တန့်ဆည်ပင်မ သပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်တပ် အတွက် ဝင်ငွေရှာပေးနေသည့် စွမ်းအင် ကုမ္ပဏီများကို အရေးယူ ပိတ်ဆို့ပေးရေး ချီတက် ဆန္ဒပြ




khit thit
khit thit
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အခြေစိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖွဲ့ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာ(၁၃)ခုကို ဖျက်သိမ်းခြင်း (သို့မဟုတ်) CDF-Mindat ၏အမည်မဟုတ်သည့် အမည်ပြောင်းလဲပေးကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat က မတ်လ ၃ရက်တွင် အသိပေးထုတ်ပြန်သည်။
Chin Defence Force CDF-Mindat ၊ CDF – Mindat Revolution Movements၊ CDF Mindat လင်းယုန်တပ်ရင်း၊ နဂါးတပ်ရင်း – CDF-Mindat၊ CDF ၊ သိန်းငှက်တပ်ရင်း ၁-Cdf-Mindat ၊ CDF-Mindat မြို့ပေါ်တပ်ရင်း 1၊ CDF-Mindat မြို့ပေါ်တပ်ရင်း – ၃၊ Yoma Battalion – CDF-Mindat ၊ TIGER Battalion C. D. F ၊ Chin Defence Force-Mindat – ၄၀ ဗျူဟာတပ်ရင်း၊ နာဂစ်တပ်ရင်းနှင့်ဇာမဏီတပ်ရင်းသတင်းမှန်ပြန်ကြားရေးစသည့် လူမှုကွန်ရက်စာမျက်နှာများကို
ဖျက်သိမ်းခြင်း (သို့မဟုတ်) CDF-Mindat ၏ အမည်မဟုတ်သည့် အမည်ပြောင်းလဲခြင်းများပြုလုပ်ပေးကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သော အထွေထွေညီလာခံအစည်းအဝေးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၏ ကာကွယ်ရေးဗဟိုကော်မတီဝင်များ၊ တပ်ရင်းမှူးများ၊ ဒုတပ်ရင်းမှူးများမှ သဘောတူဆုံးဖြတ်ချက်အရ ယခုလို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat ၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။
ပိုမိုကျစ်လစ်သည့် ဖွဲ့စည်းပုံစုဖွဲ့မှုနှင့်အတူ နိုင်ငံရေး၊စစ်ရေး အတွက်ပြုပြင်ပြောင်းလဲမှုများ
ပြုလုပ်လျက်ရှိသောကြောင့် ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat က ဆိုသည်။
ထို့ကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat ၏ တရားဝင်ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာ
https://www.facebook.com/chinDefenceforce တစ်ခုတည်းကိုသာ ဆက်လက်အသုံးပြုမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) စစ်ဒေသမှူးက မဇ္ဈိမကို အတည်ပြု ဖြေကြားသည်။
အလှူငွေထည့်ဝင်လှူဒါန်းလိုပါကလည်း အထက်ဖော်ပြပါ တရားဝင်ဖေ့ဘုတ် စာမျက်နှာနှင့် CDF-Mindat ၏ ဘဏ္ဍာရေးကော်မတီထံတွင်သာ ဆက်သွယ်လှူဒါန်းပေးကြပါရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) Chin Defence Force – Mindat ၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနက မေတ္တာရပ်ခံထားသည်။ mizzima
ရခိုင်ပြည် စစ်တွေမြို့နယ် အမြင့်ကျွန်း ရဲစခန်းအနောက်ဖက် မြစ်ဖက်သို့ မျက်နှာမူ၍ တပ်စွဲနေသည့် စစ်ကောင်စီတပ်က ရေကြောင်းသွားလာနေသူများထံမှ ငွေကြေးကောက်ခံနေသည်ဟု အဆိုပါလမ်းကြောင်းမှ သွားလာနေသူများက ပြောသည်။
အဆိုပါနေရာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည်မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ပြီးခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလကစ၍ဖြစ်ပြီး လက်ရှိအချိန်ထိ ဆက်ရှိနေသေးခြင်းဖြစ်ပြီး ယခုအချိန်တွင် စစ်ကောင်စီတပ်မှ ငွေကြေးကောက်ခံမှုများရှိနေသည်ဟုဆိုသည်။
ရေကြောင်းသွာနေသည့် ကုန်တင်၊ ခရီးသည်တင် ဘုတ်၊ စက်လှေများကို တစ်စင်းမကျန်စစ်ဆေးပြီး ကြာရှည်စစ်ဆေးသည့်နည်းဖြင့် ငွေရယူလျှက်ရှိနေသည်ဟု အဆိုပါလမ်းမှ မောင်းနှင်နေသည့် ရသေ့တောင်မှ အမည်မဖော်လိုသူ ဘုတ်သမားတစ်ဦးက ပြောသည်။
“ဖြတ်သွားတဲ့ ဘုတ်၊ စက်လှေအကုန်ကပ်ပေးရတယ်။ ခေါ်ပြီး စစ်တယ်။ အကုန်လျှောက်မေးတယ်။ ပိုက်ဆံမပေးသရွေ့တော့ လှိမ့်ပြီးမေးတာခံနေရတာပဲ။ ပိုက်ဆံပေးလိုက်ရင်တော့ ဘာမှပြောစရာမလိုတော့ဘူး။ တန်းပြီးသွားလို့ရပြီ” ဟုပြောသည်။
အဆိုပါနေရာ၌ ရှိနေသည့် စစ်ကောင်စီတပ်သားများမှာ စစ်သားအပါအဝင် ရဲများလည်းရှိနေသည်ဟု သိရသည်။
ထိုသို့သောအခြေနေများကြောင့် ဘုတ်သမားများတွင် အဆိုပါလမ်းမှ ဖြတ်လျှင် ငွေများအမြဲပေးဆောင်နေရပြီး တင်ဆောင်လာသည့် ပစ္စည်းအမျိုးစားပေါ်မူတည်၍လည်း ငွေးပေးနေရသည်ဟု နောက်ထပ်ဘုတ်သမားတစ်ဦးကဆိုသည်။
“သူတို့ရစ်တာ မခံချင်ရင်တော့ ငွေပေးရတော့တာပဲလေ။ ငွေမပေးရင် ဘယ်လောက်ကြာကြာ အဲ့မှာနေခိုင်းထားထား။ ပေးမသွားဘူး။ နောက်တင်လာတဲ့ပစ္စည်းအပေါ်မှာမူတည်ပြီး သူတို့တောင်းချင်သလို တောင်းတာလည်းရှိသေးတယ်။ လုပ်စားနေရတာလည်း အသက်ရှုမချောင်ဘူး” ဟုပြောသည်။
လက်ရှိကမ်းကပ်ပြီး စစ်ဆေးခံနေရသည့် အဆိုပါနေရာတွင် ကမ်းကပ်ရန် ဆိပ်တည်ဆောက်ထားမှုလည်း မရှိသည့်အတွက် ရေအတက်အကျပေါ်မူတည်ပြီး သောင်တင်သွားသည်အခြေနေများဖြင့် ကြုံရသည်များလည်းရှိသည်ဟု ဘုတ်သမားများကပြောသည်။
ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တကျော့ပြန်တိုက်ပွဲအတွင်းက စစ်ကောင်စီ၏ ပြည်နယ်တွင်း ကန့်သတ်ချက် အများအပြားရှိခဲ့ပြီး အပစ်ရပ်ပြီးနောက်ပိုင်း သိသာစွာဖြေလျော့မှုလည်း ရှိမလာခဲ့ပေ။
ထိုသို့သောအခြေနေများနှင့်ဆက်စပ်၍ ရခိုင့်စီးပွားရေး၊ နိုင်ငံရေး လေ့လာသူတစ်ဦးက ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့၏ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်မှုမှာ လူထုအတွက် သက်ရောက်မှုမရှိဟု ပြောဆိုထားသည်။
မြို့နယ်အနှံ့ကုန်စည်သယ်ယူတင်ပို့သည့် လမ်းကြောင်းများတွင်လည်း စစ်ကောင်စီတပ်သားများ၏ အစစ်အဆေးကို ခံယူနေကြရဆဲဖြစ်ပြီး ကန့်သတ်ကုန်များလည်း ဆက်ရှိနေဆဲဖြစ်သည်။
ထိုအခြေနေများနှင့်ပတ်သက်၍ ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြည်သူကိုငဲ့ညှာ၍ အပစ်ရပ်ကြသည်ဆိုပါက ပြည်သူများအတွက် အနှောင့်အယှက်ဖြစ်နေဆဲဖြစ်သည့် အခြေနေများဆက်ရှိနေသေးရာ ထိုအခြေနေကို နှစ်ဖက်လုံးမှ သုံးသပ်ရန်လိုအပ်သည်ဟု ပြောဆိုထား သည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်မှုတွင် ULA/AA နှင့် ဆက်စပ်၍ဟုဆိုကာ ဖမ်းဆီးခံထားရသည့် အပြစ်မဲ့သူများအား လွှတ်ပေးရန်၊ ပြည်နယ်တွင် ကုန်စည်စီးဆင်းရာလမ်းကြောင်းများကို လွပ်လပ်စွာကုန်သွယ်သွားလာခွင့်ပေးရန် ဖြစ်ပြီး စစ်ကောင်စီ၏ လက်ရှိအပြုအမူကို မပြင်ဆင်ပါက တိုက်ပွဲပြန်ဖြစ်မည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က ရက္ခိုင့်တပ်တော် ပြော ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောဆိုထားသည်။ khit thit
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာမှာ အမျိုးသား ၆ ယောက်ကို မတ် ၄ ရက် မနက် ၁၀ နာရီကျော်လောက်မှာ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ပစ်သတ်ခံရတဲ့သူတွေဟာ အသက် ၂၀ ဝန်းကျင်နဲ့ ၄၀ ကြား အမျိုးသားတွေ ဖြစ်တယ်လို့ ရွာခံတွေထံက သိရပါတယ်။
ဒေသခံတဦးကတော့ “ဘယ်သူဘယ်ဝါဆိုပြီး ရွေးတာမဟုတ်ဘူး။ ဖမ်းချင်တဲ့သူ ဖမ်းပြီး သတ်သွားတာ။ ဖမ်းသွားတဲ့သူတွေကို ဘောလုံးကွင်းနားမှာစုပြီးမှ ပစ်သတ်ခဲ့တာ” လို့ ဆိုပါတယ်။
မတ် ၂ ရက် ညနေပိုင်းကတော့ အောက်ကျောက်ဝပ်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရလို့ ၃ ဦး သေဆုံးပြီး သေနတ်တလက်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။
မီးရှို့ခံရတဲ့နေအိမ်ကတော့ ၃ လုံးထက်မနည်းရှိပြီး အရေအတွက် အတိအကျတော့ မသိရဘူးလို့ ဆိုပါတယ်။
ကျောက်နီမော်ကျေးရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ၇ နာရီခွဲလောက်မှာ ခရီးသည်တင် အန်စာတုံးကား ၃ စီးနဲ့ အောက်ကျောက်ဝပ်ကျေးရွာဘက်ကို ရောက်ရှိ လာခဲ့တာဖြစ်ပြီး အခုလို ဖမ်းဆီး သတ်ဖြတ် ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတဦးကပြောပါတယ်။
ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေရာအနှံ့ သေနတ်နဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီး ပင်လယ်နဲ့နီးတာကြောင့် ရွာခံတွေအနေနဲ့ ထွက် ပြေးတိမ်းရှောင်ကြဖို့လည်း အခက်တွေ့ ကြတယ်လို့ သိရပါတယ်။
နေ့လယ် ၁၂ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောက်နီမော်ရွာဘက်ကို ပြန်ထွက်သွားကြတယ်လို့ ရွာခံတွေကပြောပါတယ်။
ထားဝယ်-ရှင်မော်ဘုရား ကားလမ်းမပေါ်မှာရှိပြီး ကပ္ပလီပင်လယ်နဲ့ ကပ်လျက်ရှိတဲ့ ကျောက်နီမော် ကျေးရွာမှာ စစ်အာဏာသိမ်းပြီး ၃ လလောက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး တပ်ဖွဲ့ဝင် ၂၀ နီးပါး စခန်းချနေထိုင်ပြီး ရေလမ်းကနေလည်း တခြားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ လာရောက်လေ့ရှိပါတယ်။
အောက်ကျောက်ဝပ်ကျေးရွာကတော့ ကျောက်နီမော်ကျေးရွာကနေ ၃ မိုင်လောက်အကွာမှာပဲရှိပြီး ရွာခံတွေကတော့ ရေလုပ်ငန်းအဓိက လုပ် ကိုင်ကြတာပါ။ DVB
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် မတ်လ၂ရက်နေ့၌ စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်(Lion Battalion ဗျူဟာစစ်ကြောင်း)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကော်သူးလေတပ်မတော်မှ သုံးဦးလက်နက်ကြီးစ ထိမှန်ခဲ့ကာ ရွာသားတစ်ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ကော့ကရိတ်မြို့အနီးတွင် Lion Battalion ဗျူဟာစစ်ကြောင်းတို့ လိုက်ပါလာသည့် ကားကို ကမိုင်ကုန်းကျေးရွာအနီးရှိ စစ်တပ်မှ လက်နက် ကြီးဖြင့်စတင်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“နေ့လယ် ၁ နာရီ ၅၀ ကစပစ်တယ်၊ အချိန် တစ်နာရီခွဲလောက်ကြာတယ်၊ အဲ့မှာ တော်လှန်ရေးတပ်ဖွဲ့ထဲက တစ်ယောက်လက်နက်ကြီးထိတယ်၊ ည ၈နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့နေရာတွေကို စစ်တပ်က ရမ်းပြီးလက်နက်ကြီးတွေနဲ့ပစ်တာ ကမိုင်ကုန်း၊ ခလရ(၉၇)တပ်ရင်း၊လှိုင်ဝ အဲ့နေရာတွေကနေ ၈၁ မမ၊ ၁၂၀မ မ ဟောက်ဝစ်ဇာတွေနဲ့ကိုပစ်တာ၊ တစ်နေ့ကုန်ဆိုရင် အချက်ရေ ၁၅၀ လောက်ကိုပစ်တာဗျ၊ ရွာသားတစ်ယောက်သေတယ်၊ လက်ကို တစ်ယောက်ထိတယ်”ဟု ဒေသခံတစ်ဦးမှပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များပျက်စီးခဲ့ပြီး နွား သုံးကောင်သေကာ ငါးကောင်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ကော့ကရိတ်မြို့အနီးဝန်ကျင်ကျေးရွာအချို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ခဲ့ပြီး ခလရ (၉၇)တပ်ရင်းမှ နေ့စဉ်ဆိုသလို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိနေသည်။mizzima
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ပျူစောထီး ခေါင်းဆောင် ချစ်စမ်းမောင် ဦးဆောင်ကာ ပျူစောထီး ၅၀ ကျော်ခန့်က ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅ လုံးကို ဝင်ရောက်မွှေနှောက်ပြီး နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းသို့ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာနေ ပြည်သူ ၆ ဦးကို စစ်သားများက ဖမ်းဆီး နှိပ်စက်ခဲ့ပြီး ပြည်သူ ၅ ဦးသေဆုံးကာ ပြည်သူ ၁ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
” ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက အင်အားသုံးပြီး ကျောက်ဝပ်ပြင်ကျေးရွာ တောင်ကြောအတိုင်းကို စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး အောက်ကျောက်ဝပ်ရွာကို ဝင်စီးတာ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး ၅ ဦးကို နှိပ်စက် သတ်ဖြတ်သွားတယ်။ ကျန် ၁ ဦးကလည်း အပြင်းအထန် ဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံယူနေရတယ်။ ပြည်သူတွေ အမည်စာရင်းတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။khit thit
မကွေးတိုင်း၊ ပခုက္ကူနဲ့ ပေါက်မြို့နယ်တွေမှာ မတ် ၃ ရက်က PDF ထောက်ပံ့သူ ဒေသခံ ၂ ယောက်ကို စစ်တပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပခုက္ကူမြို့နယ် ကြီးကျေးရွာက ကိုထက်လွင်ဗိုလ်ကို မတ် ၃ ရက် မနက် ၁၀ နာရီလောက်မှာ နေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုထက်လွင်ဗိုလ်ရဲ့ လက်ကိုင်ဖုန်းကို စစ်အုပ်စုတွေက သိမ်းဆည်းပြီး သူ့ကို ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်လို့ ပြောပါတယ်။
အလားတူ မနေ့မွန်းလွဲ ၁ နာရီမှာလည်း ပေါက်မြို့နယ် အောင်တံခွန်ရပ်ကွက် အုန်းတော (တောင်)စစ်ဆေးရေးဂိတ်ကလည်း ခြေလျှင်လျှောက်လာသူ ကိုမြင့်သိန်းကို ဖမ်းဆီးသွားတယ်လို့ ပေါက်မြို့ဒေသခံတဦးက ပြောပါတယ်။
သရက်တောဂိတ်အနီးနေသူက “အဆိုးဆုံးကတော့ သရက်တောဂိတ်ဘဲဗျ။ အဲဒီဂိတ်ကတော့ ယောဒေသကိုသွားတဲ့ ခရီးသည်တင် ယာဥ်တွေနဲ့ ကုန်တင်ကားတွေကို နေ့စဥ်စစ်ဆေးနေပြီး ကားသမားတွေဆီက ငွေကြေး တောင်းခံတာတွေ မတရားဖမ်ဆီးပြီး ငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်”လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ဒီနေ့မတ် ၃ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၁၆၁၂၀ ယောက်အနက် ၄၇၄၅ ယောက် ထောင်ချခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။ DVB
khit thit
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာကို၊ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးဝင်ရောက် တိုက်ခိုက်တာကြောင့် ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး၊ လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
“စစ်တပ်က ရွာထဲစစ်ကြောင်းထိုးတော့၊ လက်နက်ကြီးပစ်ကူနဲ့ထိုးဝင်တာ၊ အိမ်တွေပေါ်လက်နက်ကြီးကျည် ကျတာကနေ ဒဏ်ရာရတာတွေဖြစ်ကြတာ၊ ဒဏ်ရာပြင်းထန်တဲ့ နှစ်ယောက်ကတော့ သေရှာတယ်၊ ကလေး တစ်ယောက်နဲ့လူကြီးတစ်ယောက်၊ လေးငါးယောက်က ဒဏ်ရာအပြင်းအထန်နဲ့ပါ၊ အခုအဲဒီရွာကလူတွေအကုန် ဒီဘက်ပြေးလာကြပြီ” ဟု ချောင်းဦးမြို့ဒေသခံ တစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်းရှိ အိမ်ခြေ ၂,၀၀၀ ဝန်းကျင်သောခင်မွန်ကျေးရွာကို၊ စစ်ကောင်စီတပ်က၊ ယမန်နေ့ မတ် ၃ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီး၊ လက်နက်ကြီးပစ်ကူလက်နက်ငယ်များဖြင့် ပစ်ခတ်ကာ၊ လူနေအိမ် ၇၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းမြေပြင်သတင်းများအရသိရသည်။
စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်သည့် စစ်ကောင်စီတပ်သည် မုံရွာမြို့မှထွက်လာသည့် မုံရွာ နမခ(အနောက် မြောက်တိုင်းစစ်ဌာနချုပ်)မှ အင်အား ၁၀၀ ကျော်ပါလာသော စစ်ကြောင်းဖြစ်ကြောင်း၊ ခင်မွန်ကျေးရွာအနီးတွင် ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်၊ ခင်မွန်ကျေးရွာအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။
“သူတို့မိုင်းဆွဲခံရလို့ ရွာကိုမဲပြီး အသားလွတ်ဝင်ပစ်သွားတာ၊ သေတဲ့ကလေးလေးက အသက် ၁၃ နှစ်လောက်ပဲ ရှိသေးတယ်၊ နောက်တစ်ယောက်က ၆၇ နှစ် အမျိုးသမီး၊ ဒဏ်ရာအပြင်းအထန်နဲ့သေဆုံးကြတာ၊ ဒဏ်ရာအပြင်း အထန်ရထားသူတွေရှိသေးတယ်၊ အိမ် ၇၀ လောက်ကတော့ပြာကျသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းစစ်ကြောင်းသည် ယမန်နေ့ကတည်းက ကျေးရွာမှပြန်ထွက်သွားခြင်းမရှိသေးကြောင်း၊ နောက်ဆုံးရရှိသတင်းအရ ခင်မွန်ကျေးရွာနေအိမ်များဆက်လက်မီးရှို့ခံနေရကြောင်း၊ ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေကြကြောင်း သိရသည်။ mizzima
မကွေးတိုင်း၊ ပေါက်မြို့နယ် အတွင်းရှိ ကင်းမရွာကို အကြမ်းဖက် စစ်တပ်က စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်းထံမှ သိရသည်။
မတ်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပေါက်မြို့နယ် ကင်းမရွာရှိ ပြည်သူ့ နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး ကင်းမရွာရှိ စစ်ရှောင်ပြည်သူများ၏ ကာလ တန်ကြေး သိန်း ၆၀၀ ခန့်ရှိ ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားကြောင်းနှင့် ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၁၈ ၏ အထိုင်စခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ပြည်သူ့ပိုင် ပစ္စည်းများ၊ ပြည်သူ့နေအိမ်များနှင့် ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်း အထိုင်စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီဝင်များ သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့ခင်းပိုင်းတွင်မူ ပေါက်မြို့နယ် တောင်ပိုင်းမှ စစ်ကြောင်းထိုးလာစဉ် တောင်ဘက်ကျေးရွာနှင့် ဇီးတောကျေးရွာကြားတွင် မိုင်းထိပြီး စစ်ကောင်စီဝင် နှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်းနှင့် မတ်လ ၁ ရက်နေ့တွင်မူ
ဝန်ချုံးရွာမှ ဘို့မယ်ရွာသို့ ဆက်လက်စစ်ကြောင်းထိုးလာစဉ်တွင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထောင်ထားသည့် မိုင်းထိပြီး စစ်ကောင်စီဝင် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂ ရက်နေ့တွင်မူ ဘို့မယ်ရွာမှ ကင်းမရွာသို့ အကြမ်းဖက် စစ်ကောင်စီဝင်များ ဝင်ရောက်၍ ပြည်သူ့ နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ နောက်ထပ် စစ်ကြောင်းတစ်ခုမှ ရှားလှကျေးရွာမှ ဝန်ချောင်းအတိုင်းစုန်ဆင်းလာရာ ကင်းမရွာ စစ်ဘေးရှောင်ပြည်သူများ၏ ပစ္စည်းများဖြစ်သော ဖောကားတစ်စီး၊ ဆန် တင်းသုံးဆယ်၊ ပဲ တင်းလေးဆယ်နှင့် အခြားစားသောက်ကုန်များ(ကာလတန်ကြေး စုစုပေါင်း သိန်း ၆၀၀ ခန့်) ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၈ တပ်ရင်းထံမှ သိရသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီဝင်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူ ခရိုင်တပ်ရင်း (အမှတ်-၁၈) မှ ဆိုင်ကယ်သုံးစီး၊ ဒရုန်း တစ်စီး၊ မိုင်းဆက်စပ်ပစ္စည်းများ၊ လက်နက်ထုတ်လုပ်ရာစခန်းနှင့် အထိုင်စခန်းကိုလည်း မီးရှို့ ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင် အ မှတ် ၁၈ တပ်ရင်းက ထုတ်ပြန်ထားသည်။ khit thit