ကန့်ဘလူမြို့ ပျုစောထီးစခန်းတစ်ခုကို PDF ဝင်တိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မြောက်ဘက် ၂၂ မိုင်အကွာရှိ ချပ်ကြီးရွာရှိ အာဏာသိမ်း စစ်ကောင်စီတပ်ကို ယမန်နေ့ (မတ် ၂) တွင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် (PDF) က တိုက်ခိုက်ခဲ့သည်။

နံနက် ၅ နာရီခွဲတွင် တိုက်ပွဲဖြစ်ပြီး တစ်နာရီအတွင်း ရဲကင်းစခန်း၊ စစ်တပ် တပ်စွဲထားသော စာသင်ကျောင်းတို့ကို စီးနင်းနိုင်ခဲ့ကြောင်း ကန့်ဘလူခရိုင် PDF တပ်ရင်း ၂ တာဝန်ရှိသူတစ်ဦးက ပြောသည်။

PDF များ တပ်ပြန်ဆုတ်သွားပြီးနောက် နံနက် ၈ နာရီခန့်တွင် ရဟတ်ယာဉ်တစ်စီး ထိုနေရာသို့ လာရောက်ပစ်ခတ်ကြောင်း သူက ဆိုသည်။

“စစ်ဆင်ရေးတစ်ခုအနေနဲ့ သုံးရက်လောက် သေချာစောင့်ကြည့်ပြီး အကောင်အထည်ဖော်တာပေါ့။ တစ်နာရီလောက်အတွင်း အကုန် စီးမိတာ။ သူတို့ အခိုင်အမာတပ်စွဲထားတဲ့နေရာတွေ အကုန်ဖျက်ဆီးနိုင်ခဲ့တယ်” ဟု သူက ပြောသည်။

စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ စခန်းချရာ စာသင်ကျောင်းထဲတွင် ဆက်သွယ်ရေးတူးမြောင်း၊ ဘန်ကာ ၆ ခု၊ ကင်းမျှော်စင်တစ်ခုတို့ကို တည်ဆောက်ထားသည့်အပြင် ရွာပတ်လည်တွင်လည်း အခိုင်အမာကင်းစခန်းငယ်များ ရှိသည်ဟု ဆိုသည်။

သတင်းတိကျမှုအပြင် သာလွန်အင်အားဖြင့် တိုက်ခိုက်သဖြင့် အချိန်တိုအတွင်း သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသည့် ရဲ၊ စစ်သား၊ ပျူစောထီး ၃၀ ကျော်အထိ ရှိခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

“စခန်းထဲမှာ သေတာကတော့ တစ်လောင်းတည်းပဲ။ ကျန်တဲ့ဟာတွေက လက်နက်တွေချပြီး ရွာထဲ ထွက်ပြေးတာ။ အစ်ကိုတို့က တစ်ရွာလုံးကို ဖြန့်ဝင်တာဆိုတော့ အဲဒီမှာ သေတာကတော့ ၃၀ ကျော်ကျော်လောက်တော့ ရှိတယ်“ ဟု သူက ဆိုသည်။

သေဆုံးမှုအရေအတွက်၊ အဆိုပါသေဆုံးသူများမှာ စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများ ဟုတ်မဟုတ်ဆိုသည်တို့ကို Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်ကို သတင်းအမှောင်ချထားသည်။

စစ်အခြေစိုက်စခန်းထဲမှ မောင်းပြန်ရိုင်ဖယ်များ၊ ပျူစောထီးတို့ ကိုင်ဆောင်သည့် ကာဘိုင်သေနတ်များ၊ လက်လုပ်သေနတ်များ၊ ရဲနှင့် စစ်ယူနီဖောင်း ၃၀ ကျော်တို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ပျူစောထီးအားကောင်းသော အိမ်ခြေ ၄၀၀ ခန့်ရှိ ချပ်ကြီးကျေးရွာတွင် ရွာခံအများစုမှာ ဇန်နဝါရီလကတည်းက ကျေးရွာအတွင်း နေထိုင်ခြင်းမရှိတော့ကြောင်း ဒေသခံ ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ချပ်ကြီးရွာတစ်ရွာလုံးကတော့ ပျူလက်နက်ကိုင်တွေပဲ ရှိတာဗျ။ အခြားဒေသခံတွေကတော့ တစ်လပိုင်းကတည်းက အပြင်မှာ တိမ်းနေကြတာဗျ၊ ရွာထဲမှာတော့ ပျူတွေနဲ့ သူတို့မိသားစုပဲ ရှိတာဗျ” ဟု အထက်ပါ ပကဖအဖွဲ့ဝင်က ဆိုသည်။

ကျေးရွာအတွင်း ကျန်ရစ်သည့် အရပ်သားများသည် တိုက်ပွဲဖြစ်ချိန်တွင် ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေကြကြောင်း PDF နှင့် ပကဖ အဆိုအရ သိရသည်။

လူ ၂၀၀ ခန့် ပုန်းအောင်းနေသည့် အဆိုပါကျောင်းကို ကာကွယ်ရေးတပ်များ ဝင်ရောက်ဝင်ရှာဖွေရာ ပျူစောထီးအဖွဲ့ဝင် ၁၁ ဦးကို တွေ့ရသည်ဟု အထက်ပါ ကန့်ဘလူခရိုင်တပ်ရင်း ၂ တာဝန်ရှိသူက ဆိုသည်။

“မလုပ်ချင်ဘဲ လုပ်ရတဲ့ ပျူတွေရှိတယ်ဆိုတာ သိတော့ သူတို့ မိသားစုတွေကို၊ ပစ်မှတ်ကို ရှောင်တယ်။ (ဘုန်းကြီးကျောင်း) အထဲထဲ ရောက်တော့ လူနှစ်ရာလောက်ရှိတဲ့ထဲက ပြည်သူတွေကိုယ်တိုင် ပျူပါလို့ ပြောတဲ့သူတွေကိုပဲ ဓားစာခံအနေနဲ့ ဖမ်းလာတာ။ ကျန်တဲ့ဟာတွေကို ရိုက်ခြင်းနှက်ခြင်း၊ ခြိမ်းခြောက်ခြင်း ဘာမှမရှိဘူး” ဟု သူက ပြောသည်။

ဖမ်းဆီးရမိသည့် ပျူစောထီးတို့၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

ထိုနေ့ ညနေ ၃ နာရီခန့်တွင် တိုက်ပွဲဖြစ်ရာ ချပ်ကြီးကျေးရွာနှင့် ၆ မိုင်ခန့် ကွာသည့် ဝက်သအင်းကျေးရွာကို လေတပ်က တိုက်ခိုက်ခဲ့သည်၊ ကာကွယ်ရေးတပ်များ ဘေးကင်းခဲ့သည်ဟု ဆိုသည်။

ယနေ့ နံနက်တွင်လည်း ကန့်ဘလူမြို့အရှေ့ဘက်ရှိ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းအတွင်းမှ စစ်သားများက လက်နက်ကြီးဖြင့် ပတ်ဝန်းကျင်ကျေးရွာများကို အကြိမ်များစွာ ပစ်ခတ်သည်၊ ကန့်ဘလူအရှေ့ဘက် ၆ မိုင်အကွာ အင်းလယ်ကြီးရွာအတွင်းရှိ နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ဟု သိရသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s