာသည့် နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းအထိ စစ်ကောင်စီသတ်မှတ်နှုန်းဖြင့် လဲလှယ်ပေးရမည်ဖြစ်ရာ ဆန်တင်ပို့မှု တစ်တန်အတွက် မြန်မာငွေ ကျပ် ၂ သိန်းကျော်၊ တန်တစ်ရာလျှင် သိန်း ၂၀၀ ခန့် လျော့နည်းသွားနိုင်ကြောင်း ၎င်းက ဆိုသည်။ 

ဆန် တန်တစ်ရာလျှင် ကျပ်သိန်းဆယ်ဂဏန်းဝန်းကျင်သာ မြတ်စွန်းချိန်တွင် စစ်ကောင်စီ၏ စည်းမျဉ်းသစ်ကြောင့် ဆန်တင်ပို့ရောင်းချရန် ခက်ခဲသွားနိုင်ကြောင်းလည်း အထက်ပါ ဆန်ကုန်သည်က ပြောသည်။

ထို့အတူ တင်ပို့သည့် ကုန်သည်များ အမြတ်ငွေကျဆင်းလျှင် စိုက်ပျိုးသည့် လယ်သမားများကိုပါ ထိခိုက်နိုင်ကြောင်း၊ ကုန်သည်များက ဆန်စပါးကို ပုံမှန်ပေါက်ဈေးထက် လျှော့၍ ဝယ်ယူတော့မည်ဖြစ်ကြောင်း၊ ပြည်တွင်းဆန်ဈေးကွက်အပေါ် သက်ရောက်မှုကြီးလာနိုင်သည်ဆိုသော သုံးသပ်မှုများလည်း ရှိနေသည်။

လွန်ခဲ့သည့် နှစ်နှစ် အာဏာသိမ်းစတွင် ပို့ကုန်ရငွေအားလုံးကို​ တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့် လဲလှယ်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားခဲ့ပြီး၊ ၂၀၂၂ ဩဂုတ်မှစ၍ ၆၅ ရာခိုင်နှုန်းကိုသာ နှုန်းထားသစ် ၂,၁၀၀ ကျပ်ဖြင့် လဲရမည်ဟု ပြင်ဆင်သတ်မှတ်ထားသည်။

နိုင်ငံခြားငွေထိန်းချုပ်မှုကြောင့် ပြည်တွင်း၌ လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများမှာ ဒေါ်လာရှားပါးပြတ်လပ်မှုနှင့် အကြီးအ ကျယ်ရင်ဆိုင်နေရသည်ဟု လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ myanmar now

ရွှေဘိုတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ အရာတော်၊ ဝက်လက် နှင့် ရွှေဘိုတို့ တွင် စစ်တပ် က အင်အား ၁၀၀၀ ကျော် ဖြင့် ကျေးရွာ များကို စစ်ကြောင်း ထိုး ဖျက် ဆီးမီး ရှို့နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာနှင့် ရွာသစ်ကျေးရွာ အကြားတွင် စစ်တပ်စစ် ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က အင်အား ၈၀ ခန့်ဖြင့် ရွှေဘို မြို့နယ်၊ ကင်းဗျားကျေးရွာဘက်မှ ရွာသစ်ကျေး ရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက အသင့်ထောင်ထားသော ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက် ခွဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က ရွာသစ်ကျေးရွာနှင့် ဇီးတောကျေးရွာဘက်သို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း မဟာ မိတ်တပ်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းတမာန်ပြည်သူ့ ကာကွယ် ရေးအဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တာ နောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပူးပေါင်း တိုက်ခိုက်ခဲ့ ခြင်းဖြစ် ပြီး အ ကြမ်းဖက် စစ်ကောင်စီတပ်မှ ရွာသစ်ကျေးရွာနှင့် ဇီးတောကျေးရွာဘက်သို့ လက်နက်ကြီး များ ဖြင့် ရမ်းသမ်းပစ်ခက်ခဲ့ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်း အရာတော်မြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်အုပ်ချုပ် ရေး ကြေညာပြီးနောက် အင်အား ၁၀၀၀ ကျော်ဖြင့် မြို့နယ် ၃ ခုကို စစ်ကြောင်းထိုးနေကြောင်း ဝက်လက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အရာတော် ဝက်လက် ရွှေဘို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ဝက်လက်မြို့နယ်မှာ စစ်တပ် အင်အား ၃၀၀ ကျော် ထပ် မံတိုးမြင့်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်။ လှတော အထိုင်စခန်းအင် အား ၃၀၀ ခန့်ထိုင်ချပြီး စင်းတဝဲကျေးရွာ၊အုန္ဒဲဘုတ်ကျေးရွာဘက်သို့ အင်အား ၈၀ ခန့်စစ်ကြောင်းထိုး လက်နက်ကြီးများဖြင့် ပစ်ခတ်နေတယ်။ တပြိုင်နက်တည်း အရာတော် ရွှေဘိုဘက်မှာလည်း စစ် ကြောင်းတွေထိုးပြီး အင်အားများ အများ အပြားရောက် ရှိနေတယ်” ဟု ဝက်လက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။khit thit

တနင်္သာရီတွင် ပင်စင်စားဆရာမ အပါအဝင် ပြည်သူ ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့‌ထဲမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို အတင်းဝင်ရောက်ပြီး အငြိမ်းစားဆရာမအပါအဝင် မြို့ခံပြည်သူ အယောက် ၂ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် ည ၉ နာရီလောက်မှာ တနင်္သာရီမြို့ထဲရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က‌ အင်အားအ များအပြားနဲ့ အတင်းဝင်ရောက်ပြီး ပြည်သူ‌တွေရဲ့ ဖုန်းထဲက အချက်အလက်တွေကို စစ်ဆေးမေးမြန်းကာ သံသယရှိတယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲမှာ အငြိမ်းစား ပင်စင်ယူထားတဲ့ ကျောင်းဆရာမ ၁ ဦး ပါဝင်တယ်လို့ သိရပြီး အသက်ကြီးသူတွေနဲ့ အမျိုးသ မီးတချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

“ညဘက်ကြီး အိမ်ကို အတင်းဖွင့်ခိုင်းပြီး ဖုန်းတွေစစ်တယ်၊ သူတို့လာဖမ်းတာက PDF တွေနဲ့ ပတ်သက်သူတွေ၊ ထောက်ပို့လုပ်နေတာမျိုးတွေ နိုင်ငံရေးလှုပ်ရှားနေတဲ့သူတွေဆိုပြီး သံသယရှိတဲ့လူတွေကို ဖမ်းခေါ်သွားတာပါ။ ကုန်စုံဆိုင်ပိုင်ရှင်တွေရော လူငယ်တွေရော လူကြီးပိုင်းတွေကိုပါ ဖမ်းသွားကြတယ်။ ဖုန်းထဲက နိုင်ငံရေးနဲ့ပတ်သက်ပြီး တခုခုတွေ့ရင်တော့ ဖမ်းခေါ်သွားတာပဲ” လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူတွေကို စစ်ကောင်စီလက်အောက်ခံ တနင်္သာရီမြို့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပြီး လက် ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ‌ဇန်နဝါရီလတုန်းကလည်း တနင်္သာရီမြို့ရှိ လဝကဦးစီးအရာရှိရုံး၊ စစ်ဆေးရေးဂိတ်တံတား၊ မြို့ပေါ်စရဖရုံးနဲ့ ရဲစခန်းတို့ကို ပြည်သူ့ကာ ကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့ဟာ စစ်အုပ်ချုပ်ရေး သတ်မှတ်ခံထားရပြီးနောက် စစ်ရေးအရှိန် တင်းမာလာတဲ့မြို့ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက စစ်ကောင် စီတပ်တွေ မကြာခန တိုက်ခိုက်ခံရတာတွေ ရှိခဲ့တဲ့အတွက် ‌အခုလိုမျိုး ဒေသခံပြည်သူတွေကို သတင်းပေးသူတွေအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ DVB

ပဒတ္ထိုင်းရွာမှ နေအိမ် ၆၅ လုံးနှင့် ကျေးလက်ဆေးပေးခန်းကို စစ်ကောင်စီတပ်ကမီးရှို့

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်နှင့် အရာတော်နယ်အစပ်ရှိ ပဒတ္ထိုင်းရွာကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ် ၆၅ လုံးနှင့် ကျေးလက် ဆေးပေးခန်းကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

နေအိမ်တွေအပြင် ကျေးလက်ဆေးပေးခန်း စာကြည့်တိုက် နဲ့ သမဆိုင်တွေကိုပါ မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်” ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ခန့်မှန်းအင်အား ၂၀၀ နီးပါးရှိသည့် အဆိုပါစစ်ကြောင်းသည် အရာတော်နယ်ဘက်မှ မြင်းမူဘက်သို့ ဝင်ရောက်လာပြီး ပဒတ္ထိုင်းရွာကို စစ် ကြောင်းထိုး မွှေနှောက်ကာမီးရှို့ဖျက်စီးသွားခြင်းဖြစ်သည်။

ပဒတ္ထိုင်ထိုင်းရွာကိုမီးရှို့ပြီးနောက် မြင်းမူမြို့ နယ်အတွင်းရှိ ညောင်ပင်ကန်ရွာသို့ ထပ်မံဝင်ရောက် ကာ ရွာအနောက်ဖက်တွင် စစ်ရှောင်ရန်တည်ဆောက်ထားသည့်တဲ (တောထဲတိုက်) ၂ လုံးကို မီးရှို့ခဲ့ကြောင်း မြင်းမူသတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကန်တော်ရွာကို ထပ်မံဝင်ရောက်ပြီးနောက် လူနေအိမ်များနှင့် ဘုန်ကြီးကျောင်းပါမချန် မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရသည်။

ကန်တော်ရွာကိုမီးရှို့ ဖျက်စီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထီးဆောင်ကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းပြီးနောက် ကန်ဖျားရွာသစ်ဘက်ကို ဝင်ရောက်သွားကြောင်း မြင်းမူသတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြထားသည်။mizzima

« Older Entries