တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးများပြား၊ ပျူစောထီး အဖွဲ့ ဆက်ကြေးကောက်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာနားမှာ မတ် ၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ ပျူစောထီး ၂ ယောက်ကို တိုက်ခိုက်ရာမှာ ၃ ယောက် သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဆိုင်ကယ် ၂ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ထားဝယ်-ရှင်မော် ကားလမ်းပေါ်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက်ကတော့ ပထမအကြိမ် တိုက်ခိုက်ခံ ရစဥ်မှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်လာတဲ့ တခြားတပ်ဖွဲ့ဝင် ၃ ယောက်ကိုတော့ အသင့်စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထပ်မံတိုက်ခိုက်ခဲ့လို့ ၂ ယောက် ထပ်မံ သေဆုံးခဲ့တာပါ။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “ကားနဲ့ စစ်ကူဆင်းလာတဲ့ ကောင် တွေကိုလည်း မိုင်းဆွဲသေးတယ်။ သူတို့က တော့ ကားနဲ့ ပြန်မတက်ရဲတော့လို့ လှေသမားကို ခြိမ်းခြောက်ခေါ်သွားပြီး ရေလမ်းကနေ ပြန်သွားကြတာ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး ၅ မိနစ်လောက်အကြာမှာတော့ ကျောက်နီမော်ကျေးရွာကနေ စစ်ကောင်စီတပ်က ၁၆ ယောက် Vigo ကား ၂ စီးနဲ့ စစ်ကူရောက်လာခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုင်း ၄ လုံး တပြိုင်တည်းဆွဲပြီး တိုက်ခိုက်ခဲ့လို့ စစ်ကူရောက်လာတဲ့ ကားတစီး ထိမှန်ခဲ့ပြီး တခြားကားပေါ်က စစ်တပ်က သေနတ်ပစ်ခတ် တိုက် ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်မှု မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်ကျောက်ဝပ်ကျေးရွာနဲ့ ကျောက်ဝပ်ပြင် ကျေးရွာကြား တောင်ကြားကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ အသင့်စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တနာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပြန် လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာမှာတော့ သေဆုံးသွားတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် ၃ ယောက်ရဲ့ အလောင်း၊ MA 3 အမျိုးအ စား သေနတ် တလက်၊ Vigo ကားတစီး၊ ဆိုင်ကယ် တစီး၊ လက်ကိုင်ဖုန်း ၃ လုံး၊ ပိုက်ဆံငါးသိန်းကျော်နဲ့ အခြားပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် ပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ကျောက်နီမော်ကျေးရွာမှာ စခန်းချနေထိုင်တဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး အဲဒီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာ၊ ငါးဖမ်းလှေတွေဆီက ဆက်ကြေးကောက်တာတွေအပြင် ညောပြင် ကျေးရွာနဲ့ ဇလွတ်ကျေးရွာတို့က နေအိမ်တွေမှာလည်း ဓားပြတိုက်ခဲ့တဲ့သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၄ ရက် မနက်ပိုင်းမှာတော့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နေရာအနီးတဝိုက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ရွာသားတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မတ် ၁ ရက် ညနေ ၃ နာရီကလည်း ဘုတ်ပြင်းမြို့နယ်က ခမရ ၅၈၅ တပ်ဂိတ်ကို ဂျိုကာ ပြောက်ကျားအဖွဲ့ကပစ်ခတ်ခဲ့လို့ စစ်သားတယောက် သေဆုံးခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “စစ်ကောင်စီရဲ့ခမရ ၅၈၅ ဂိတ်အဝ စောင့်ကင်းကို ပစ်တာပါ။ ဂျိုကာပျောက် ကျားအဖွဲ့က သွားပစ်တာပါ။ စစ်သားတွေထဲက ထိခိုက်မှုတယောက် ရှိပါတယ်။ ဂျိုကာပြောက်ကျားအဖွဲ့က ထိခိုက်မှု မရှိဘူး” လို့ ပြောပါတယ်။
မတ် ၂ ရက်ကလည်း ဂျိုကာပြောက်ကျားအဖွဲ့က ဘုတ်ပြင်းမြို့ ကြံခိုင်ဖွံ့ဖြို့ရေးပါတီဝင် တယောက်ရဲ့ အိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီမြို့နယ်မှာ ဖေဖော်ဝါရီ ၁၄ ၊ ၁၇၊ ၁၈ နဲ့ ၂၂ ရက်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ၄ ယောက် သေဆုံး၊ ၇ ယောက်ဒဏ်ရာရခဲ့ပြီး PDF တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း တနင်္သာရီမြို့မှာ ဖေဖော်ဝါရီလထဲ စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် တနင်္သာရီမြို့နယ်နဲ့ အနီးနားက ရွာတွေက ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးခဲ့ရပြီး ဒေသခံ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်တွေက ပျူစောထီးအားကောင်းတဲ့ကျေးရွာတွေမှာ ဒေသခံတွေနဲ့ တရားမဝင်လောင်းကစားလုပ်သူတွေဆီကနေ ဆက်ကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းစုဘက်မှာက တအိမ်ထောင်ကို တလ ၁၀၀၀ နှုန်းကောက်ခံပြီး လောင်းကစားဒိုင် ဖြစ်ပါက ၂ သောင်းအထိ ပေးရတာမျိုးတွေရှိကာ တချို့စီးပွားရေးလုပ်ငန်းတွေမှာလည်း ငွေကြေး ပေးနေရတာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်လယ်ပိုင်းကစပြီး စစ်ကောင်စီတပ် ခမရ ၁၀၃ မှာ ပျူစောထီးအဖွဲဝင် ၁၀၀ ကို သင်တန်းပေးခဲ့ပြီးနောက် အခုဆို အရေအတွက်အ များအပြားနဲ့ အပတ်စဉ်တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို စစ်သင်တန်းပေးနေတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။
ပျုစောထီးတွေအနေနဲ့ ပြည်သူတွေအပေါ် အခုလို ပြုမူနေတာတွေနဲ့ပတ်သက်ပြီး မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးစာထုတ်ထားသလို အခုလိုဆက်ပြီးလုပ်နေမယ်ဆိုရင် အချိန်တခု ရောက်တဲ့အခါမှာ အရေးယူသွားမယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပျူစောထီးသင်တန်းတက်ရောက်သူတွေထဲမှာ ရာအိမ်မှူး၊ မီးသတ်၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေပါဝင်တယ် လို့လည်း ဆိုပါတယ်။
ပျူစောထီးတွေက ပြည်သူတွေရဲ့ လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို ငွေကြေးကောက်ခံနေကြတာလို့ သိရပါတယ်။ DVB