ကသာတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသမီးတဦးခြေတဖက် ဖြတ်တောက်လိုက်ရဟု ဆို

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ပုံရွာတွင် စစ်ကောင်စီထောင်ထားသည့်မိုင်းအား နင်းမိခဲ့သဖြင့် အမျိုးသမီးတဦး ခြေထောက်တဖက် ဖြတ်တောက်လိုက်ရကြောင်း ဒေသခံများကပြောသည်။
ကသာမြို့နယ်၊ ကျောက်ပုံရွာရှိ စစ်ကောင်စီဂိတ်အနီးတွင် မတ်လ ၂ ရက်နေ့ နံနက် ၉နာရီခွဲဝန်းကျင်ခန့်က အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ညာ ဘက်ခြေတဖက် ဖြတ်တောက်လိုက်ရခြင်းဖြစ်ကြောင်း ကသာမြို့ခံတဦးက မဇ္စျိမသို့ပြောသည်။
“စစ်ကောင်စီက စစ်ကြောင်းထိုးရင်းနဲ့ အဲဒီအနီးတစ်ဝိုက်က တဲငါးလုံးကို မီးရှို့သွားခဲ့ပြီး မိုင်းထောင်ထားခဲ့တာ။ နွားပျောက်တာကိုရှာရင်းနဲ့ အဲဒီမိုင်းနင်းကိုနင်းမိတာ။ ခြေထောက်တဖက်ကိုတော့ ဖြတ်လိုက်ရတယ်။ အဲ့ဒီအမျိုးသမီးနဲ့အတူ လေးငါးနှစ်အရွယ် သူ့သားလည်းပါတယ်။ ကလေးက ချောင်တစ်ခုမှာ ဆော့ရင်းကျန်ခဲ့လို့ လွတ်သွားတယ်ဗျ” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါမိုင်းနင်းမိသူအမျိုးသမီးမှာ ကျောက်ပုံကျေးရွာမှ အသက်၂၄ နှစ်အရွယ် ကလေးနှစ်ဦးမိခင်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဆေး ကုသမှုခံယူနေရကြောင်း သိရသည်။ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့တွင် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အနီး မိုင်းနင်းမိ ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းအန္တရာယ်ကြီးမားနေပြီးမြေမြှုပ်မိုင်းများ သို့မဟုတ် စစ်ကျန်ခဲယမ်းမီးကျောက်များ ပေါက်ကွဲမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း လူပေါင်း ၃၉၀ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း ယူနီဆက်ဖ်က ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ mizzima