မတူပီမြို့ ဆန်နှင့် ဆက်သွယ်ရေး ဖြတ်တောက်ခံနေရ  

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က   ရိက္ခာကုန်ပစ္စည်းများကို  ဖြတ်သန်းသယ်ဆောင်ခွင့် မပြုခြင်းကြောင့် မြို့နယ်အတွင်း ဆန်နှင့် အစားအစာ ဝယ်ယူရန် ခက်ခဲလာနေကြောင်း ဒေသခံများက ပြောသည်။

မတူပီမြို့တောင်ပိုင်း မြို့အဝင်တွင်တပ်စွဲထားသည့် စစ်တပ်ဗျူဟာကုန်းဂိတ်တွင် ထိုသို့ ဟန့်တားနေခြင်း ဖြစ်သည်၊ ရိက္ခာများ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ထံ မရောက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု မတူပီ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တစ်လကျော်လောက်ရှိပြီ အဲ့လိုလုပ်နေတာ။ ဆန်ကားတွေဆို လုံးဝပေးမဝင်ဘဲ သူတို့အကုန်ယူပစ်တာ။ ဒါ CDF တွေဆီကို သွားမှာလို့ စွပ်စွဲပြီး ဘာမှ ပေးမဝင်တာ။ ကုန်သည်တွေလည်း အကုန် ဒုက္ခရောက်ကုန်ပြီ။ မြို့ထဲက ပြည်သူတွေလည်း ပိုက်ဆံရှိရင်တောင် ဝယ်ဖို့အရမ်းခက်ခဲနေပြီ” ဟု ထိုအမျိုးသားက ဆိုသည်။

စစ်ကောင်စီက တော်လှန်ရေးသမားတို့ကို ရိက္ခာဖြတ်တောက်လိုသဖြင့် ထိုသို့ ကန့်သတ်ခြင်း ဖြစ်သည်ဟု CDF မတူပီ တပ်ရင်း (၁) မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

မကွေးတိုင်း ပေါက်မြို့နယ်နှင့် ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ  သရက်တောဂိတ်၊ ပခုက္ကူ-ဂန့်ဂေါလမ်းပိုင်းရှိ   စစ်ဆေးရေးဂိတ်များကလည်း အလားတူ ပိတ်ဆို့ထားသည်ဟု   သူက ပြောသည်။

“စစ်ကောင်စီအနေနဲ့က မြို့ကို ထိန်းချုပ်လို့လည်း မရဘူး။ နောက်တစ်ချက်က သူတို့က ပြည်သူကို CDF လို့ မြင်နေတာပဲ။ မြင်သမျှပြည်သူဟာ သူတို့အတွက် CDF ပဲ။ အဲ့ဒါကြောင့် ရိက္ခာစီးဆင်းမှုတွေကို ဖြတ်တောက်နေတာပါပဲ” ဟု ပြောရေးဆိုခွင့်ရှိသူမဟုတ်သဖြင့် အမည်မဖော်လိုသော ထိုတာဝန်ရှိသူက ဆိုသည်။

“ခေါက်ဆွဲခြောက်တောင်သယ်လို့မရဘူး။ ပြည်သူတွေက ကြားညှပ်တဲ့သဘောဖြစ်နေတယ်။ မတူပီမြို့ထဲရှိတဲ့ ကျေးရွာဘက်ကဒေသခံတွေကိုလည်း စစ်ကောင်စီက မြို့ပေါ်ပေးမတက်ဘူး။ အဲ့ဒါကြောင့် ရွာတွေဘက်မှာ ဆန်နဲ့ ဆေးဝါးပြတ်လပ်မှုက တော်တော်လေးဆိုးနေတယ်” 

ဆန်ရှားလာသည့်   မတူပီမြို့တွင် မည်သည့် ဌာန၊ အဖွဲ့ကမျှ ထောက်ပံ့ခြင်း  မရှိကြကြောင်း ဒေသခံများက ဆိုကြသည်။

“မြေပြန့်မှာပေးလာရတဲ့ဈေးထက် နှစ်ဆပေးပြီး မြို့ထဲမှာပြန်ဝယ်နေရတယ်။ ဘာထောက်ပံ့မှုမှလည်း မလာဘူး။ ရလည်းမရဘူး။ ရှိသမျှလမ်းကြောင်းတွေအကုန်ပိတ်ပြီး အကုန်ဖြတ်ယူထားတာ။ မြို့ထဲမှာ ရှားပါးမှုက အတော်လေးဆိုးနေပြီ။ ဖုန်းလိုင်းပါဖြတ်ထားတော့ ဘယ်သူ့ကိုပြောရမလဲ။ ခုက လိုသလောက်မဝယ်နိုင်တော့ ထမင်းကိုလျှော့စားနေကြရတယ်” ဟု   ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

လူဦးရေ ၆၀,၀၀၀ နီးပါး နေထိုင်သည့် မတူပီတွင်  ဆန်စပါးစိုက်ပျိုးသော်လည်း ဒေသအတွက် ၃၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သည်၊ လိုအပ်သည့် ၇၀ ရာခိုင်နှုန်းခန့်အတွက် မြေပြန့်မှ တင်သွင်းရသည်ဟု  ဒေသခံများကဆိုသည်။ 

မတူပီမြို့ပေါ်နေထိုင်သူအများစုက မြေပြန့်ဒေသဆန်ကို စားသုံးပြီး  ကျေးလက်နေထိုင်သူများမှာ ကိုယ်တိုင်စိုက်ပျိုးကြကြောင်းသိရသည်။

စစ်ကောင်စီသည် မတူပီမြို့ပတ်ပတ်လည်တွင် တပ်ဖွဲ့ငယ်များ ဖြန့်ချထားကြောင်း  CDF ထံမှ သိရသည်။

“တစ်မြို့လုံးဆို ၇ နေရာလောက် ရှိတယ်၊ ပိတ်ထားတဲ့နေရာပေါ့။ များရင် အင်အား ၃၀ လောက်ရှိတယ်။ နည်းရင် ၂၀ လောက်။ လဝက ရုံးတို့၊ ထွေအုပ်ရုံးတို့လိုနေရာတွေမှာ တပ်စွဲထားတာပေါ့ သူတို့က။ သူတို့တပ်စွဲထားတဲ့နေရာတိုင်းမှာလည်း ကတုတ်ကျင်းတွေတူးပြီး စွဲထားတာ” ဟု အထက်ပါ  CDF တာဝန်ရှိသူကဆိုသည်။

မတူပီသည် ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည်။ ခရိုင်မြို့ မင်းတပ်၏ အနောက်ဘက် မိုင် ၇၀ အကွာ၊  ပလက်ဝမြို့၏ အရှေ့ဘက် ၇၅ မိုင်အကွာတွင် တည်ရှိသည်။ 

ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် မတူပီ၊ ပြည်နယ်မြို့တော်ဟားခါး၊ ထန်တလန်၊ မင်းတပ်တို့သည်  စစ်ကောင်စီ၏  လေကြောင်းတိုက်ခိုက်မှု ၅၃ ကြိမ်နှင့်အထက် ရင်ဆိုင်ခဲ့ရသည်၊  ဗုံး  ၁၃၈ လုံး ကြဲခံထားရသည်ဟု  ချင်းလူ့အခွင့်အရေးအဖွဲ့က  ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မတူပီမြို့တွင် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တပ်မ ၃၃ လက်အောက်ခံ တပ်ဖွဲ့များဖြစ်သည့် ခမရ ၃၀၄ နှင့် ခလရ ၁၄၀ တပ်ရင်းများက ခြေကုပ်ယူ တပ်စွဲထားခြင်းဖြစ်သည်။

ခမရ ၃၀၄ သည် မတူပီမြို့၏ တောင်ပိုင်းတွင်ရှိပြီး ခလရ ၁၄၀ မှာ မြို့၏ မြောက်ဘက်ပိုင်းတွင် ရှိသည်ဟု သိရသည်။ 

ဆက်သွယ်ရေး ဖြတ်တောက်ခြင်း

၂၀၂၃  ဇန်နဝါရီလ ၇ ရက်နေ့မှစတင်၍ စစ်ကောင်စီက မတူပီတစ်မြို့လုံးရှိ တယ်လီဖုန်းလိုင်း ဖြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ သတင်းအမှောင်ချ ခံထားရသည်။

ရိက္ခာဝယ်ယူနိုင်မှု ပိုမိုခက်ခဲလာခြင်းကြောင့် ဒေသခံများမှာ ဖုန်းလိုင်းရရှိသည့် အိန္ဒိယနယ်စပ်ဘက်သို့ ပြီးခဲ့သည့် ၂ လအတွင်း ပိုမို သွားရောက်ကြသည်ဟု သိရသည်။

“ဖုန်းလိုင်းမရတော့ ခက်ခဲနေပြီဆိုတာကိုပြောချင်ရင် နယ်စပ်ဘက်ထိသွားရတယ်။ သွားရတာကလည်း မလွယ်ပါဘူး။ စစ်ကြောင်းတွေကရှိနေတာ” ဟု မတူပီမြို့ဒေသခံ အမျိုးသားက အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်းပြည်နယ်ဘက်သို့ ခေတ္တခဏရောက်ရှိနေချိန်တွင် Myanmar Now ကို ပြောသည်။

“နောက်ပြီး အရေးပေါ်ဆေးကုဖို့လိုလာတာမျိုးဆိုရင် ဆိုင်ကယ်ရှိရင် ဆိုင်ကယ်နဲ့သွား။ မရှိရင် ခြေလျင်လျှောက်ပြီး ဖြေရှင်းနေရတယ်” 

စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မတူပီမြို့မှ CDF တပ်ဖွဲ့ဝင် ၆ ဦး အလင်းဝင်လာသည်ဟု ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှတဆင့် ဖော်ပြခဲ့သော်လည်း အဆိုပါသတင်းနှင့်ပတ်သက်၍ မတူပီ CDF က  မှန်ကန်မှုမရှိဟု ငြင်းဆိုထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က  ဟားခါးခရိုင်အတွင်းရှိ ထန်တလန်မြို့ပေါ်ရှိ လူနေအိမ်ရာနှင့်ချီ မီးရှို့ဖျက်ဆီးခံရသည့်ဖြစ်စဉ်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရNUGရဲ့ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက စစ်ကောင်စီအနေဖြင့် ချင်းလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ပြောဆိုခဲ့ဖူးသည်။

ကရင်နီပြည်နယ်တွင်လည်း စစ်ကောင်စီ၏ လမ်းပိတ်ဆို့မှုများကြောင့် အလားတူ ဆန်နှင့်ရိက္ခာများ သယ်ယူရန်အခက်အခဲဖြစ်ပေါ်နေပြီး ဖရူဆိုမြို့နယ်တွင် ရိက္ခာရှားပါးမှုများ ကြုံနေရကြောင်း ကရင်နီလူ့အခွင့်အရေးက ပြီးခဲ့သည့်ရက်သတ္တပတ်က Myanmar Now သို့ ပြောထားသည်။

ရိက္ခာဖြတ်တောက်မှုကို စစ်ကိုင်းတိုင်းတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့နိုင်သည်။ စပါးထွက်သည့် စစ်ကိုင်းဒေသအတွင်း စစ်ကောင်စီတပ် ဝင်ရောက်သည့်   ကျေးရွာများတွင် နေအိမ်၊ စပါးကျီ အများအပြား မီးရှို့ခံနေရသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s