ဝက်လက်မြို့မှ ကျေးရွာနှစ်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံး၊ စပါးတင်း၁၀၀၀၀ ခန့် မီးထဲပါ သွားဟုဆို

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ရှိ စိုင်နိုင်ကြီးကျေးရွာနှင့်စိုင်နိုင်လေးကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်ခွာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဝက်လက်မြို့နယ် ကျီးကန်တောင်ရွာနှင့်မြောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက မတ်လ ၃ ရက်နေ့ တွင် စိုင်နိုင်ကြီးကျေးရွာနှင့်စိုင်နိုင်လေးကျေးရွာကို ထပ်မံဝင်ရောက်ပြီး မီးရှိူ့ခြင်းဟုသိရသည်။
“ စိုင်နိုင်လေးကနေအထွက် ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာမရောက်ခင်ကြားမှာ ကာကွယ်ရေးအဖွဲ့တွေက အသင့်ထောင်ထားတဲ့ ၁၂ လုံးမိုင်းနဲ့သုံးကြိမ်ဆွဲလိုက်တယ်။ အဲ့မှာငါးဦးသေဆုံးပြီး နောက်ထပ်ထိခိုက်သေဆုံးမှုတွေလည်း ရှိနိုင်သေးတယ်” ဟု သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုအလင်းရောင်က ပြောသည်။
စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် စိုင်နိုင်ကြီးကျေးရွာနှင့်စိုင်နိုင်လေးကျေးရွာမှ ဒေသခံများ သိုလှောင်ထားသည့် စပါးတင်းပေါင်း ၁၀၀၀၀ ခန့်နှင့် နေအိမ်၆၈လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။
“ ကားပေါ်က ဆင်းတာနဲ့ ရွာထဲကို မီးလောင်စေတတ်တဲ့ ဗုံးသေနတ်တွေနဲ့ပစ်တာ။ ရွာထဲကိုဝင်တဲ့ အချိန်မှာလည်းသေနတ်တွေပစ်ဖောက်ပြီး ဝင်တယ် ။ နေအိမ်တွေကိုလည်း မီးရှို့တယ်။စိုင်နိုင်ကြီးကို ၁၅ မိနစ်လောက်ရှို့ပြီး တခါ ကပ်လျက်က စိုင်နိုင်လေးကိုလည်းပစ်ပြီးဝင်တယ်။နေအိမ်တွေကို မီးရှို့ တယ်။ စိုင်နိုင်ကြီးက ၅၆ လုံးလောင်တယ်။ စိုင်နိုင်လေးက ကိုးလုံး၊စပါးက နှစ်ရွာပေါင်းတင်း ၁၀၀၀၀လောက်မီးလောင်ပျက်စီးသွားတယ်” ဟု ကိုအလင်းရောင်က ပြောသည်။
စိုင်နိုင်ကြီးကျေးရွာကို ဝင်ရောက်ချိန်တွင် စစ်ကောင်စီတပ်သားများက ဒေသခံများကို ဖမ်းဆီးပြီး ရိုက်နက်စစ်ဆေးခဲ့သည်ဟု သိရသည်။
“ အကုန်လုံးကို လိုက်ပစ်တာ ပြည်သူတွေထွက်ပြေးလွတ်မြောက်တာတွေလည်း။ရှိတယ်။ မိတဲ့သူတွေကျတော့ သေနတ်ဒင်နဲ့ ထုတယ်။ မိုင်းဆွဲတာမင်းတို့လားဘာလားဆိုပြီး ပြောပြီး ရိုက်နှက်တာတွေရှိတယ်။ပြီးတော့ နေအိမ်တွေထဲမှာ ပိတ်သွားတယ်။ သတ်သွားတာတော့မရှိဘူး “ ဟု ကိုအလင်းရောင်က ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီစစ်ကြောင်းသည် ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာကို ရောက် ရှိချိန်တွင်လည်း ပြည်သူပိုင်နေအိမ်များကိုမီးရှို့ဖျက်ဆီးသွားခဲ့ကြပြီးနောက် မတ်လ ၃ ရက်နေ့ညနေပိုင်းတွင်ရွှေဘိုမြို့နယ်ရှိ ခလရ (၄၂) တပ်ရင်းထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသိရသည်။ mizzima