စစ်တပ်၏ ‘ဖြတ်လေးဖြတ်’ စနစ်ကြောင့် လူ့အခွင့်အရေးအကျပ်အတည်းကို မရပ်မစဲ ဖြစ်ပေါ်စေဟု ကုလအစီရင်ခံစာတွင် ဖော်ပြ

မြန်မာစစ်တပ်သည် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်အတိုက်အခံပြုသူများကို သတ်ဖြတ်ခြင်း၊ အတင်းအကျပ် မတရား ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အဓမ္မ အစအနဖျောက်ခြင်း အပါအဝင် အကြမ်းဖက်နည်းလမ်းကို ဆက်လက် အသုံးပြုရင်း မရပ်မစဲသော လူ့အခွင့်အရေး အကျပ်အတည်းတစ်ခုကို ဖန်တီးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မတ်လ ၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်းမှာ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ကို ဆန့်ကျင်အတိုက်အခံလုပ်သူတွေကို ချေမှုန်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ မြေလှန်စနစ်ကို စလုပ်ထားခဲ့တယ်” ဟု ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော့လ်ကာ တာ့ခ်က ပြောသည်။

“ဝမ်းနည်းဖို့ကောင်းတာကတော့ မြန်မာပြည် ငြိမ်းချမ်းဖို့နဲ့ ထိန်းသိမ်းသည်းခံမှုရှိစေဖို့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေဟာ ဂရုမစိုက်၊ အလေးထားမခံရဘဲ ဖြစ်နေခဲ့တယ်။ ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်ရနေတာကြောင့် ပိုမို ရဲတင်းလာနေတဲ့ စစ်တပ်ဟာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေနဲ့ စည်းမျဉ်းတွေကို အရေးမစိုက်ဘူးဆိုတာကို ဆက်တိုက် ပြသထားခဲ့တယ်။ ဒီ မြန်ဆန်တဲ့ ဘေးဆိုးတစ်ခုကို အဆုံးသတ်စေဖို့ အရေးတကြီး ခိုင်မာတဲ့ အရေးယူလုပ်ဆောင်ချက် လိုနေပါတယ်”

အကြမ်းဖက်မှုများ ချက်ချင်း ရပ်ဆိုင်းရေး၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ရေး၊ တာဝန်ယူတာဝန်ခံမှုရှိရေးနှင့် လူသားချင်းစာနာမှုအကူအညီများ အဟန့်အတားမဲ့ ရောက်ရှိစေရေး တို့နှင့်ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီနှင့် အာဆီယံတို့ တောင်းဆိုထားသည့် တောင်းဆိုချက်များအတိုင်း ယခုအစီရင်ခံစာတွင်လည်း တောင်းဆိုထားသည်။

ယခု အစီရင်ခံစာတွင် ၂၀၂၂ ဖေဖေါ်ဝါရီ ၁ ရက်မှ ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်အထိ ဖြစ်ပွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်အတူ အထူးသဖြင့် နိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် အကြမ်းဖက်မှုများ သိသိသာသာ မြင့်တက်မှုတို့ကို မှတ်တမ်းတင် ဖော်ပြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့် ၎င်းတို့၏ ဆက်နွယ်သည့် အဖွဲ့များကြောင့် လူ ၂,၉၄၀ ဦးထက်မနည်း သေဆုံးပြီး လူ ၁၇,၅၇၂ ဦး ဖမ်းဆီးခံရကြောင်း အတည်ပြုထားသည့် ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များ၏ ပြောကြားချက်များကို ယခုအစီရင်ခံစာက ကိုးကားဖော်ပြသည်။ နိုင်ငံ၏ မြို့ပေါင်း ၃၃၀ ၏ ၈၀ ရာခိုင်နှုန်းနီးပါးသည် လက်နက်ကိုင် တိုက်ပွဲများဒဏ် ခံထားရသည်။

အစိုးရက ဖွဲ့စည်းထားခြင်းမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်သည့် အခြား လက်နက်ကိုင်တပ်ဖွဲ့များကို စားနပ်ရိက္ခာ၊ ဘဏ္ဍာငွေကြေး၊ ထောက်လှမ်းရေးသတင်းအချက်အလက်နှင့် လူသစ် (တပ်ဖွဲ့ဝင်သစ်) တို့ မရရှိစေနိုင်ရေး ဖြတ်တောက်ရန် စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို အဆင်အခြင်မဲ့ လုပ်ဆောင်ခြင်း၊ အရပ်သားပြည်သူများကို နေရပ်စွန့်ခွာရစေရန် ကျေးရွာများကို မီးရှို့ခြင်းနှင့် လူသားချင်းစာနာမှု အကူအညီ ဝင်လမ်းကို တားဆီးခြင်း တို့ အပါအဝင် ဖြတ်လေးဖြတ် စနစ်ကို အသုံးပြုနေသည်။

စစ်တပ်က လုပ်ဆောင်ခဲ့သည့် များပြားသော လေကြောင်းတိုက်ခိုက်မှုများအနက် စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ လက်ယက်ကုန်းကျေးရွာတွင် စစ်ရဟတ်ယာဉ်လေးစင်းက စာသင်ကျောင်းတစ်ကျောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးခြောက်ဦးထက်မနည်း သေဆုံးခဲ့ရပြီး အခြားကိုးဦး ဒဏ်ရာရခဲ့သည်။ ရဟတ်ယာဉ်များပေါ်မှ စစ်သား ၆၀ ခန့်ကို မြေပြင်သို့ ချပြီးနောက် ၎င်းတို့သည် ကျေးရွာကို ဝင်စီးခဲ့သည်ဟု သိရပြီး စာသင်ကျောင်း ဝန်ထမ်းတစ်ဦးနှင့် ရွာသား ငါးဦးကို သတ်ဖြတ်ကာ ယင်းနောက် ဒဏ်ရာရ ကလေးငယ်များနှင့် ဆရာများကို ဖမ်းဆီးခဲ့သည်။

အောက်တိုဘာ ၂၀ ရက်တွင် ဖြစ်ပွားသော နောက်ထပ် ဖြစ်စဉ်တစ်ခုတွင် စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ မံယူးကြီးရွာရှိ အသစ်ဖွင့်ထားသော ဆေးရုံကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိုဆေးရုံသည် အစောပိုင်းတစ်ရက်ကမှ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သေဆုံး၊ ထိခိုက်သူအားလုံးမှာ စေတနာ့ဝန်ထမ်းများဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တပ်က အများဆုံး အသုံးပြုသည့် နည်းလမ်းတစ်ခုမှာ ကျေးရွာများနှင့် လူနေအိမ်များကို အကွက်ချ မီးရှို့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်က ကချင်ပြည်နယ်နှင့် ၂၀၁၇ ခုနှစ်က ရခိုင်တို့ အပါအဝင် ဆယ်စုနှစ်များအတွင်း အထောက်အထားမှတ်တမ်းတင်ထားခဲ့သည့် ၎င်းတို့၏ လုပ်နည်းလုပ်ဟန်တို့နှင့် ကိုက်ညီလျက်ဖြင့် ၂၀၂၂ ဖေဖေါ်ဝါရီနောက်ပိုင်း စစ်တပ်၏ စစ်ဆင်ရေးများအတွင်း နိုင်ငံတစ်ဝန်း လူနေအိမ် ၃၉,၀၀၀ နီးပါး မီးရှို့ သို့မဟုတ် ဖျက်ဆီးခံခဲ့ရကြောင်း ကုလ အစီရင်ခံစာများက ညွှန်ပြနေပြီး ယင်းသည် ၂၀၂၁ ခုနှစ်နှင့်ယှဉ်ပါက အဆ ၁,၀၀၀ ကျော် မြင့်တက်နေသည်။

စစ်ကိုင်းတိုင်းသည် အဆိုးဆုံး ထိခိုက်ခံရသည့် ဒေသဖြစ်ပြီး ယင်းတွင် နေအိမ်ပေါင်း ၂၅,၅၀၀ ကျော် မီးရှို့ သို့မဟုတ် ဖျက်ဆီးခံခဲ့ရသည်။ ၂၀၂၂ မေလ ၁ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အရှေ့စည်းရွာတွင် ဖြစ်ပွားသော ဖြစ်စဉ်တစ်ခုတွင် အဆောက်အအုံ ၆၂၁ လုံးနှင့်အတူ ကျေးရွာတစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းကို ဂြိုဟ်တုဓာတ်ပုံများအရ သိရသည်။ ဂြိုဟ်တု ဓာတ်ပုံများနှင့်အတူ အင်တာဗျူး မေးမြန်းအစီရင်ခံမှုများအရ စက်တင်ဘာ ၁၆ နှင့် ၂၈ ရက်အကြား စစ်ကိုင်းတိုင်း ဒဇယ်မြို့တွင် စစ်တပ်က လုပ်ဆောင်သည့် စီးနင်းတိုက်ခိုက်မှုများအတွင်း ကျေးရွာ ရှစ်ရွာတွင် နေအိမ် ၄၅၈ လုံး ဖျက်ဆီးခံရပြီး အခြား ၃၁၉ လုံး ထိခိုက်ခဲ့သည်။

နိုင်ငံစီးပွားရေးအပေါ် စစ်တပ်၏ စီမံခန့်ခွဲမှု မှားယွင်းခြင်းကြောင့် ပြည်သူအများအပြားအတွက် စီးပွားရေးအကျပ်အတည်းတစ်ခု ဖြစ်စေခဲ့ပြီး ၂၀၂၀ မတ်လနှင့် ယှဉ်ပါက ဆင်းရဲမှုနှုန်းများကို နှစ်ဆတိုးစေခဲ့သည်။ လူဦးရေ၏ ထက်ဝက်နီးပါးခန့်သည် ယခုအခါ ဆင်းရဲမွဲတေမှုဖြင့် နေထိုင်ရလျက် ရှိပြီး စစ်တပ်က အကြမ်းဖက်မှုနှင့် ပဋိပက္ခဒဏ်ခံထားရသည့် ဧရိယာများကို ထပ်မံကန့်သတ်ပိတ်ပင်မှုများ လုပ်ဆောင်ခြင်းကြောင့် ကျေးလက်နေပြည်သူများသည် အစာရေစာ ငတ်ပြတ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။ အခြေအနေကို ပိုဆိုးစေသည်က နိုင်ငံတစ်ဝန်း အဓိက ထောက်ပံ့ပို့ဆောင်မှုလမ်းကြောင်းများနှင့် ရေလမ်းကြောင်းများ ပိတ်ဆို့ခံထားရသည့်အတွက် အကူအညီလိုအပ်နေသူ လူပေါင်း ၁၇ ဒသမ ၆ သန်းထံ လူသားချင်းစာနာမှုအကူအညီပေးသူများ ရောက်ရှိစေနိုင်မည့်အပေါ် အဟန့်အတားဖြစ်စေလျက် ရှိသည်။

“အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ပစ်မှတ်ထားဖို့နဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကြီးကြီးမားမား ထည့်ဝင်ထောက်ကူပေးခဲ့တဲ့ အရပ်ဖက်နေရာတွေအပေါ် အကြီးအကျယ် ကန့်သတ်ဖို့အတွက် မာရှယ်လော ထုတ်တာအပါအဝင် စစ်တပ်က လုပ်နည်းကိုင်နည်းတွေ ချမှတ်လုပ်ဆောင်ထားခဲ့တယ်” ဟု တာ့ခ်က ပြောသည်။

“မြန်မာနိုင်ငံတစ်ဝန်းမှာ သတ်ဖြတ်မှုတွေ၊ အတင်းအကျပ် အစအနဖျောက်မှုတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှု၊အတင်းအကျပ် ဖမ်းဆီးမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှုတွေနဲ့ ရာဇဝတ်မှုကျူးလွန်မှုတွေကို ပြည်သူတွေက ဆက်ပြီး အ ကာအကွယ်မဲ့စွာနဲ့ ထိတွေ့ခံစားနေကြရတယ်။ စစ်တပ်နဲ့ သူတို့နဲ့ပေါင်းစည်းထားတဲ့ အဖွဲ့တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေမြောက်တဲ့ ချိုးဖောက်မှု တချို့အပါအဝင် ချိုးဖောက်မှု အများစုအတွက် ဆက်လက် တာဝန်ရှိနေတယ်လို့ ယုံကြည်ရအောင် ခိုင်မာယုတ္တိတန်တဲ့ အကြောင်းရင်းတွေ ရှိနေတယ်” ဟု ကုလ လူ့အခွင့်အရေးအကြီးအကဲက ပြောသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s