ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့၏ အယူခံအမှုများ တရားလွှတ်တော်ချုပ်တွင် ကြားနာမည်

NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့၏အယူခံအမှုများကို ပြည် ထောင် စုတရားလွှတ်တော်ချုပ်၌ လာမည့် မတ်လ ၁၆ ရက်နေ့ တွင် ကြားနာသွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ဒေါက်တာမျိုးအောင်ကို အဂတိဖြင့် စွပ်စွဲအမိန့်ချထားသည့် အမှုငါးမှုကို တရားလွှတ်တော်ချုပ်တွင် လက်ခံရန် သင့်၊ မသင့် လျှောက်လဲချက် ကြားနာမည်ဖြစ်ပြီး ထိုအထဲမှ နှစ်မှုတွင် ဦးရဲမင်းဦးလည်း ပါဝင် ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ထိုအယူခံငါးမှုမှာ ဒေါက်တာမျိုးအောင်အား နေပြည်တော်တွင် အထူးမြေကွက်ဖော်ထုတ်သည့်ကိစ္စနှင့် ပတ်သက်ပြီးစွပ်စွဲထားသည့် အဂတိအမှုသုံးမှု၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မြေကွက်တစ်ကွက်ကို စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးအား ရောင်းချ ခြင်းနှင့် ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာအနီးရှိ မြေကွက်တစ်ကွက်ကို ဂမုန်းပွင့်ကုန်တိုက်အား ရောင်း ချခြင်းတို့တွင် အဂတိဖြင့်စွပ်စွဲသည့် အမှုနှစ်မှုတို့ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ကို နေပြည်တော်အချုပ်ထောင် အတွင်းရှိ တရားရုံးက တစ်မှုလျှင် ထောင် ဒဏ် သုံးနှစ်စီဖြင့် ပြစ်ဒဏ်တပေါင်းတည်း ကျခံရန် ယခင်နှစ် အောက်တိုဘာလအတွင်းက အမိန့်ချမှတ်ထားခြင်း ဖြစ်သည်။
NLD အစိုးလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး တို့အနေဖြင့် စစ်ကောင်စီဘက်ကစွပ်စွဲထားသည့် အမှုများအတွက် စုစုပေါင်းထောင်ဒဏ် အနှစ် ၂၀ ကျော်စီ ချမှတ်ခံထားရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ၎င်းတို့၏ အယူခံအမှုအချို့ကို ပြည်ထောင်စုတရား လွှတ် တော်ချုပ်တွင် လက်ခံရန် သင့်၊ မသင့် လျှောက်လဲချက် ကြားနာခဲ့ပြီး အကျဉ်းနည်းနှင့် ပလပ်ခဲ့သေးသည်။ mizzima