ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ညစဉ်ရိုက်နှက်ခံနေရ

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင်ရှိသည့် နိုင်ငံရေးအကျဉ်းသားများအား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာ အကျဉ်းထောင် အာဏာပိုင်များက ညစဉ် အကြောင်းမဲ့ ရိုက်နှက် မှုများပြုလုပ်နေကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှသိရသည်။
ဧရာဝတီတိုင်းအကျဉ်းထောင်ညွှန်မှူး ဦးဇော်စစ်အောင်ဆိုသူနှင့် ပုသိမ်ထောင်မှူးတို့ ဦးဆောင်ကာ ညစဉ် ညသန်းခေါင်အချိန်ရောက်တိုင်း နိုင်ငံရေးအကျဉ်းသားတစ်ဦး(သို့မဟုတ်)နှစ်ဦးအား ခေါ်ထုတ်ကာရိုက် နှက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုဝင်းမင်းထက်(ခေါ်)မဲကြီး၊ ကိုဖိုးလပြည့်၊ ကိုဝင်းထွန်းနိုင်(ခေါ်)ကိုခေါ်လေး၊ ကိုထက်လင်းစိုး(ခေါ်) လူဖန်ခါးတို့အပြင် အခြားအကျဥ်းသားအချို့ကို အလှည့်ကျခေါ်ထုတ်ကာ ရိုက်နှက်နေခြင်းဖြစ်သည်ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က ပုသိမ်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများထံမှ လက်ကိုင်ဖုန်း များတွေ့ရှိသည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်များ၊ ရဲများနှင့် ထောင်ဝန်ထမ်းများက နိုင်ငံရေး အကျဉ်းသားများအား အကြမ်းဖက် ပစ်ခတ်၊ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။
အကြမ်းဖက်မှုများကြောင့် အသက်(၃၄)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး(ခေါ်)ရာစု ဆိုသူ ကျဆုံးခဲ့ပြီး နိုင်ကျဉ်း ၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် အကြမ်းဖက်ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၆၇ ဦးအပြင် အကြမ်းဖက်ခံရမှုဖြစ်စဉ်၌ မပါသည့် နိုင်ငံရေးအကျဉ်းသားအချို့ကိုပါ ထောင်အာဏာပိုင်များက ခြေကျင်း သံဒေါက်များ ခတ်ထား သည်ဟု ရှေ့ နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။
“ထောင်ညွှန်မှူးနဲ့ထောင်မှူးက ညဘက်အရက်မူးလာရင် နိုင်ကျဉ်းတွေကိုခေါ်ထုတ်ပြီးရိုက်တယ်။ မင်း လား PDF ၊ မင်းလားကဗျာဆရာဆိုပြီး အော်အော်ပြီးရိုက်တာ၊ ညတိုင်းအရိုက်ခံနေရတာ တော်တော်ကြာ ပြီ။ ပုသိမ်ထောင် အကြမ်းဖက်ခံရတုန်းကမပါတဲ့ အခြားအဆောင်တွေက နိုင်ကျဉ်းတွေကိုပါခေါ်ထုတ်ပြီး ရိုက်နေတာပါ။ အကြမ်းဖက်ခံရတာမှာ ဒဏ်ရာရတဲ့ ၆၇ ယောက်ကိုတော့ သီးသန့်ခွဲထားတယ်လို့ သိရ တယ်” ဟုဆိုသည်။
ထိုသို့ရိုက်နှက်ခံရမှုများကြောင့် နိုင်ငံရေးအကျဥ်းသားအချို့မှာ အတွင်းကြေဒဏ်ရာများရရှိကာ၊ အများ အပြားလည်း ခြေဆစ်၊ လက်ဆစ်များလွဲနေကြပြီး ဆေးကုသခွင့် အပြည့်အဝမရရှိကြောင်း သိရသည်။
၎င်းအပြင် ပုသိမ်အကျဥ်းထောင်တွင် အကြမ်းဖက်ခံရသည့် ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာ ထောင်ဝင် စာပို့ခွင့် အပိတ်ခံထားရကြောင်း၊ စျေးဘားသာရကြောင်း နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များက ပြောသည်။
“ကျွန်တော်တို့က နိုင်ကျဥ်းတွေဆီကို ပို့ပေးပါဆိုပြီး ငွေသွင်းလိုက်တယ်။ ထောင်ဝန်ထမ်းတစ်ယောက်က စာရင်းနဲ့ လက်ခံပေးတယ်။ ပြီးတော့မှ စျေးဘားအတွက် ငွေရောက်တယ်ဆိုပြီး ထောင်ဝန်ထမ်းတွေက နိုင်ကျဥ်းတွေကို သွားပြောပေးတယ်ပေါ့ဗျာ၊ နိုင်ကျဥ်းတွေက ထောင်ဝန်ထမ်းတွေရောင်းတဲ့ ဟာတွေကိုပဲ ဝယ်ရတယ်။ ယမ်ယမ်တစ်ထုပ်ကို အပြင်မှာ ၅၀၀ ဆို ထောင်ထဲမှာ တစ်ထောင်ပေးဝယ်ရတယ်လို့ သိရ တယ်။ အကုန်လုံး စျေးနှစ်ဆချည်းပဲ။ စျေးဘားအတွက် ပို့တဲ့ငွေကလည်း နိုင်ကျဥ်းတွေဆီကို တကယ် ရောက်မရောက် မသိရဘူး”ဟု ပြော သည်။
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ပုသိမ်ထောင်မှ နိုင်ငံရေးအကျဥ်းသားများအား ထောင် အကြမ်းဖက်မှုဖြစ်စဥ် မဖြစ်ပွားမီအချိန်က ထောင်စာကြည့်တိုက်တွင် စာဖတ်ခွင့်နှင့် တန်းဖွင့်သည့်အချိန် များတွင် အားကစားလုပ်ခွင့်များခွင့်ပြုပေးခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများအား နံနက်ပိုင်း ၃၀ မိနစ်နှင့် ညနေပိုင်း ရေချိုးချိန် ၃၀ မိနစ်သာ တန်းဖွင့်ပေးတော့ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူ၏ ပြောပြချက်အရသိရသည်။
ထိုသို့ နိုင်ငံရေးအကျဥ်းသားများ အခွင့်အရေးချိုးဖောက်ခံနေရမှုများနှင့်ပတ်သက်၍ ကန်ကြီးထောင့် မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဝေယံအောင်က “အကျဥ်းထောင်လက်စွဲထဲမှာ သာမန် အကျဥ်းသားတွေတောင် ရသင့်တဲ့အခွင့်အရေးတွေရှိတယ်။ အခုက နိုင် ငံရေးအကျဥ်းသားတွေကို ရသင့် တဲ့ အခွင့်အရေးတွေကို ချိုးဖောက်အကြမ်း ဖက်တာတွေလုပ်နေတာဆိုတော့ ရာဇဝတ်မှု ကျူးလွန်နေ တာပဲ၊ ဒီကိစ္စကို နိုင်ငံတကာအဖွဲ့အစည်းတွေက လာပြီး စစ်ဆေးသင့်ပါတယ်” ဟု ဝေဖန်သုံးသပ်သည်။
ပုသိမ်အကျဥ်းထောင်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင်မှု ကြောင့် ဖမ်း ဆီးခံထားရသည့် နိုင် ငံရေးအကျဥ်းသား ၄၀၀ ကျော်ခန့်ရှိနေကြောင်း သိရသည်။mizzima