ခင်မွန်ရွာကို စစ်တပ်က လက်နက်ကြီးပစ်ကူဖြင့်စစ်ကြောင်းထိုးရာ ကလေးငယ်နှင့် အမျိုး သမီး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာကို၊ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးဝင်ရောက် တိုက်ခိုက်တာကြောင့် ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး၊ လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

“စစ်တပ်က ရွာထဲစစ်ကြောင်းထိုးတော့၊ လက်နက်ကြီးပစ်ကူနဲ့ထိုးဝင်တာ၊ အိမ်တွေပေါ်လက်နက်ကြီးကျည် ကျတာကနေ ဒဏ်ရာရတာတွေဖြစ်ကြတာ၊ ဒဏ်ရာပြင်းထန်တဲ့ နှစ်ယောက်ကတော့ သေရှာတယ်၊ ကလေး တစ်ယောက်နဲ့လူကြီးတစ်ယောက်၊ လေးငါးယောက်က ဒဏ်ရာအပြင်းအထန်နဲ့ပါ၊ အခုအဲဒီရွာကလူတွေအကုန် ဒီဘက်ပြေးလာကြပြီ” ဟု ချောင်းဦးမြို့ဒေသခံ တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်းရှိ အိမ်ခြေ ၂,၀၀၀ ဝန်းကျင်သောခင်မွန်ကျေးရွာကို၊ စစ်ကောင်စီတပ်က၊ ယမန်နေ့ မတ် ၃ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီး၊ လက်နက်ကြီးပစ်ကူလက်နက်ငယ်များဖြင့် ပစ်ခတ်ကာ၊ လူနေအိမ် ၇၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းမြေပြင်သတင်းများအရသိရသည်။

စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်သည့် စစ်ကောင်စီတပ်သည် မုံရွာမြို့မှထွက်လာသည့် မုံရွာ နမခ(အနောက် မြောက်တိုင်းစစ်ဌာနချုပ်)မှ အင်အား ၁၀၀ ကျော်ပါလာသော စစ်ကြောင်းဖြစ်ကြောင်း၊ ခင်မွန်ကျေးရွာအနီးတွင် ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်၊ ခင်မွန်ကျေးရွာအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။

“သူတို့မိုင်းဆွဲခံရလို့ ရွာကိုမဲပြီး အသားလွတ်ဝင်ပစ်သွားတာ၊ သေတဲ့ကလေးလေးက အသက် ၁၃ နှစ်လောက်ပဲ ရှိသေးတယ်၊ နောက်တစ်ယောက်က ၆၇ နှစ် အမျိုးသမီး၊ ဒဏ်ရာအပြင်းအထန်နဲ့သေဆုံးကြတာ၊ ဒဏ်ရာအပြင်း အထန်ရထားသူတွေရှိသေးတယ်၊ အိမ် ၇၀ လောက်ကတော့ပြာကျသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းစစ်ကြောင်းသည် ယမန်နေ့ကတည်းက ကျေးရွာမှပြန်ထွက်သွားခြင်းမရှိသေးကြောင်း၊ နောက်ဆုံးရရှိသတင်းအရ ခင်မွန်ကျေးရွာနေအိမ်များဆက်လက်မီးရှို့ခံနေရကြောင်း၊ ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေကြကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s