နတ်တလင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ ၁၄ ဦးကိုဖမ်းဆီးသွား
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့တွင် ပေါက်ခေါင်းဘက်မှ စစ်ကြောင်းထိုးလာသော အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ပဲခူးရိုးမပေါ်တွင် တောင်ယာခုတ်နေသော ဒေသခံ ၁၄ ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးသွားသည်ဟု နတ်တလင်းမြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ထို့နောက် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် တောင်ညိုဆည် တောလမ်းအတိုင်း မကျီးပင်ရွာဘက်သို့ ထွက်ခွာသွားသည်ဟု သိရသည်။
“ရစ်ကွင်းရွာအထက်နားမှာပါ ဆပ်သေမြောင်နားလောက်မှာပေါ့ ဖမ်းဆီးသွားတာပါ၊ ယောက်ျားသားတွေရော မိန်းမသားတွေရောအပြင် ကလေးတွေတောင် ပါပါတယ်” ဟု နတ်စစ်သည်အဖွဲ့ဝင် ကိုရဲသွင်အောင်က ပြောသည်။
ထိုကဲ့သို့ ဒေသခံများကို မဖမ်းဆီးမီ စစ်ကောင်စီတပ်သားများသည် PDF များရှိသည်ဟု ယူဆသောနေရာများသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်ဟု ဆိုသည်။
ဖမ်းဆီးခံလိုက်ရသော ဒေသခံများနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာ မသိရှိရသေးဟု ဆိုသည်။
ထို့အပြင် မကျီးပင်ရွာဘက်သို့ အင်အားဖြည့်ရန် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၈နာရီခန့်က အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့၏ ကားတစ်စီးသည် မန်ကျီးပင်ရွာနှင့် တစ်မိုင်ခန့်အကွာရှိ ရှင်းလင်းတောင်ဘက်တွင် စစ်ကောင်စီတပ်သားများကို လာချသွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
နတ်တလင်းမြို့နယ်အတွင်း တောင်ညိုဆည်အနီးရှိ မကျီးပင်စက်လှေဆိပ်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ အထိုင်ချထားပြီး ရိုးမပေါ်နှင့် တောင်ညိုဆည်နားတစ်ဝိုက်တွင် နေထိုင်လုပ်ကိုင်စားသောက်နေသော ဒေသခံများအား ထိုကဲ့သို့ဖမ်းဆီးမှုများမကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ဒေ သ ခံများ၏ ပြောဆိုချက်အရ သိရသည်။
ထို့အပြင် တောင်ညိုဆည်အတွင်း နေထိုင်သူများ ဆန်၊ ဆီ၊ ဆား၊ ရိက္ခာများ ထွက်ဝယ်ရာတွင်လည်း အကန့်အသတ်ဖြင့်သာ သယ်ယူခွင့် ပေး သည်ဟု ဆိုသည်။
ရိက္ခာအပိုရှိပါက PDF များကို ထောက်ပံံ့မည်စိုးသောကြောင့် ထိုကဲ့သို့ အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပေးခြင်းဖြစ်သည်ဟု ဒေသခံများ၏ အပြောအရ သိရသည်။ mizzima