မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို PAF Dနှင့်ပူးပေါင်းအဖွဲ့ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင်အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၂၇ ရက် ညနေပိုင်းတွင် လက်နက်ငယ်များဖြင့် အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း People Army to Fight Dictatorship-PAFD အဖွဲ့ က ထုတ်ပြန်ကြေညာသည်။
ယင်းတိုက်ခိုက်မှု နှင့် တစ်ပြိုင်နက်တည်းတွင် မြင်းမူမြို့ အ.ထ.က (၁) အထက်တန်းကျေင်း၌ တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လက်ပစ်ဗုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးကြောင်း PAFD အဖွဲ့ က တာဝန်ရှိသူက ဆိုသည်။
“ဘဏ်ရုံးထဲမှာက ဆယ်ယောက်လောက်ရှိတယ် ဘေးမျက်နှာချင်းဆိုင်မှာရှိတဲ့ အထက (၁)ကျောင်းထဲမှာက ၂၀ လောက် ရှိတယ် ဘဏ်ရုံးကနှစ်ထပ် အဲ့မှာမှ ဘန်ကာတွေ လုပ်ထားတယ် သူတို့ ၀ရန်တာ မှာ လမ်းလျှောက်နေတဲ့အချိန် တိုက်ခိုက်ခဲ့တာပါ” ဟု PAFD က တာဝန်ရှိသူကပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွားလာနိုင်ခဲ့ကြောင်း PAFD အဖွဲ့က ဆိုသည်။
တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မြင်းမူမြို့ပေါ်ရှိ လူငယ်များကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း PAFD အဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ယင်းတိုက်ခိုက်မှုများကို People Army To Fight For Dictatorship (PAFD)၊ တပ်ခွဲ DK PDF(MMU)၊ People Knight Defense Force (MMU)၊ မြင်းမူမြို့တိုက်နယ် အနောက်ခြမ်း ပ.က.ဖ၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F (MMU)အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။mizzima