Monthly Archives: Mar 2023

မိုးကာအုပ်ထားသော စစ်ယာဉ်တန်းကို PDF မိုင်းဆွဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ မုံရွာ နှင့် ချောင်းဦးလမ်းပိုင်းတွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ (နမခ) မှ ထွက်လာသော စစ်ကောင်စီတပ်ကား ယာဉ်တန်းကို ယနေ့‌ မတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Area 71 People Defense Force က မဇ္ဈိမကို ပြော သည်။

မတ်လ ၃ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် မိုးကာအုပ်ထားသော စစ်ကောင်စီကား အကြီး ၁၀ စီးနှင့် Double Cap ပွိုင့်ကား လေးစီးကို ပဒေသာမိုင်း လေးလုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“အသေအပျောက်ကတော့ရှိနိုင်တယ်ဗျ ၊ ကားတစ်စီးပျက်ပြီး မုံရွာဖက်ပြန်ကွေ့ သွားတာက အထိအခိုက်ရှိတဲ့ ခွေး(စစ်ကောင်စီတပ်သား) ပြန်ပို့တယ်လို့ ယူဆရတယ်” ဟု Area 71 PDF တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ မိုးကာအုပ်ထားသော စစ်ကောင်စီတပ်ကားအကြီး ၁၀ စီးအနက် လေးစီးမြောက်ကားကို ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး အနောက်မှ ပါလာသော ကားများပါရပ်သွား ခဲ့ကြောင်း ၎င်းက ပြောသည်။

လောလောဆယ်တွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပေ။

ယင်းယာဉ်တန်းသွားဖြတ်သန်းရာလမ်းတလျှောက်တွင် စစ်ကောင်စီတပ်များမှ ကင်းပုန်းများချထားပြီး ၎င်းတို့မှ မိုင်းဆွဲသည့် ရဲဘော်များကို ပစ်ခတ်ခဲ့ရာ ကာကွယ်ရေး ရဲဘော်များ ခေတ္တပိတ်မိနေခဲ့ကြောင်းသိရသည်။

ပစ်ခတ်သံများ ငြိမ်သက်ချိန်မှ အထိအခိုက်မရှိ ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ချောင်းဦး – မုံရွာလမ်း ပိုင်းတွင် စစ်ကောင်စီတပ်သားများ စစ်ရေးလှုပ်ရှားများ ရှိနေသဖြင့် ကာကွယ်ရေးတပ်ဖွဲ့က ကြေညာချက် မထုတ်ပြန်မချင်း ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်း မပြုကြရန်လည်း Area 71 PDF က အသိပေးထားသည်။ mizzima

စစ်အုပ်စု ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၀၈၀ ကျော်ထိ မြင့်တက်လာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၀၈၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၉၈၂ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၁၂၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၄,၇၄၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၃၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီလောက်က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊ ခေါင်းအိကျေးရွာအုပ်စုကို ဖယ်ခုံမြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စုတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်ဟာ ခေါင်းအိကျေးရွာအုပ်စုထဲက ကျေးရွာတရွာရဲ့ ဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ညီအစ်ကို ၂ ယောက် သေဆုံးခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၈ တရက်တည်းမှာပဲ ည ၁၀ နာရီလောက်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာမှာ နေထိုင်တဲ့ ကိုစိုးသူဝင်း၊ ကိုဖိုးအေး၊ ကိုမောင်မောင်နဲ့ မခင်ယုမွန်တို့ ၄ ယောက်ကို အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီးတွေက ဆိုင်ကယ်နဲ့ လာရောက်ဖမ်းဆီးခဲ့ပြီးနောက် သေနတ်နဲ့ ပစ်သတ်ခဲ့ကာ ရုပ်အလောင်းတွေကို လေးရွာဆုံ ကျေးရွာနဲ့ ဗလုံးကျေးရွာကြားက လမ်းဘေးမှာ စွန့်ပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံသူတွေဖြစ်တဲ့အပြင် အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ရော နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုရော သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

NUG ကျောင်းများတွင် ကျောင်းအပ်နှံပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် အွန်လိုင်း စာသင်ကျောင်းများတွင် အပ်နှံသော ကျောင်းသားမိဘများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထားသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော မြန်မာ့အသံ (MRTV) တွင် မတ်လ ၁ ရက်နေ့ ညပိုင်းက ထိုသို့ခြိမ်းခြောက် ကြေညာသွားခြင်းဖြစ်သည်။

ကျောင်းသားမိဘများအနေဖြင့် ပတ်ဝန်းကျင်ကို မလွန်ဆန်နိုင်၍ ဖြစ်စေ၊ မသိနားမလည်၍ ဖြစ်စေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခံရမည် ဖြစ်ကြောင်းလည်း ဆိုသည်။

စစ်ကောင်စီသည် ပညာရေးကိစ္စရပ် တစ်ခုတည်းတွင် ခြိမ်းခြောက်နေခြင်း မဟုတ်ဘဲ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးများကိုပါ ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် Dr.Bio (ခ)ဒေါက်တာစိုးဝင်းဦးက မှတ်ချက်ပြုသည်။

“စကစ ခြိမ်းခြောက်တာကတော့ အဆန်းတကြယ်မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ အကုန်လုံးကို ခြိမ်းခြောက်နေတာပဲ။ အားလုံးရဲ့ မွေးရာပါ လူ့အခွင့်အရေးတွေ၊ နောက်တစ်ခုကတော့ တိုင်းပြည်မှာရှိနေတဲ့ တည်ဆဲ တရားဥပဒေစိုးမိုးရေးတွေ၊ ခြိမ်းခြောက်ရုံမက လူသားချင်းကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မျိုးစုံ ကျူးလွန်နေတာ” ဟု Dr.Bio (ခ)ဒေါက်တာစိုးဝင်းဦးက ပြောသည်။

ကျောင်းသား မိဘများအနေဖြင့် မိမိတို့၏ စစ်ကောင်စီစာသင်ကျောင်းများနှင့် စစ်ကောင်စီ အသိအမှတ်ပြု ကိုယ်ပိုင်စာသင်ကျောင်းများတွင်သာ အပ်နှံ့ကြရမည်ဟုလည်း ဆိုထားသည်။

“သူ့ဘာသာသူ ဘယ်လောက်ပဲ ခြိမ်းခြောက်၊ ကြောက်မယ့်ထဲ မပါပါဘူး။ ကျွန်မ ကလေးတွေကို ပညာရေးနဲ့ ဆိုင်တဲ့ သင်တန်းတွေ၊ ပြီးတော့ စုံစမ်း ပြီးတော့ နောက်ထပ် ကျောင်းတွေထားရမှာပဲ။ စစ်ကောင်စီကျောင်းတွေ တော့ မပါဘူးပေါ့”ဟု ကျောင်းသားမိဘတစ်ဦးက မဇ္ဈိမကို ပြောသည်။

NUG အသိအမှတ်ပြု အွန်လိုင်းစာသင်ကျောင်းဖြစ်သည့် Free Online Educational Institution Myanmar (FOEIM) တွင် ကျောင်းအပ်နှံထားကြသည့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော်၏ အချက်အလက်များ ပေါက်ကြားလာပြီးနောက် စစ်ကောင်စီက ယခုလို ခြိမ်းခြောက်လာခြင်း ဖြစ်သည်။

အဆိုပါ FOEIM စာသင်ကျောင်းကိုမှု အချက်အလက်များ ပေါက်ကြားမှုကြောင့် မတ်လ ၁ ရက်နေ့မှစတင်ကာ ပိတ်သိမ်းကြောင်း FOEIM က ကြေညာထားပြီး အချက်အလက် ပေါက်ကြားမှုအပေါ် တာဝန်ယူမှုအပိုင်းကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း Kaung for you အွန်လိုင်းစာသင်ကျောင်းက ကျောင်းအုပ်ကြီး ဦးကောင်းသိုက်စိုးနှင့် ဦးဝင်းဗိုလ်၊ ဦးသန့်စင်ထိုက်တို့ကို စစ်ကောင်စီက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေဖြင့် စစ်ကောင်စီက ဖွင့်လှစ်သော စာသင်ကျောင်းများတွင် မတက်ရောက်ဘဲ NUG က ဖွင့်လှစ်သည့် စာသင်ကျောင်းတွင် တက်ရောက်ကာ စစ်ကောင်စီကို တော်လှန် နေကြခြင်း ဖြစ်သည်။mizzima

ညောင်တုန်းတွင် အမျိုးသား ၁ ဦးကို ရဲက ဖမ်းဆီးပြီး ရိုက်နှက်သတ်ဖြတ်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ အမျိုးသားတယောက်ကို ရဲတွေက ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်တုန်းမြို့နယ်၊ ကဇန်းလမ်းဆုံမှာနေတဲ့ ဦးငစိုးကို ရဲကင်းနဲ့ ဆားမလောက်ရဲစခန်းက ရဲတွေ ဖမ်းဆီးရိုက်နှက်တာကြောင့် သေဆုံးသွားပြီး မတ်လ ၃ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီမှာပဲ သင်္ဂြိုဟ်လိုက်တာ ဖြစ်ပါတယ်။

ဒေသခံတယောက်က “ဖြစ်ပုံက ဒီလို။ ဦးငစိုးရဲ့သား ဇင်ဇော်မင်းက ပြီးခဲ့တဲ့လက ရဲထဲကို ဝင်သွားတယ်။ အဲဒါကို ဦးငစိုးက မကြိုက်ဘူး။ အဲဒီတော့ မူးလာရင် ဆဲတယ်။ ပြီးခဲ့တဲ့ ၂၈ ရက်နေ့ ညနေကလည်း ဆဲနေတုန်း ကဇန်းလမ်းဆုံ ရဲကင်းက ရဲတွေက လာဖမ်းသွားတာ” လို့ ပြောပါတယ်။

ဦးငစိုးရဲ့ ညီမဖြစ်သူရဲ့ ယောကျ်ားဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့စက်ရုံက ရဲတပ်ကြပ်အဆင့် ဖြစ်ပြီး သူက ဆားမလောက်ရဲစခန်းကို တိုင်ကြားခဲ့တာလို့လည်း ဒေသခံတချို့က ပြောပါတယ်။

“ညနေ ၆ နာရီလောက်မှာ ကဇန်းရဲကင်းက ခေါ်သွားတယ်။ အဲဒီမှာ ရိုက်ကြတယ်။ ပြီးတော့ ဆားမလောက်ရဲစခန်းကို ပို့ပြီး အဲဒီမှာလည်း ရိုက်တယ်။ နောက်နေ့တော့ ဒဏ်ရာတွေနဲ့ အိမ်ကိုပြန်ရောက်လာတယ်။ ချောင်းကြီးတိုက်နယ်ဆေးရုံကိုပို့ပေမဲ့ မအူပင်ဆေးရုံကို အရေးပေါ်လွှဲပေးတယ်။ ဆေးရုံမှာပဲ သေသွားတာ။ နားထင်မှာ ဒဏ်ရာတော်တော်ရထားတယ်။ ဓာတ်ပုံရိုက်ဖို့က အဆင်မပြေဘူး” လို့ ဒေသခံတယောက်က ပြော ပါတယ်။

ဦးငစိုးဟာ လေဖြတ်ပြီး သေဆုံးတာလို့ ဇနီးဖြစ်သူကို လက်မှတ်ထိုးခိုင်းတဲ့အကြောင်း ဒေသခံတချို့က ပြောပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစ ခန်းကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ DVB

အင်းတော်တွင် မိုင်းမတော်တဆမှုကြောင့် မြို့ ပြပြောက်ကျား ရဲဘော် ၂ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ရှိ လမ်းဆုံမီးပွိုင့်တွင် မိုင်းထောင်နေစဉ် မိုင်းမတော်တဆပေါက်ကွဲသဖြင့် မြို့ပြပြောက်ကျားရဲဘော် နှစ်ဦး ကျဆုံးသွားကြောင်း အင်းတော်မြို့ပြပြောက်ကျား ရဲဘော်တစ်ဦးထံမှ သိရသည်။

ယမန်နေ့ မတ်လ ၂ရက် ည၈နာရီအချိန့်ခန့်တွင် အင်းတော်မြို့အတွင်း ကင်းပတ်နေသည့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားအား မိုင်းဖောက်ခွဲရန် ကြိုးစားနေသည့် အသက်၂၀ ကျော်အရွယ် ပြောက်ကျားရဲဘော်နှစ်ဦး ကျဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ည ၈နာရီခွဲအချိန်မှာ သူတို့က ကင်းပတ်နေတဲ့ ရဲကားကိုမိုင်းထောင်ဖို့လုပ်တာ မိုင်းပေါက်ကွဲပြီးတော့ သေသွားတာပါ၊ ရဲဘော်တွေကတော့ မြို့ပြပြောက်ကျား ဆိုတော့ နာမည်ကတော့ ပြောလို့မရဘူးဗျ။ အလောင်းကတော့ ပေါက်ကွဲတဲ့အချိန်မှာ တစ်စစီမွကြေသွားတာပေါ့ ၊ခြေ ထောက်ဆိုခြေထောက် လက်ဆိုလက် အသားစတွေအကုန် မွသွားတာဆိုတော့ မနေ့ကတော့ ရဲတွေကောက်သွားတယ်ဗျ” ဟု အင်းတော်မြို့ပြပြောက်ကျား ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါမိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လမ်းဆုံမီးပွိုင့်အနီးတွင် အင်းတော်မြို့မရဲစခန်းမှ ရဲများက သေနတ်များ ရမ်းသန်းပစ်ခတ်ခဲ့သည့်အ ပြင် ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်သားများက အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်သွားသည်ဟုလည်း ဆိုသည်။

မိုင်းပေါက်ကွဲမှုကြောင့် မီးပွိုင့်လမ်းဆုံအနီးရှိ ရဲများကင်းစောင့်ရာဘန်ကာ အဆောက်အအုံ ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။

အင်းတော်မြို့ မီးပွိုင့်လမ်းဆုံသည် လမ်းသုံးခုဆုံသောနေရာဖြစ်သဖြင့် စစ်ကောင်စီတပ်များက အဆိုပါလမ်းဆုံနေရာတွင် စစ်ဆေးမှုများပြု လုပ်လေ့ရှိသည်ဟုလည်း မြို့ပြပြောက်ကျားရဲဘော်က ပြောသည်။

အင်းတော်မြို့နယ်သည် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့်မြို့လည်း ဖြစ်သည်။

အင်းတော်မြို့နယ်တွင် မီးသွေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံကိုမင်းမင်းဦး(ခ)ကိုလမင်းကို PDF ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးပြီး အ ကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ကာ ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် အင်းတော်မြို့စစ်ခုံရုံးက ထောင်ဒဏ် တစ် သက်တစ်ကျွန်း ချမှတ်ခဲ့သေးသည်။ mizzima

ရေစကြိုတွင် စစ်ဆေးရေး လုပ်နေသည့် စစ် သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ဆေးရေး လုပ်နေသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ုကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ မတ်လ ၃ ရက် နံနက် ၁၀ နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ဇီးကုန်းကျေးရွာနှင့် ကုန်တလင်းကျေးရွာတွင် ခရီးသွား ပြည်သူများကို စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်သား အင်အား ၁၀ ဦးခန့်ကို ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ဒရုန်းဖြင့် အီနာ ဂါဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“သေတော့ မသေနိုင်လောက်ဘူး၊ ဒဏ်ရာကတော့ ပြင်းထန်တယ်၊ ဒဏ်ရာအပြင်းအထန်ရတယ် ဆိုတာ အတည်ပြုလို့ရတယ်၊ ဒရုန်းနဲ့ချပြီး ခဏကြာတော့ ကားနှစ် စီးနဲ့ရောက်လာပြီး အကုန်လုံးကိုတင် သွားတာ” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကား ၂ စီးရောက်ရှိလာကာ ထိခိုက်ဒဏ်ရာရရှိသော စစ်သားများနှင့် အခြား အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ခေါ်ဆောင်သွားကြောင်း၊ ယင်းတိုက် ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

ရေးမြို့နယ်တွင် ဆယ်ကျော်သက်လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဆယ်ကျော်သက်လူငယ်တွေအကြား မူးယစ်ဆေးသုံးစွဲသူတွေ များပြားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်း နယ်ကျေးရွာဘက်တွေမှာ ဆယ်ကျော်သက်အရွယ် အသက် ၁၅ နှစ်ဝန်းကျင်နဲ့ အသက် ၄၀ ကျော်ကြားအရွယ်တွေ မူးယစ်ဆေးဝါးကို ပိုမိုသုံးစွဲလာတာ တွေ့ရတယ်လို့ မူးယစ်ဆေးဝါး ဆန့်ကျင်လှုပ်ရှားသူတွေက ပြောပါတယ်။

အခုလို မူးယစ်ဆေးဝါးတွေကို နယ်ဘက်တွေမှာ အလွယ်တကူ ရောင်းဝယ်နေတာ၊ ရဲတပ်ဖွဲ့ဘက်ကလည်း ဖော်ထုတ်ဖမ်းဆီးတာတွေ မရှိတာကြောင့် မူးယစ်ဆေးဝါးအပြင် ဘိန်းစားရွက်ပါ သုံးစွဲလာကြတယ်လို့ ကျေးလက်နေ ဒေသခံတွေက ပြောပါတယ်။

မူးယစ်ဆေးဝါးတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လူငယ်တွေကြား ၇၀ ရာခိုင်နှုန်းလောက် သုံးစွဲလာကြသလို အလုပ်အကိုင်မရှိတာရယ် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဘက်ကလည်း ဆေးသမားတွေကို သတင်းပေးအဖြစ် အသုံးချပြီး ဆေးရောင်းဝယ် သယ်ယူခွင့်တွေပါ ပေးလာတာကြောင့် အနာဂတ်မှာ လူငယ်တွေအတွက် စိုးရိမ်ရတယ်လို့ မူးယစ်ဆေးဝါး ဆန့်ကျင်လှုပ်ရှားနေသူတွေက ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှုတွေ မြင့်တက်လာတာကြောင့် နောက်ဆက်တွဲ ပြဿနာတွေအဖြစ် ခိုးမှု၊ လုယက်မှု၊ လူသတ်မှု စတဲ့ ရာဇဝတ်မှုတွေလည်း တနေ့ထက်တနေ့ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆,၀၀၀ ကျော်ရှိပြီး ကာလတန်းဖိုးအနေနဲ့ ကျပ် ၁,၀၀၀ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ DVB

ချင်းတွင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ကဗျာဆရာ ကေဇဝင်း ကျဆုံးခြင်း ၂ နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

khit thit

ရေစကြိုတွင် စာမေးပွဲမေးခွန်းများသယ်လာသည့် စစ်ကောင်စီယာဉ်တန်းကိုမိုင်းဆွဲတိုက် ခိုက်၊ စစ်သား ၂ဦးသေဟုဆို

မကွေးတိုင်း၊ရေစကြိုမြို့တွင် စစ်ကောင်စီကျောင်းများအတွက် အိမ်စီးကားသုံးစီးဖြင့် မေးခွန်းစာရွက်များသယ်ဆောင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့မတ်လ ၂ ရက်နေ့ ညကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။ ကားနှစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကာ စစ်သားနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရေစကြိုမြို့ပေါ်ရှိကျောင်းများအတွက် စာမေးပွဲမေးခွန်းစာရွက်များကို ပခုက္ကူဘက်မှ အိမ်စီးကားသုံးစီးဖြင့် သယ် ဆောင်လာစဉ် မြို့အဝင် ဘက်စုံကွေ့နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

” မိုင်းဆွဲလိုက်တော့ ရှေ့ကကားနှစ်စီးက လုံး၀ ပျက်စီးသွားတော့ နောက်ဆုံးကားပေါ်က ဆင်းပြီးပစ်တာ။အဲ့တာကို အဲ့နေရာမှာရှိတဲ့ စစ်ကောင် စီတပ်ရဲ့ကင်းပုန်းတွေနဲ့ သူတို့အချင်းချင်း ဗြောင်းတွေဆန်ကုန်တာ။နှစ်ဦးသေတယ်ကြားတယ်” ဟုရေစကြိုမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခုမိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရေစကြိုမြို့အဝင် ဘက်စုံကွေ့ နေရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

” မနေ့က ညနက်ပိုင်းက မိုင်းကွဲသံကြားတယ်။ ချက်ချင်းဆိုသလိုပဲ ပစ်ခတ်သံတွေ ဆူညံသွားတယ်။ ဆေးရုံကားသံတွေပါ ကြားရတယ်”ဟု ရေစကြိုမြို့ခံတဦးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကလည်း ရေစကြို အမှတ်(၂) စည်ပင်သာယာရပ်ကွက်ရှိ စုပေါင်း ရုံးအတွင်းတပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။mizzima

ဝက်လက်၊ မုဆိုးခြုံရွာကို မီးလာရှို့သည့် စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက် ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံရွာကို မီးလာရှို့သည့် အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Burma Rangers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မုဆိုးခြုံကျေးရွာအတွင်းသို့ အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်လုပ်လက်နက်ကြီး အလုံး ၄၀ ကျော်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် အ ပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် စစ်သား ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မုဆိုးခြုံရွာက နေအိမ်တစ်လုံးကို မီးရှို့သွားတယ်။ ပြည်သူတစ်ဦးကိုလည်း ပစ်သတ်သွားတယ်။ လေဖြတ် နေတဲ့ အဖိုးကြီးကို သတ်သွားတာ ဘုန်းဘွဲ့၊ အုန္နဲပုတ်ကျေးရွာဘက်ကနေ စစ်ကြောင်း ထိုးလာတာ နောက်ရက်တွေမှာတော့ သခွတ်တောကျေးရွာကို မီးထပ်ရှို့သွားတယ်။ အိမ် ခြေ ဘယ်လောက်ပါ သွားလဲတော့ အတိအကျမသိရသေးဘူး။ စစ်ကြောင်းက ပြန်မထွက်သေးဘူး” ဟု Burma Rangers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Burma Rangers (Shwe Bo) ၊ ရွှေတောသား Local ပြောက်ကျားတပ်ဖွဲ့၊ X Force Army တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ မိုးကာအုပ် ကားအကြီး ၁၀ စီးနှင့် D.C ပွိုင့်ကား ၄ စီးကို ယနေ့ မတ်လ ၃ ရက်နေ့ ၁ နာရီ ၄၉ မိနစ်အချိန်တွင် မုံရွာ ချောင်း ဦးလမ်းပိုင်း တစ်နေရာ၌ ပဒသာမိုင်း ၄ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့ထံမှ သိရသည်။

အဆိုပါ မိုးကာအုပ် ကားကြီး ၁၀ စီး၏ ၄ စီးမြောက်ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ယာဥ်တန်းမှာ ခေတ္တ ထိုးရပ်သွား​ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်များ စစ်ကောင်စီ၏ ကင်းပုန်းများ​ကြောင့် ပိတ်မိနေသော်လည်း နယ်မြေကျွမ်းကျင်မှုကြောင့် အထိ အခိုက်မရှိ ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့က ထုတ်ပြန်ထားသည်။khit thit

« Older Entries