ဘော်တွင်း သတ္တုတွင်း၌ နေ့ညမပျက် စက်ကြီးဖြင့် တူးဖော်နေသောကြောင့် အနီးဝန်းကျင်တွင် နေထိုင်သူများ အခက်တွေ့

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ဘော်တွင်း၌ သတ္တုတူးဖော်နေသောကြောင့် အနီးပတ်ဝန်းကျင် နေထိုင်သူ ရွာခံတွေအတွက် အခက်အခဲ ကြုံနေရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

သတ္တုတူးဖော်ရေးအတွက် အသုံးပြုနေကြသည့် မြေတူးစက်နှင့် ကားကြီးများ၏ နေ့ညမပျက် ဆူညံသံကြောင့် အနီးဝန်းကျင် နေထိုင်သူ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကို ထိခိုက်စေသည်ဟု ဆိုသည်။

သတ္တုတင်သည့်ကား တစ်ရက်လျှင် အစီးရေ ၁၅ စီးဝန်းကျင် ဖြတ်သန်းသွားလာနေသောကြောင့် နမ္မတူ-မန်တုံသို့ ပြေးဆွဲနေသည့် ယာဉ်ငယ်တွေအတွက်လည်း သွားလာရေး အခက်အခဲ ကြုံနေရသည်။

ဘော်တွင်းသတ္တုတွင်းအနီး နေထိုင်သူ ရွာခံအမျိုးသမီးတစ်ဦးက “သူတို့လုပ်တာတော့ ကြာပြီ။ ဒါပေမဲ့ ဒီ ၃၊ ၄ ညတော့ အသံပိုကြားတယ်။ သူတို့ညဘဲ လုပ်တာများတယ်။ ညညဆို ကားမီးတွေ ရွာတစ်ရွာနဲ့တောင်တူတယ်။ ကျမတို့လူငယ်တွေအတွက် အဲလောက်မသိသာပေမဲ့ ရေရှည်ဆိုရင် လူကြီးတွေရဲ့ ကျန်းမာရေးကို ထိနိုင်တယ်လေ” ဟု ပြောသည်။

စက်ယန္တရား အသံအပြင် မကြာခဏ မိုင်းခွဲနေသောကြောင့် လူထုတွေ ကြောက်လန့်တကြား ဖြစ်နေသည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

သတ္တုသယ်ဆောင်နေသည့် ကားများသည် ယာဉ်စည်းကမ်း လိုက်နာမှုမရှိဘဲ အလျင်အမြန် မောင်းနှင်နေသောကြောင့် ယာဉ်ငယ်များက သတ္တုသယ်ဆောင်သည့် ကားကြီးတွေကို သတိထားကာ မောင်းနှင်နေရသည်ဟု နမ္မတူ-မန်တုံသို့ ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကားကြီးတွေများနေတော့ သွားလာရတာ အချိန်ကြာတယ်။ တခါတလေ ခရီးသည်တွေ လွတ်လိုက်ရတယ်။ ကားကြီးတွေနဲ့တိုးရင် ကိုယ့်ကားဘဲ ဘေးထိုးရတာ။ လမ်းအကွေ့အတက်တွေ များတဲ့နေရာဆို တလိမ့်ချင်း သွားရတာ။ သူတို့နဲ့တိုးရင် တကယ်မလွယ်ဘူးလေ”

အလေးချိန် တန်ပေါင်း ဆယ်ချီတင်ဆောင်နေသည့် သတ္တုကားများ၏ ဖြတ်သန်းသွားလာမှုကြောင့် ဘော်တွင်း၏လမ်းများ ယခင်ကထက် ဆိုးရွားစွာ ပျက်စီးလာကြောင်း အမည်မဖော်လိုသူ ဘော်တွင်းဒေသခံတစ်ဦးက ပြောသည်။

သတ္တုသယ်ဆောင်သည့် ကားများသည် ဘော်တွင်းသတ္တုတွင်းမှ နမ္မတူမြို့ထဲရှိ စက်ရုံအထိ သယ်ယူပို့ဆောင်ပေးနေကြခြင်းဖြစ်သည်။

ဘော်တွင်းဒေသခံ အမျိုးသမီးတစ်ဦးက “နေ့ည ဖြတ်နေတော့ အရမ်းဆူညံတယ်။ ကားတွေက အကြီးကြီးဆိုတော့ သူတို့သွားရင် လမ်းတစ်ခုလုံးပြည့်တယ်။ ညအိပ်ရင်လည်း အိပ်မရဘူး။ တညလုံးဘဲ။ ကြာလာရင် ကျန်းမာရေး ထိခိုက်လာမှာကို ကြောက်တယ်” ဟု ပြောသည်။

လက်ရှိ ဘော်တွင်းသတ္တု တူးဖော်နေသည့် ကုမ္ပဏီသည် ဝင်းမြင့်မိုရ်ကုမ္ပဏီဖြစ်ပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လုပ်ပိုင်ခွင့်လိုင်စင် ရရှိထားခြင်းဖြစ်ပြီး လုပ်ခလစာနှင့် ပတ်သက်ပြီး ကုမ္ပဏီနှင့် အလုပ်သမားတွေအကြား အငြင်းပွားမှု ရှိနေကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများက ပြောဆိုထားဖူးသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s