မိုးကာအုပ်ထားသော စစ်ယာဉ်တန်းကို PDF မိုင်းဆွဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ မုံရွာ နှင့် ချောင်းဦးလမ်းပိုင်းတွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ (နမခ) မှ ထွက်လာသော စစ်ကောင်စီတပ်ကား ယာဉ်တန်းကို ယနေ့ မတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Area 71 People Defense Force က မဇ္ဈိမကို ပြော သည်။
မတ်လ ၃ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် မိုးကာအုပ်ထားသော စစ်ကောင်စီကား အကြီး ၁၀ စီးနှင့် Double Cap ပွိုင့်ကား လေးစီးကို ပဒေသာမိုင်း လေးလုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
“အသေအပျောက်ကတော့ရှိနိုင်တယ်ဗျ ၊ ကားတစ်စီးပျက်ပြီး မုံရွာဖက်ပြန်ကွေ့ သွားတာက အထိအခိုက်ရှိတဲ့ ခွေး(စစ်ကောင်စီတပ်သား) ပြန်ပို့တယ်လို့ ယူဆရတယ်” ဟု Area 71 PDF တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ မိုးကာအုပ်ထားသော စစ်ကောင်စီတပ်ကားအကြီး ၁၀ စီးအနက် လေးစီးမြောက်ကားကို ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး အနောက်မှ ပါလာသော ကားများပါရပ်သွား ခဲ့ကြောင်း ၎င်းက ပြောသည်။
လောလောဆယ်တွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပေ။
ယင်းယာဉ်တန်းသွားဖြတ်သန်းရာလမ်းတလျှောက်တွင် စစ်ကောင်စီတပ်များမှ ကင်းပုန်းများချထားပြီး ၎င်းတို့မှ မိုင်းဆွဲသည့် ရဲဘော်များကို ပစ်ခတ်ခဲ့ရာ ကာကွယ်ရေး ရဲဘော်များ ခေတ္တပိတ်မိနေခဲ့ကြောင်းသိရသည်။
ပစ်ခတ်သံများ ငြိမ်သက်ချိန်မှ အထိအခိုက်မရှိ ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ချောင်းဦး – မုံရွာလမ်း ပိုင်းတွင် စစ်ကောင်စီတပ်သားများ စစ်ရေးလှုပ်ရှားများ ရှိနေသဖြင့် ကာကွယ်ရေးတပ်ဖွဲ့က ကြေညာချက် မထုတ်ပြန်မချင်း ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်း မပြုကြရန်လည်း Area 71 PDF က အသိပေးထားသည်။ mizzima