ကော့ကရိတ်မြို့ဝန်းကျင် စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် မတ်လ၂ရက်နေ့၌ စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော်(Lion Battalion ဗျူဟာစစ်ကြောင်း)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကော်သူးလေတပ်မတော်မှ သုံးဦးလက်နက်ကြီးစ ထိမှန်ခဲ့ကာ ရွာသားတစ်ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
ကော့ကရိတ်မြို့အနီးတွင် Lion Battalion ဗျူဟာစစ်ကြောင်းတို့ လိုက်ပါလာသည့် ကားကို ကမိုင်ကုန်းကျေးရွာအနီးရှိ စစ်တပ်မှ လက်နက် ကြီးဖြင့်စတင်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“နေ့လယ် ၁ နာရီ ၅၀ ကစပစ်တယ်၊ အချိန် တစ်နာရီခွဲလောက်ကြာတယ်၊ အဲ့မှာ တော်လှန်ရေးတပ်ဖွဲ့ထဲက တစ်ယောက်လက်နက်ကြီးထိတယ်၊ ည ၈နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့နေရာတွေကို စစ်တပ်က ရမ်းပြီးလက်နက်ကြီးတွေနဲ့ပစ်တာ ကမိုင်ကုန်း၊ ခလရ(၉၇)တပ်ရင်း၊လှိုင်ဝ အဲ့နေရာတွေကနေ ၈၁ မမ၊ ၁၂၀မ မ ဟောက်ဝစ်ဇာတွေနဲ့ကိုပစ်တာ၊ တစ်နေ့ကုန်ဆိုရင် အချက်ရေ ၁၅၀ လောက်ကိုပစ်တာဗျ၊ ရွာသားတစ်ယောက်သေတယ်၊ လက်ကို တစ်ယောက်ထိတယ်”ဟု ဒေသခံတစ်ဦးမှပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များပျက်စီးခဲ့ပြီး နွား သုံးကောင်သေကာ ငါးကောင်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ကော့ကရိတ်မြို့အနီးဝန်ကျင်ကျေးရွာအချို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ခဲ့ပြီး ခလရ (၉၇)တပ်ရင်းမှ နေ့စဉ်ဆိုသလို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိနေသည်။mizzima