Monthly Archives: Mar 2023

အင်းတော်တွင် အရပ်သားပြည်သူများကို စစ်ကောင်စီတပ်က ပစ်မှတ်ထား ဖမ်းဆီးနေဟုဆို

စစ်ကိုင်းတိုင်း အင်းတော်မြို့တွင် လူငယ်နှစ်ဦးအား PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်ကဖမ်းဆီးပြီးနောက် မြို့အတွင်း စစ်ကားဖြင့်လှည့်ပတ်ကာ အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းကို ထပ်မံဖမ်းဆီးသွားသည်ဟု အင်းတော်မြို့ဒေသခံတစ်ဦးကပြောသည်။

မတ်လ ၃ ရက်နေ့ နံနက်က အင်းတော်မြို့ စစ်ဆေးရေးဂိတ်တခုတွင် အသက် ၂၄နှစ် အရွယ်နှင့် အသက် ၂၂ နှစ်အရွယ် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပြီးနောက် ထိုလူငယ်နှစ်ဦးနှင့်ဆက်စပ်သူများဟုဆိုကာ အင်းတော်မြို့ပေါ်တွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ် ကြောင်း ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

“ ၃ရက်နေ့ကစပြီး အိမ်တွေကိုဝင်ဖမ်းတာတွေလည်းရှိတယ်။ မြို့ဝင်မြို့ထွက်တွေမှာစစ်တာနဲ့ မြို့ထဲမှာ ဂိတ်ချစစ်တာတွေလည်းကြမ်းနေတယ်။နေအိမ်တွေမှာပတ်ရှာပြီးဖမ်းသွားတာကပိုများတယ်။ ၃ရက်နေ့တစ်ရက်တည်းတင် ၁၅ ယောက်လောက်ပါသွားတယ်။ ဆက်ပြီးအဖမ်းခံနေရတာတွေလည်းရှိသေးတယ်” ဟု အထက်ပါဒေသခံကပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက် ၃၉ နှစ်အရွယ်နှင့် အသက် ၅၂ နှစ်အရွယ် CDM ဆရာမှ နှစ်ဦးပါဝင်သည်ဟု လည်းသိရပြီး လက်ရှိတွင် အင်းတော်မြို့ရှိ စစ်တပ်ရိက္ခာကုန်းတွင်ထိန်းသိမ်းထားသည်ဟု သိရသည်။

အင်းတော်မြို့ပေါ်တွင် ခမရ၃၀၁နှင့် ခလရ၄၁၆ တပ်များအပြင် အခြား စစ်ကောင်စီတပ်တစ်ခုလည်း ထပ်မံရောက်ရှိနေကာအဆိုပါ စစ်ကောင် စီတပ်များနှင့်အတူ ရဲများလည်း ဖမ်းဆီးစစ်ဆေးမှုများတွင်ပါဝင်လုပ်ဆောင်နေကြောင်းသိရသည်။စစ်ကောင်စီရန်ကိုကြောက်၍ လမ်းပေါ်မထွက်ရဲလောက်သည်အထိ ထိတ်လန့်နေကြရသည်ဟုလည်း အင်တော်မြို့ခံများကပြောသည်။

စစ်ကောင်စီတပ်သည် မကြာသေးမီကလည်း

မီးသွေးလုပ်ငန်းလုပ်ကိုင်နေသည့် အင်းတော်ဒေသခံအမျိုးသားတဦးကို PDF ဟု စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့သည်။

ယခုအခါအင်းတော်မြို့ပေါ်တွင် စစ်ကောင်စီတပ်များမှ ကားဖြင့်လှည့်ပတ်ရှာဖွေကာ ဖမ်းဆီးမှုများလုပ်ဆောင်နေဆဲဖြစ်‌၍ ဒေသခံများသတိ ပြုကြရန် Indaw Revolution-IR မှ အသိပေးထုတ်ပြန်ထားသည်။

Indaw Revolution- IR အဖွဲ့သည် အင်းတော်ဒေသအတွင်းရှိ တော်လှန်ရေးသတင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သော သတင်းများကို မိဘပြည်သူများ သိရှိနိုင်ရန် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပို့ကူညီနေသည့် အဖွဲ့တခုဖြစ်သည်။ mizzima

ကျိုက်ထိုတွင် စစ်တပ်ဘက်တော်သား ကျွဲ ကောခြံပိုင်ရှင် စိုးသန်းနှင့် အလုပ်သမား စိုးလင်းဦးတို့ စစ်တပ် ထောင် ထားသော မိုင်းမိ၍ သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ ခိုင်ရွှေစိမ်းကျွဲကောခြံအတွင်း စစ်တပ်ကို ခိုလှုံခွင့် ပေးထားသည့် ခြံပိုင်ရှင် တရုတ်စိုးသန်းနှင့်အလုပ်သမားတို့သည် စစ်တပ်က ထောင်ထားသော မိုင်းမိကာ သေဆုံးသွားကြောင်း Kyaikhto Information Team မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၄ ရက်နေ့ ညပိုင်း ခိုင်ရွှေစိမ်းကျွဲကောခြံပိုင်ရှင် အသက် ၇၂ နှစ်အရွယ် တရုတ်စိုးသန်း နှင့် ခြံအလုပ်သမား စိုးလင်းဦးတို့သည် ခြံအနီးတဝိုက်တွင် စစ်တပ်ထောင်ထားခဲ့သော မိုင်းများကို နင်းမိပြီး ရုပ်ပျက်ဆင်းပျက် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“သေတာကတော့ ညကတည်းက သေတာဖြစ်လိမ့်မယ်၊ ကျနော်တို့လည်း သူတို့လော်ဘီတွေကနေ PDF တွေထေင်ထားတဲ့မိုင်းမိသေတယ်ဆိုပြီး တင်မှသိရတာ၊ တကယ်စုံစမ်းကြည့်လိုက်တော့ စစ်တပ်က PDF တွေရန်ကြောက်ပြီး လမ်းကြောင်းတွေမှာ မြေမြှုပ်မိုင်းတွေထောင်ထားကို မဖြူတ်ဘဲထားခဲ့ရာက မိုင်းမိသေ တာလို့ နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရတာ” ဟု Kyaikhto Information Team မှတာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းထိ၍ သေဆုံးသူ ခိုင်ရွှေစိမ်းကျွဲကောခြံပိုင်ရှင် တရုတ်စိုးသန်းသည် ၎င်းပိုင်ခြံအတွင်းတွင် အကြမ်း ဖက်စစ်သားများကို လက်ခံကာ အစား အသောက်များဖြင့် ကျွေးမွေးဧည့်ခံလေ့ရှိကြောင်း၊ အကြမ်းဖက် စစ်သားများကလည်း ၎င်း၏ ခြံအတွင်းဝင်လိုက်၊ ထွက်လိုက်နှင့် သောက်စားပျော်ပါးလေ့ရှိကြောင်း၊ ထိုသို့လာရောက်စားသောက်ပါးသည့်အခါတိုင်း တိုက်ခိုက်မည်ကြောက်ရွံ့ သဖြင့် မြေမြှုပ်မိုင်းထောင်ထားလေ့ရှိကြောင်း သိရသည်။ khit thit

ပုသိမ်ကြီးမြို့နယ် ချောင်းမကြီးချောင်းအ တွင်း အမျိုးသား ခေါင်းပြတ်အလောင်းတွေ့ရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းရွာနှင့် ရွေးစုရွာကြား ချောင်းမကြီး ချောင်းအတွင်း ယနေ့ မတ်လ ၅ ရက် နံနက် ၁၁ နာရီခန့်က အမျိုးသားခေါင်းပြတ်အလောင်းတစ်လောင်း တွေ့ရှိရ၍ မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်းပေးခဲ့ကြောင်း ရွှေကြေးစည်လူမှုကူညီရေးအသင်း (ပုသိမ်ကြီး)ထံမှ သိရသည်။

မျောလာသည့်အလောင်းကို ဒေသခံများက နံနက် ၉ နာရီခန့်တွင်တွေ့ရှိခဲ့ပြီး ရွှေကြေးစည်လူမှုကူညီရေး အသင်းကို အကြောင်းကြားခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။

“ဘယ်ကမျောလာတယ်ဆိုတာရယ်၊ သေသူဘယ်သူဆိုတာကို မသိပါဘူး။ မနက်က ရွှေကြေးစည်အသင်း က လာသယ်သွားတယ်”ဟု ရွေးစုရွာသားတစ်ဦးက ပြောသည်။

အဆိုပါ အလောင်းတွေ့ရှိခဲ့မှုနှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့က ဒေသခံအချို့ကိုမေးမြန်းကာ ချောင်း မကြီးချောင်းတစ်လျှောက် ကင်းလှည့်နေကြောင်းလည်း သိရသည်။ mizzima

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၃၀,၀၀၀ နီးပါးရှိလာ

တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် စစ်ရေးအရှိန်အဟုန် ပိုမိုမြင့်တက်လာမှုကြောင့် စစ်ဘေးရှောင် ၃၀,၀၀၀ နီးပါးရှိလာသည်ဟု ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က မတ်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းနှစ်နှစ်ပြည့်နေ့က တနင်္သာရီဒေသအတွင်းရှိ ပုလောမြို့ နယ်နှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ် ချုပ်ရေးကြေညာခဲ့အပြီး စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်း ထိုးဝင်ရောက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပိုမို ပြုလုပ်လာခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တနင်္သာရီဒေသတစ်ခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၂၈,၀၀၀ ကျော်အထိရှိနေပြီး ထားဝယ်မြို့နယ်အတွင်းမှ စစ်ရှောင်ပြည်သူ ၂၁၈ ဦး၊ လောင်းလုံးမြို့နယ်မှ ၁၅၀ ဦး ခန့်၊ ပုလောမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ပြည်သူ ၂,၆၀၀ ကျော်ရှိနေသည်ဟု သိရသည်။

ကော့သောင်းမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းကိုးရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ‌၂၇ ရက်နေ့ အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့မှုများ ကြောင့် ဒေသခံပြည်သူ ၁၁၀ ဦးကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု သိရသည်။

စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ စစ်ရှောင်ပြည်သူအရေအတွက် အပြောင်းအလဲရှိပြီး တနင်္သာရီမြို့ ယ်အတွင်း မြေပြင်နှင့်ချိတ်ဆက်ရန် အခက်အခဲများကြောင့် အရေ အတွက်အတိအကျ မဖော်ပြနိုင်ကြောင်း ဒေါနတနင်္သာရီအဖွဲ့ကထုတ်ပြန်ထားသည်။ mizzima

စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်သတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အရပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း အပါအဝင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ပို အရှိန်မြှင့်လာ

အကြမ်းဖက်စစ်တပ်က ပြည်သူများကို ခေါင်းဖြတ်သတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ အရပ် သား များကို လက်နက်ကြီးဖြင့် ပစ်ခတ်သတ် ဖြတ်ခြင်းများ အပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို ပိုမို အရှိန်မြှင့်လာကြောင်း ရန်ကုန်ခေတ်သစ်၏ ကောက်ယူထားသော သတင်းအချက် အလက်များအရ သိရှိရသည်။

ဒီဇင်ဘာလ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်း ပြည်သူ ၃၀၀ နီးပါး ရက်ရက်စ က်စက် သတ်ဖြတ်ခြင်း ခံရပြီး ယင်းသို့ သတ်ဖြတ်ခံရမှုများထဲမှ ထင်ထင်ရှားရှား ဖြစ်စဉ်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

တာတိုင်ရွာမှ အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ်မှု အပါအဝင် ၁၇ ဦးကို သတ်ဖြတ်

===========================================

စစ်ကိုင်းတိုင်း ၊ တာတိုင်ကျေးရွာမှ အမျိုးသမီး ၃ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး မိန်းမကိုယ်အင်္ဂါများအတွင်းတွင် ကြက်သွန်နီဥများ ထိုးထည့်ထားခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်နှင့် ဒေသပြည်သူများက ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းက တာတိုင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ မတ်လ ၂ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည် ထွက်ခွာချိန်တွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁၄ ဦး စုစုပေါင်း ပြည်သူ ၁၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ပြီး လမ်းတွင် သတ်ဖြတ်ခဲ့ကာ အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ အမျိုးသမီးများကိုမူ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး မိန်းမကိုယ်အင်္ဂါများအတွင်းတွင် ကြက်သွန်နီဥများ ထိုးထည့်ခဲ့ကြောင်း၊ အလောင်းများကို သယ်ယူခြင်းမပြုနိုင်ရန် အလောင်းများအောက်တွင် ဗုံးနှင့်မိုင်းများ ထောင်ထားခဲ့ ကြောင်း သိရှိရသည်။

စစ်တပ်က သတ်ဖြတ်သွားသည့် တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦး၏ အမည်များမှာ-

၁- ကိုမိုက်ကယ် (ဘ) ဦးလှရွှေ အသက် ၄၇ နှစ်

၂- ကိုကွန်း (ဘ) ဦးလှရွှေ အသက် ၄၀ နှစ်

၃-ကိုစိုးနိုင် (ဘ) ဦးလှကြိုင် အသက် ၅၀ နှစ်

၄-ကိုကျော်စိုး (ဘ) ဦးလှကြိုင် အသက် ၃၇ နှစ်

၅-ကိုကျော်ကျော် (ဘ) ဦးကျော်ရွှေ အသက် ၃၅ နှစ်

၆-ကိုလင်း အသက် ၄၀ နှစ်

၇-ကိုအောင်အောင် (ဘ) ဦးလှရွှေ အသက် ၄၀ နှစ်

၈-ကိုရဲလင်းအောင် (ဘ) ဦးကျော်လင်းအသက်၂၅ နှစ်

၉-ဦးသိန်းထိုက် (ဘ) ဦးနက်တူး အသက် ၆၀ နှစ်

၁၀- ကိုဇော်ဖြိုး အသက် ၁၇ နှစ်

၁၁- မသန်းနွယ် (ဘ) ဦးသောင်းစံ အသက် ၄၀

၁၂- မဆွေဆွေဦး (ဘ) ဦးတက်တိုး အသက် ၄၂ နှစ်

၁၃-ကိုထီလာ အသက် ၄၂ နှစ်

၁၄-မပန်းနွယ် (ဘ) ဦးသောင်းစံ အသက် ၄၄ နှစ်

၁၅-အမည်မသိ အမျိုးသား

၁၆- အမည်မသိ အမျိုးသား

၁၇- အမည်မသိ အမျိုးသား တို့ဖြစ်ကြောင်း သိရှိရသည်။

လောင်းလုံး၊ အောက်ကျောက်ဝပ်ရွာသား ၅ ဦးကို စစ်တပ်က သတ်ဖြတ်

=======================================================

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ပျူစောထီး ခေါင်းဆောင် ချစ်စမ်းမောင် ဦးဆောင်ကာ ပျူစောထီး ၅၀ ကျော်ခန့်က ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅ လုံးကို ဝင်ရောက်မွှေနှောက်ပြီး နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ်၊ ဖလံဂုဏ်ကျေးရွာတွင် ပကဖ အဖွဲ့ဝင် ၅ ဦးကို စစ်တပ်က ပစ်သတ်

===============================================================

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ နန်းမတော် မယ်နုအုတ်ကျောင်းရှိရာ ဖလံဂုဏ်ကျေးရွာ စာသင်ကျောင်း တွင် နေထိုင်ပြီး ကျေးရွာလုံခြုံရေးစောင့် ‌ပေးနေသူ ပကဖ အဖွဲ့ဝင် ၅ ဦးကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၄ ရက် နံနက် ၄ နာရီခန့်က ရေဦးမြို့မှ စစ်ကားကြီး ၂ စီးဖြင့် ထွက်လာသော စစ်တပ်က သံသည်ကျေးရွာမှ တဆင့်ခြေလျင်ဝင်ရောက်လာကာ စာသင်ကျောင်းအတွင်း နေထိုင်ပြီး ကျေးရွာလုံခြုံ ရေး စောင့်ပေးနေသော Local PDF တပ်ဖွဲ့ဝင် ၅ ဦးကို ဝင်ရောက်ပစ်သတ်ကာ ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးကို မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်၊ မြောက်နုံးကျေးရွာတွင် ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး အမျိုးသမီး ၁ ဦးကို စစ်တပ်က မုဒိမ်းကျင့်

=================================================================================

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာတွင် စစ်တပ်က စိတ်ဝေဒနာရှင် ဦးဖိုးနီ၊ ကျေးရွာသား ၁ ဦး အပါအဝင် စုစုပေါင်း ၂ ဦးကို ပစ်ခတ် မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးပါ မုဒိမ်းကျင့်သွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာသို့ ဝင်ရောက်လာကြောင်း၊ ယင်းနောက် ထွက်ပြေးခြင်းမပြုနိုင်ဘဲ ပိတ်မိနေခဲ့သည့် စိတ်ဝေဒနာရှင် ဦးဖိုးနီကို ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း၊ အခြားကျေးရွာသား ၁ ဦးကိုလည်း ပစ်ခတ်ပြီး နာရေးကားထဲသို့ ထဲထည့်၍ ကားရော လူပါ မီးရှို့သွားကြောင်း၊ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးကိုပါ စစ်တပ်က မုဒိမ်းကျင့်သွားကြောင်း သိရှိရသည်။

မြင်းခြံ၊ လေးရွာဆုံတွင် စစ်တပ်က ပြည်သူ ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို သတ်ဖြတ်

================================================================

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် လေးရွာဆုံတွင် သတင်းပေး ၁ ဦး အသတ်ခံရပြီးနောက် ပျူစောထီးနှင့်စစ်တပ်က NLD ထောက်ခံသူ ပြည်သူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီး သတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူများက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်၊ လေးရွာဆုံ ကျေးရွာမှ စစ်တပ်သတင်း ပေး ဟု သတ်မှတ်ခံရသူ ဝင်းစိုး အသတ်ခံရကြောင်း၊ ထိုသို့ အသတ်ခံရပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၁၀ နာရီခန့်အချိန် NLD ထောက်ခံသူ ၄ ဦးဖြစ်သည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို ပျူစောထီးများနှင့် စစ် တပ် လက်အောက်ခံ အဖွဲ့များက ဖမ်း ဆီးပြီး သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။

” ကိုစိုးသူဝင်း၊ ကိုဖိုးအေး၊ မခင်ယုမွန်၊ ကိုမောင်မောင်တို့ကို သီတာယုမွန် ပျူစောထီးအဖွဲ့နဲ့ လယ်သစ်ရွာက ပျူငပေါက်အဖွဲ့တွေနဲ့ လေးရွာဆုံက ပျူတွေပေါင်း ဖမ်းဆီး‌ပြီးတော့ လူမဆန်စွာ သတ်ဖြတ်သွားတယ်။ အလောင်း တွေ ကို လေးရွာဆုံး ဗလုံကျေးရွာ အကြား ချခဲ့ပါတယ်။ အဲဒီ အသတ်ခံရသူ ၄ ဦးက NLD ပါတီထောက်ခံသူဖြစ်တဲ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ် ရှား မှုတွေမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။ ဒလန်ဝင်းစိုး အသတ်ခံရမှုနဲ့လည်း မပတ်သက်ပါဘူး။ ပျူစောထီးနဲ့ စစ်ခွေးတွေက လက်တုံ့ပြန်ပြီး သတ်ပြပြီး ခြိမ်း ခြောက်တာပါ” ဟု ဒေသကာကွယ်ရေးတပ် ခေါင်းဆောင်တစ်ဦးက ပြောသည်။

မုံရွာတွင် စစ်တပ်က ပြည်သူတစ်ဦးကို ဦးခေါင်းဖြတ်၍ သတ်ဖြတ်

==================================================

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆူးလေကုန်းကျေးရွာနှင့် ရန်နိုင်ကျွန်းကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ်က အမျိုးသားတစ်ဦးကို ဦးခေါင်း ဖြတ်သတ်ထားခဲ့ကြောင်း ၊ ဖေဖော်ဝါရီလ ၆ ရက် ည ၁၁ နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်အနီးရှိ အလုံ မင်းဒေါင့်ဆိပ်ကမ်းမှ သင်္ဘောတစ်စီးဖြင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော အကြမ်း ဖက်စစ်သား ၇၀ ခန့်သည် မုံရွာမြို့အနီး ညောင်ပင်ဇောက်ရပ်ကွက် အနောက်ဘက် ဆားပေါက် ကုန်း တာဝန်တိုင်အနီးတွင် ဆိုက်ကပ်ခဲ့ကြောင်း၊ ယင်း​နောက်ပြည်သူ ၁ ဦးကို ​ခေါင်းဖြတ်သတ်သွားခြင်းဖြစ်​ကြောင်း သိရသည်။

ရေစကြို သဲတောကျေးရွာတွင် မင်္ဂလာဦး PDF လူငယ် ဇနီးမောင်နှံကို စစ်တပ်က သတ်ဖြတ်

====================================================================

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာတွင် မင်္ဂလာဆောင်ကြတော့မည့် မင်္ဂလာဦး PDF လူငယ်ဇနီးမောင်နှံကို စစ်တပ်က သတ်ဖြတ် မီးရှို့သွားကြောင်း Southern YSO PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်း ရေစကြိုမြို့နယ် သဲတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ပြည်သူများကို ဓားစာခံဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် သဲတောကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသော Southern YSO PDF ကင်းစခန်းငယ်တစ်ခုသို့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် စစ်တပ်က ဝင်ရောက်လာစဉ် PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Southern YSO PDF၊Urban Underground Revolution Force (UURF-YSO)ဗိုလ်ရာဟု တပ်ခွဲ၊Shwe Nyar Myae People Defense Force(YSO)၊Yesagyo Revolution Force (YRG)၊ညီ နောင် သုံးဖော်၊ Zarmani Blood Guerilla Army.Myaing အဖွဲ့များက မိုင်း ၃ လုံး ရှေ့ထွတ်ပြောင်း ၃ လုံးဖြင့် တိုက်ပွဲပုံဖော်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်က မင်္ဂလာဆောင်ကြတော့မည့် မင်္ဂလာဦး PDF လူငယ် ဇနီးမောင်နှံကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း၊ အဆိုပါ PDF ဇနီးမောင်နှံသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မင်္ဂလာဆောင်ကြမည့် ဇနီးမောင်နှံဖြစ်ကြောင်း ၊ ရဲဘော် ၂ ဦးလုံးသည် Urban Underground Revolution Force (UURF -YSO)တပ်ခွဲ ဗိုလ်ရာဟုအဖွဲ့ မှရဲဘော်များဖြစ်ပြီး Southern YSO PDF အဖွဲ့မှာ တော်လှန်ရေးအစကနေ ယခုချိန်ထိ အတူနေတိုက်ပွဲဝင် မိသားစု ညီအကိုများ ဖြစ်ကြောင်း သိရှိရသည်။

အရာတော်နှင့်ခင်ဦးတွင် စစ်တပ်က PDF ရဲဘော် ၄ ဦးကို ခေါင်းဖြတ်သတ်ဖြတ်

============================================================

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်း ရ ဟတ် ယာဉ်ဖြင့် ချထားပေးခဲ့သည့် အင်အား ၈၀ ခန့် ဝန်းကျင်ရှိ စစ်ကြောင်း က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် မြင်းမူမြို့နယ်၊ ကန်တော် ကျေးရွာအနီးသို့ PDF ရဲဘော် ၂ ဦးကို ဖမ်းဆီးပြီး Zero ပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်းရှိရာ နေရာသို့ စစ်ကြောင်း ထိုးဝင် ရောက် ခဲ့ကြောင်း၊ ယင်းနောက် PDF ရဲဘော် ၂ ဦးကို ခေါင်းဖြတ်သတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဖေဖော် ဝါရီလ ၂၇ရက်နေ့ နံနက်ပိုင်း မြင်းဒေါင်းရွာတွင် တပ်စွဲထားသော စစ်ကြောင်းက အင်အား ၁၀၀ ဖြင့် ရေဦး-ခင်ဦး လမ်းတစ် လျှောက် ထောက်ပို့ ကားသုံးစီးဖြင့် လာရောက်စဉ် သရက်ပင်စုရွာအနီး မကျီးအုပ်ရွာမှ ကင်း ထောက် PDF ရဲဘော် ၂ ဦးကို တွေ့ရှိပြီး ခေါင်းဖြတ်ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ချောင်းဦးတွင် မောင်ပြည့်ဖြိုး ဦးနှင့် ဒေါ်စန်းကြည်တို့ကို စစ်တပ်က သတ်ဖြတ်

=============================================================

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ခင်မွန်ကျေးရွာကို ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးဦးနှင့် အသက် ၆၇ နှစ် ဒေါ်စန်းကြည်တို့ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။

မတ်လ ၃ ရက်နေ့ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ ခင်မွန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မောင်ပြည့်ဖြိုးဦးနှင့် အသက် ၆၇ နှစ်အရွယ် ဒေါ်စန်းကြည်တို့မှာ သေဆုံးသွားခဲ့ရကြောင်း၊ ထို့ပြင်စစ်တပ်က ခင်မွန်ကျေးရွာ အတွင်းမှ အိမ်ခြေ ၇၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး အဆိုပါ မီးရှို့မှုမှာ ဒုတိယအကြိမ်မြောက် စစ်တပ်က ကျေးရွာကို မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖယ်ခုံ၊ ခေါင်းအိရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦးသေဆုံး

====================================================================

ကယားပြည်နယ်၊ ခေါင်းပိကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ရက်ဆက် လက် နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသားနှင့် ညီဖြစ်သူ အသက် ၁၅ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်တွင်လည်း ဖယ်ခုံမြို့ရှိ အကြမ်းဖက် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ခေါင်းအိကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း စာကျက်နေသည့် အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသား ၁ ဦးနှင့် ၎င်း၏ ညီဖြစ်သူ အသက် ၁၅ နှစ် အရွယ် ညီဖြစ်သူ ၁ ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

အုတ်ဖိုတွင် CDM သူနာပြု မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် သတ် ဖြတ်ပြီး PDF ၂ ဦးကိုလည်း စစ်တပ်က ပစ်သတ်

=========================================================================

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးကို စစ်တပ်က မုဒိမ်းကျင့် ပစ်ခတ်သတ် ဖြတ်အလောင်းဖျောက်ခဲ့သော်လည်း PDF ရဲဘော် များက သူနာပြု ဆရာမ၏ အလောင်းကို ပြန်လည် တွေ့ရရှိခဲ့ရကြောင်း မျက် မြင် များနှင့်PDF သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် CDM သူနာပြု ဆရာမ မမေဇွန်မိုးသည် အုတ်ဖို မြို့နယ် PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦး၏ အမျိုးသမီးကို တောထဲတစ်နေရာတွင် သွားရောက်မီးဖွားပေးခဲ့ကြောင်း၊ ယင်းနောက် အုတ်ဖိုမြို့သို့ PDF ရဲဘော် ၂ ဦးက လိုက်ပို့ခဲ့ကြောင်း၊ အုတ်ဖို၊ အေးမြ သာယာအုပ်စု ကျောက်ဖြူတောင် ကျေးရွာ အနီး ခမရ ၆ တိမ်ညွန့်တပ် စစ်ဆေးရေးဂိတ်တွင် သူနာပြုဆရာမ မမေဇွန်မိုးကို လိုက်ပို့သည့် PDF ရဲဘော် ၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ ကြောင်း၊ CDM သူနာပြု ဆရာမ မမေဇွန်မိုးမှာမူ ထွက်ပြေး ပုန်းအောင်းခဲ့ သော် လည်း စစ်တပ်က ဖမ်းမိသွားခဲ့ကြောင်း၊ ယင်းနောက် မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

ခင်ဦးမြို့နယ် အလယ်လျှိုရွာမှ ပြည်သူ ၉ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်

=====================================================================

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ အလယ်လျှိုကျေးရွာမှ ပြည်သူ ၉ ဦးကို စစ်တပ် က ရက်စက်စွာ သတ်ဖြတ်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်သည် အလယ်လျှိုရွာတွင် တပ်စခန်းချထားခဲ့ပြီး ယင်း တပ်စခန်းချထားစဉ် ပြည်သူ ၉ ဦးကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သတ် ဖြတ် ခံရသူများမှာ –

၁-ဦးချစ်ခင် (၆၅ နှစ်)

၂- ကိုအောင်ကို (၃၅ နှစ်)

၃- ကိုဆန်းနိုင် (၂၁ နှစ်)

၄- နေမျိုးအောင် (၁၇ နှစ်)

၅- ဦးထွန်းမင်း (၄၈ နှစ်)

၆-ကိုကျော်စိုးအောင် (၄၃ နှစ်)

၇-ဒေါ်ဝင်းဌေး (၄၅ နှစ်)

၈-ဒေါ်ချောပို (၄၈ နှစ်)

၉-ကိုအောင်မြင့်သန်း (၃၈ နှစ်) တို့ ဖြစ်ကြကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ထန်းတပင်တွင် CDM မူလတန်းကျောင်းဆရာ ဦးမျိုးမင်းထိုက်ကို စစ်တပ်က ပစ် ခတ် သတ်ဖြတ်

================================================================================

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ တလိုင်းအိုင်ကျေးရွာအုပ်စု၊ ရွာလေးကုန်ကျေးရွာတွင် စစ်တပ်က CDM မူလတန်း ကျောင်းဆရာ ဦးမျိုးမင်းထိုက်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပစ် ခတ်သတ်ဖြတ်လိုက်သည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း CDM ကျောင်းဆရာ ဦးမျိုးမင်းထိုက်သည် ကိစ္စတစ်ခုဖြင့် အပြင်သို့ သွားပြီး နေအိမ်ရှိရာ ရွာလေးကုန်ကျေးရွာသို့ ပြန်လာကြောင်း၊ ထိုသို့ပြန်လာစဉ် စစ်တပ်က CDM ကျောင်းဆရာ ဦးမျိုးမင်းထိုက်ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကန့်ဘလူ၊ ညောင်ကုန်းရွာကို စစ်တပ်က မီးရှို့ပြီး သက်ကြီးရွယ်အို ၂ ဦးကို သတ်ဖြတ်

====================================================================

စစ်ကိုင်းတိုင်း၊ ညောင်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများနှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးများ စုစုပေါင်း အင်အား ၁၀၀ ခန့်သည် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပလူသာရွာမှ လမ်းပြအဖြစ် ဖမ်းခေါ်လာသည့် ဦးသန်းလွင် (၅၅ နှစ်) နှင့် ညောင်ကုန်းရွာထဲတွင် ပိတ်မိနေသည့် ဦးနွားတင် (၇၇ နှစ်) တို့ကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက် မီးရှို့သတ်ဖြတ်ခဲ့ပြောင်း၊ ပိတ်မိနေသည့် အမျိုးသမီး ၃ ဦးကိုလည်း စစ်တပ်က ညှဉ်းပန်းနှိပ်စက်ရာ တစ်ဦးမှာ လည်ပင်း ပြတ်ရှဒဏ်ရာဖြင့်လည်းကောင်း၊ ကျန် နှစ်ဦးမှာ ဝမ်းဗိုက်ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

မော်လိုက်တွင် ပြည်သူ ၄ ဦး ကို စစ်တပ်က ပစ်ခတ်ညှဉ်းပန်းသတ်ဖြတ်

======================================================

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် စစ်တပ်က အသက် ၇ နှစ်အရွယ်ကလေး ငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးကို ညှဉ်းပန်းပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ ဝဲဒေါင့်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်နှင့်ပျူစောထီးများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ စစ် ဘေး ရှောင်နေရသည့် အသက် ၇ နှစ်အရွယ် ကလေးငယ်မှာ လက်နက် ကြီး ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင်စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ဦးဝင်းမြင့်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

အလားတူ မော်လိုက်မြို့နယ်၊ တပ်ကုန်းရွာမှ ကိုနိုင်နိုင်နှင့် ကိုဖိုးဖြူကို စစ်တပ် က ဒီဇင်ဘာလ ၉ရက်နေ့တွင် လမ်းပြအဖြစ် ဖမ်းဆီး ခေါ်သွားခဲ့ ပြီး ဒီဇင် ဘာ လ ၂၃ရက်နေ့တွင် ၎င်းတို့ ၂ ဦး၏ အလောင်းများကို ပြန်လည် တွေ့ရှိ ရ ကြောင်း ၊ အသတ်ခံထားရသည့် အလောင်း ၂လောင်းတွင် ခြေသလုံး အရေခွံ့ များခွာခံထားရပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံထားရကြောင်း သိရှိရ သည်။

စစ်တပ်က ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မောက်လိုက်မြို့နယ်အတွင်းရှိ တပ်ကုန်းကျေးရွာမှ စစ်ရှောင် တဲ၂လုံး၊ ဝဲကသာ ကျေးရွာမှ အိမ် ၅၀ ၊ ရွှေ ကျောင်း တိုင်ကျေးရွာမှ တဲ ၂လုံး၊ ကုန်းခါတွန် အိမ်ခြေ ၁၇ လုံးတို့ကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ပေါက်မြို့နယ်တွင် ပြည်သူ ၁ ဦးကို စစ်တပ်က လည်လှီးသတ်ဖြတ်

==================================================

မကွေးတိုင်း ပေါက်မြို့နယ်တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီမှ စတင်၍ လယ်ဘဲ့ရွာကို စစ်အင်အား ၁၅၀ ဖြင့် နယ်မြေရှင်းလင်းသည် ဟုဆိုကာ စစ်ကြေားထိုးလာပြီး အိမ်ခြေ ၄၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စစ်တပ်က ပေါက်မြို့နယ်၊ လယ်ဘဲ့ရွာဘက်မှ အင်ပင်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ဆူးလေကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးကြောင်း၊ ဆူးလေ ကုန်း ကျေးရွာ တွင် ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး လည်ပင်းကို ဓားဖြင့် လှီးကာ နှိပ်စက်ညှဉ်း ပန်း သတ်ဖြတ်သွားကြောင်း သိရှိရသည်။

လှည်းကူးတွင် စစ်တပ်က HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက် တာဝန်ခံ ကိုဝင်းစိုး၏ ကလေး အပါအဝင် မိသားစုဝင် ၅ ဦးကို သတ်ဖြတ်

=================================================

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့သော ကလေးငယ် အပါအဝင် မိသားစုဝင် ၅ ဦးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် Hawk Revolution Squad – HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက်တာဝန်ခံ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ မိသားစုဝင်ဖြစ်များဖြစ်ပြီး တရားမျှတမှုအတွက် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း Hawk Revolution Squad – HRSက တရားဝင် သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်၊ KNU/KNLA တပ်မဟာ ၁ ၊ တပ်ရင်း ၂ နယ်မြေတွင် အခြေပြုလှုပ်ရှားလျက်ရှိသည့် Hawk Revolution Squad – HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက်တာဝန်ခံ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ ၃ နှစ်အရွယ် သား အပါအဝင် မိသားစုဝင် ၅ ဦးကို သတ်ဖြတ်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်း HRS တပ်ဖွဲ့က ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက် ည ၈ နာရီအချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ ၄ လမ်း၊ မြို့ကြီးကုန်းဘက်တွင် နေထိုင်သူ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ ၃ နှစ်အရွယ် သား၊ နီးဖြစ်သူ မဝင်းနွယ်၊ အသက် ၈၅ နှစ်အရွယ် အဖိုးဖြစ်သူ ဦးအောင်မောင်း၊ ယောက္ခမဖြစ်သူ ဒေါ်စန်းနွဲ့၊ ဒေါ်စန်းနွဲ့ ၏ သားဖြစ်သူ ဦးမောင်မောင် တို့ကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများမှ နေအိမ်အ တွင်းဝင်ရောက်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝက်လက်မြို့နယ်၊ မုဆိုးခြုံဘူတာကျေးရွာတွင် စစ်ဘေးရှောင်တစ်ဦးကို ပစ်သတ်

===============================================================

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညပိုင်း မီးတင် ရှို့ပြီးနောက် မတ်လ ၁ ရက်နေ့ စစ်ဘေးရှောင် ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ သ မိုင်း ဝင် ဟံလင်းပျူမြို့ဟောင်းအနီးရှိ မုဆိုးခြုံဘူတာရွာကို စစ် တပ်က မီးတင်ရှို့ ခြင်း ဖြစ်ကြောင်း၊ မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းက ရွှေဘိုမြို့ နယ် မှ ဝက်လက်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက် လာ ပြီး မုဆိုးခြုံဘူတာရွာတွင် ဝင်ရောက် တပ်စွဲကြောင်း၊ ယင်းနောက် ရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ တစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ရကြောင်း သိရှိရသည်။

ကျောက်ကြီးတွင် ဦးကျော်မိုးဝင်းနှင့် ဦးကြာပေါ်တို့ကို စစ်တပ်က ပစ်သတ်

==========================================================

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင် ပင်သာကျေးရွာ ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုး ဝင်း နှင့် ဦးကြာပေါ်တို့ကို ပစ်သတ် သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စ၍ စစ်တပ်က ညောင်ပင်သာ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၄ လုံးလက်နက် ကြီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ စစ်တပ်က ပြည်သူ ၂ ဦး ရွာအတွင်းတွင် ပစ်ခတ်၍ သေဆုံးသွားကြောင်း၊ စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေး တပ်များအ ကြား တွင် လည်း တိုက်ပွဲများဖြစ် ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တွံ့တေးတွင် ကင်းစောင့်နေသူ မစမ်းပပအောင်ကို စစ်တပ် ပစ်သတ်

====================================================

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ကဘင်ကြီးကျေးရွာတွင် တစ်အိမ်တစ်ဦး အ လှည့် ကျ မဖြစ်မနေ စစ်တပ်က ကင်းစောင့်ခိုင်းပြီး ကင်းစောင့်နေသူ မစမ်းပပအောင်ကို စစ်သားများက ပစ်သတ်လိုက်ကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်း တွံတေးမြို့နယ်၊ ကဘင်ကြီးကျေးရွာမှ မစမ်းပပအောင်သည် တစ်အိမ်တစ်ယောက် မဖြစ်မနေ ကင်းစောင့်ရမည်ဟု စစ်တပ်က ခိုင်းစေထားသဖြင့် အိမ်တွင် ယောင်္ကျားသားမရှိသောကြောင့် ကိုယ်တိုင် ကျေး ရွာ ကင်းထွက်စောင့်ကြောင်း၊ ထိုအချိန် အိမ်တစ်အိမ်က ဓားပြဝင်တိုက် သည် ဆိုသော အော်ဟစ်သံကြားသဖြင့် ကင်းစောင့်နေသော မစမ်းပပအောင်က ဓာတ်မီးဖြင့် လိုက်ထိုး ကြည့် ရှုရာ ယူနီဖောင်းအပြည့်အစုံဖြင့် စစ်သားတစ်ဦးဖြစ်နေပြီး ယင်းစစ်သားက မစမ်းပပအောင်ကို ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ကြောင်း၊ မစမ်းပပအောင်သည် မေးစေ့အောက်မှ ကျည်ဝင်ပြီး နားထင်ဖောက်ထွက် ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

တွံ့တေးတွင် “အမေစု နိုင်ပါစေ” ဟု ကြွေးကြော်သူ ဆန္ဒပြသူကို စစ်တပ်က ရိုက်သတ်

================================================================

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် “အမေစု နိုင်ပါစေ” ဟု ကြွေးကြော်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ် တော် ဆန္ဒပြသူ အရပ်အခေါ် နာမည် မိုးဒီ( နာမည်အရင်း စုံစမ်းဆဲ) ဆိုသူကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်သတ် ဖြတ် လိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ နေ့လယ်ပိုင်း ရွှေဆံတော်ဘုရား အနီးတွင် အရပ်အခေါ် နာမည် မိုးဒီ ဆိုသူက စစ်အာဏာရှင် ဆန့် ကျင်ရေး တစ်ကိုယ်တော် ဆန္ဒပြကြောင်း၊ ၎င်းကို စစ်တပ်က လူမြင်ကွင်းတွင်ပင် ထိုး ကြိတ် ဖမ်းဆီးခဲ့ပြီး သေလုမျောပါး ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကားပေါ်ဆွဲတင်သွားပြီး ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ကနီတွင် စက်လှေ ၁ စီးကို စစ်ရေယာဥ်က ပစ်ခတ်မှုကြောင့် မမာမာဝင်း သေဆုံး

============================================================

စစ်ကိုင်းတိုင်း၊ ကနီနှင့် ယင်းမာပင်မြို့နယ်အကြားတွင် ပြည်သူများ လိုက်ပါသည့် စက်လှေ ၁ စီးကို စစ်တပ်ရေယာဥ် အုပ်စုက ပစ်ခတ်ခဲ့သော ကြောင့် မမာမာဝင်း သေဆုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကနီမြို့နယ် ယင်းယိမ်ကျေးရွာတွင် နေထိုင်သည့် မိသားစုတစ်စုသည် ယင်းမာပင်မြို့နယ်မှ ကနီမြို့နယ်သို့ စက်လှေတစ်စီးဖြင့် ပြန်လာစဥ် ကနီမြို့နယ် သပြေတောကျေးရွာအနီးသို့ ရောက်ရှိချိန်၌ အကြမ်းဖက် စစ်တပ် ရေယာဥ်များပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် စက်လှေပေါ်၌ လိုက်ပါလာသည့် မိသားစုထဲမှ နှလုံးရောဂါသည် မမာမာဝင်း နှလုံးဖောက်၍ သေ ဆုံးသွားကြောင်း သိရသည်။ khit thit

သံတောင်မြို့ပေါ်တွင် လူနေအိမ်များအား စစ်ကောင်စီတပ်မှ မီးရှို့

ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက်(၂) ရှိ လူနေအိမ်များအား မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက်(၂) မှ ကျောင်းဆရာမတစ်ဦး၏ နေအိမ်တစ်လုံးအပါအဝင် နေအိမ်သုံးလုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ပကူးဘုရားကျောင်းအနီးတွင်လည်း မီးရှို့ခံထားရသော နေအိမ်များရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ရပ်ကွက်(၂)က အိမ်တွေကို ရှို့တာ။ အရှို့ခံရတာကတော့ သုံးလုံးရှိပြီ။ ပြီးတော့ ပကူးဘုရားကျောင်းနား မှာလည်း မီးရှို့ခံထားရတာရှိတယ်။ မီးခိုးတွေ မဲနေတာပဲ အဝေးကြီးကနေကို လှမ်းမြင်နေရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၂) KNLA ပါဝင်သော ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား စစ်ရေးတင်းမာမှုကြောင့် သံ တောင်မြို့ပေါ်နှင့်အနီးအနားကျေးရွာများရှိ ဒေသခံများသည် နေအိမ်စွန့်ခွာ၍ ဘေးကင်းရာသို့ တိမ်းရှောင်နေရသည်မှာ အချိန်နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်၍ စားရေး သောက်ရေးအပြင် နေထိုင်ရေးပါကျပ်တည်းလာကြောင်း သိရသည်။

“ လူဘေးလွတ်ရင်ရပြီဆိုပေမယ့် ကိုယ်တိုင် သွေးတွေချွေးတွေနဲ့ရှာထားရတဲ့အိမ်မို့ မီးရှို့သွားမှာကို စိုးရိမ် နေရတယ်။ အိမ်မှာလည်း ပြန်မနေရဲဘူး၊ နှစ်လပြည့်တော့မယ် သူများအိမ်မှာ နေ နေရတာ။ ပြန်မယ်လုပ် လိုက် သူတို့( စစ်ကောင်စီ)တွေက စစ်ကြောင်းထိုးလာလိုက်၊ အိမ်တွေမီးရှို့လိုက်နဲ့ အခုထိမပြန်ရသေး ဘူး။ ဘယ်နေ့ ကိုယ့်အိမ်မီးရှို့ခံရမလဲ စိုးရိမ်နေရတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် သံတောင်မြို့ ဘိုတဲကုန်းရွာအတွင်း စစ်ကောင်စီတပ်မှ လက် နက်ကြီးများဖြင့်ပစ်ခတ်၍ စစ် ကြောင်းထိုးလာခဲ့ပြီး နေအိမ်တစ်လုံးအပါအဝင် ဆိုင်ကယ်လေးစီးအား မီးရှို့ခဲ့ကာ ဒေသခံနှစ်ဦးအား ယခုချိန်ထိ ဖမ်းဆီးထားဆဲဖြစ်သည်။ထိုသို့လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီး ကျည် ထိမှန်ဒဏ်ရာရခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၂) နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိ သံတောင်မြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအ ပတ်မှစ၍ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းအပြင် ဒေသခံနေအိမ်များ၊ ဆိုင်ကယ်၊ ကားများအား မီးရှို့ခြင်းတို့ကြောင့် ဒေသခံများ အနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရပြီး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။ khit thit

မလေးရှားနိုင်ငံ၊ ပုတ်ကလန်းမြို့တွင် ဒါရိုက် တာ သည်ခေတ်နေ ရိုက်ကူးသည့် UG မြို့ပြပျောက်ကျား ရုပ်ရှင် ပြသနေပြီး ကြည့်ရှု့သူ များပြား

မလေးရှားနိုင်ငံ၊ ပုတ်ကလန်းမြို့၌ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးသည် “UG မြို့ပြပြောက်ကျား” ရုပ်ရှင်ကို ယနေ့ မတ်လ ၅ ရက်နေ့မှ စတင်ကာ ပြသနေပြီး ကြည့်ရှု့သူ များပြားလျက်ရှိကြောင်း သိရသည်။

ရုပ်ရှင်ပြပွဲအား ရွှေဝါရောင်ဖောင်ဒေးရှင်းမှ ဦးဆောင်ကျင်းပပြီး မလေးရှားနိုင်ငံ အတွင်းရှိ စစ်အာဏာရှင်တော်လှန်ရေး အသင်းအဖွဲ့များမှ ပူးပေါင်းပါဝင် ဝန်းရံခဲ့ကြောင်း၊ တော်လှန်ရေး အင်အားစုများမှ မြန်မာမှု အိုးစည်ဒိုးပတ်များနှင့် ဖျော်ဖြေခြင်း အစီအစဥ် များလည်း ပါဝင်ကြောင်း၊ အထူး အစီအစဉ် တစ်ရပ်အနေဖြင့် မလေးရှားပိတောက်အဖွဲ့၏ “ နွေပြန်ရာသီ “ တော်လှန်ရေးပြဇာတ်အားကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထို့ပြင် အခမ်းအနား အစီအစဉ်ကို နံနက် ၉ နာရီမှ စတင်ခဲ့ ပြီး CSP အမှန်တရား ဘက်တော်သားများ တေးဂီတ အဖွဲ့မှ ခေတ်ပေါ် တေးသီချင်းများဖြင့် တီးခက်ဖျော်ဖြေခြင်း၊ “ပြည်သူ့အား နွေဦးသံစဉ်အဖွဲ့” မှ မြန်မာသံတေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ရုပ်ရှင်ပြပွဲသို့လာရောက်ဝန်းရံသော တော်လှန်ရေး ညီအကိုမောင်နှမများအတွက် တော်လှန်ရေးဈေးရောင်းပွဲတော်တစ်ရပ်လည်း ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။khit thit

ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့၏ အယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမည်

NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့၏အယူခံအမှုများကို ပြည် ထောင် စုတရားလွှတ်တော်ချုပ်၌ လာမည့် မတ်လ ၁၆ ရက်နေ့ တွင် ကြားနာသွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ဒေါက်တာမျိုးအောင်ကို အဂတိဖြင့် စွပ်စွဲအမိန့်ချထားသည့် အမှုငါးမှုကို တရားလွှတ်တော်ချုပ်တွင် လက်ခံရန် သင့်၊ မသင့် လျှောက်လဲချက် ကြားနာမည်ဖြစ်ပြီး ထိုအထဲမှ နှစ်မှုတွင် ဦးရဲမင်းဦးလည်း ပါဝင် ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထိုအယူခံငါးမှုမှာ ဒေါက်တာမျိုးအောင်အား နေပြည်တော်တွင် အထူးမြေကွက်ဖော်ထုတ်သည့်ကိစ္စနှင့် ပတ်သက်ပြီးစွပ်စွဲထားသည့် အဂတိအမှုသုံးမှု၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မြေကွက်တစ်ကွက်ကို စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးအား ရောင်းချ ခြင်းနှင့် ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာအနီးရှိ မြေကွက်တစ်ကွက်ကို ဂမုန်းပွင့်ကုန်တိုက်အား ရောင်း ချခြင်းတို့တွင် အဂတိဖြင့်စွပ်စွဲသည့် အမှုနှစ်မှုတို့ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ကို နေပြည်တော်အချုပ်ထောင် အတွင်းရှိ တရားရုံးက တစ်မှုလျှင် ထောင် ဒဏ် သုံးနှစ်စီဖြင့် ပြစ်ဒဏ်တပေါင်းတည်း ကျခံရန် ယခင်နှစ် အောက်တိုဘာလအတွင်းက အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။

NLD အစိုးလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး တို့အနေဖြင့် စစ်ကောင်စီဘက်ကစွပ်စွဲထားသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ် အနှစ် ၂၀ ကျော်စီ ချမှတ်ခံထားရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ၎င်းတို့၏ အယူခံအမှုအချို့ကို ပြည်ထောင်စုတရား လွှတ် တော်ချုပ်တွင် လက်ခံရန် သင့်၊ မသင့် လျှောက်လဲချက် ကြားနာခဲ့ပြီး အကျဉ်းနည်းနှင့် ပလပ်ခဲ့သေးသည်။ mizzima

မြိုင်တွင် စျေးဝယ်ထွက်သည့် စစ်တပ် စစ် ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၇ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကန်နီပျူစောထီးရွာမှ မြိုင်မြို့ပေါ်သို့ စျေးဝယ် ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၇ ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ် ပကဖ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့က ကန်နီ ပျူစောထီးရွာမှ မြိုင်မြို့ပေါ်သို့ စျေးဝယ်ထွက်လာသည့် စစ်သားများနှင့် ပျူစောထီးများကို ကန်နီရွာ နှင့် မြိုင်မြို့ အကြားတွင် PDF တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ကြားဖြတ် ပစ်ခတ်ခြင်းများနှင့် Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်း များကြောင့် ကန်နီပျူစောထီးရွာသို့ မပြန်တော့ဘဲ မြိုင်မြို့ပေါ်၌ ညအိပ်ခဲ့​ကြောင်း သိရသည်။

မတ်လ ၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ညောင်ပင်ရွာမြောက်ဘက်လမ်း၌ PDF တပ်ဖွဲ့များ ထောင်ထားသည့် ပေပါမိုင်းကို စစ်သားများက တွေ့ မြင်သွားပြီး ၄၀ မမ ဖြင့် ၅ ချက် ပစ်ခတ်ရှင်းခဲ့သော်လည်း မိုင်း ပေါက်ကွဲခြင်း မရှိဘဲ မိုင်းနားအရောက်တွင် PDF ရဲဘော်များက ဖောက်ခွဲတိုက် ခိုက်ခဲ့ပြီး စစ်သား ၉ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ပေါက်ပြင်းရွာ မြောက်ဘက်၌ အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို မိုင်း ၃ ပွိုင့်ထားကာ မိုင်း ၉ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ မြိုင်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း၊ မွန်းလွဲ ၂ နာရီ ၂၉ မိနစ်ခန့်တွင် ကျောင်း ကုန်းရွာ နှင့် သံပုရာခြံရွာ အကြားတွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့​ပြီး စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက် ဒဏ်ရာရရှိသူများထဲမှ အကြမ်းဖက် စစ်တပ်မှ စစ်သား ဆရာစိုး၊ ဝင်းမင်း၊ မျိုးမင်းအောင်၊ မောင်ဦးနှင့် စိုးမင်းထွန်း တို့ သေ ဆုံးပြီး ပျူစောထီး အဖွဲ့ဝင် ၂ ဦးဖြစ်သည့် အောင်မျိုးဦးနှင့် မနှင်းရွှေ တို့လည်းသေဆုံးကာ စစ်သားနှင့် ပျူစောထီး ၁၄ ဦး အပြင်းအထန်ဒဏ်ရာရရှိထားပြီး ဆေးကုသမှု ခံယူနေရကြောင်း မြိုင်မြို့နယ် ပကဖ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်း တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၂ တပ်ခွဲ ၃ ၊ ၄ နှင့် မြိုင် ပကဖ မှ ဗိုလ်လင်းမြွေတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။khit thit

« Older Entries