ပဲခူးတိုင်းတစ်တိုင်းလုံးနီးပါး လောင်းကစား၊ အရက်၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာ လုပ် ငန်း မှန်သမျှ စစ်တပ်နှင့်ရဲက ဖမ်းဆီးခြင်း လုံး ၀ မရှိတော့ဘဲ ခွင့်ပြုပေး၊ နိုင်ငံရေး မလုပ်ရန်သာ တား မြစ်
ပဲခူးတိုင်းအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီက အာဝါဒေး၊ ဂျင်၀ိုင်း၊ ကြက်၀ိုင်း ၊ နှစ်လုံးထီ၊ သုံးလုံးထီ အပါအဝင် လောင်းကစား၊ အရက်၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာ လုပ်ငန်း မှန်သမျှ စစ်တပ်နှင့်ရဲက ဖမ်းဆီးခြင်း လုံး၀ မရှိတော့ဘဲ ခွင့်ပြုနေကြောင်း ဒေသပြည်သူများ နှင့် ပဲ ခူးတိုင်းစစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးတိုင်းအတွင်းတွင် လောင်းကစား၊ အရက်၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာ လုပ်ငန်းများကို လိုင်းကြေး ပေး ၍ လုပ်ကိုင်နိုင်ခဲ့ပြီး ယခုအခါတွင်မူ လိုင်းကြေးပင် ပေးရန် မလိုတော့ဘဲ အကြောင်း ကြား အသိပေးရုံဖြင့် လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း၊ အဓိက အားဖြင့် ကျေးရွာတွင် ဖွဲ့စည်းထားသည့် ပျူစောထီး(ခေါ်) ပြည်သူ့စစ်အဖွဲ့များက တာဝန်ယူ၍ပင် လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် ပြည့် တန်ဆာလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြု နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“အရင်က ရဲစခန်းတို့၊ ဒေသစစ်ဒေသတို့ အကြောင်းကြားရတယ်။ အခုက မလိုတော့ဘူး။ ကိုယ့်ရပ်ထဲရွာထဲမှာ ဖွဲ့ စည်း ထားတဲ့ ပြည်သူ့စစ်တွေကို ပြောပြီး လုပ်ရင်ရတယ်။ လိုင်းကြေးရယ်လို့တော့ မရှိတော့ဘူး။ ရွာတွေမှာ ဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေကို ကျွေးလိုက် မွေးလိုက်ရင် ရတဲ့ပုံစံမျိုးနဲ့ ပဲခူးတိုင်း အနောက်ခြမ်း ရွာတိုင်း လောင်းကစား၀ိုင်းတွေချည်းပဲ။ အရက်ပုန်း၊ မူးယစ်ဆေးဝါး ပြည့်တန်ဆာလုပ်ငန်းတွေလည်း အရမ်းတွင်ကျယ်လာပါတယ်။ ဖမ်းတာ ဆီးတာ လုံး၀ မရှိတော့ဘူး” ဟု ပဲခူးတိုင်း အနောက်ခြမ်းမှ သဲကုန်းမြို့နယ်မှ အုပ်ချုပ်ရေးဆိုင်ရာ သ တင်းရင်းမြစ်က ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ ရင်းတိုက်မှော်အုပ်စု၊ ဖောင်းကားတောရွာတွင်လည်း လောင်းကစား၀ိုင်းများ ကျင်းပပြုလုပ်လျက်ရှိပြီး အာဝါဒေး၊ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ကျုံးကျုံးဂျလောင်းကစားမျိုးစုံကို အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပကြောင်း၊ အဆိုပါလောင်းကစား၀ိုင်းများကို တပ်မ ၆၆ မှ တာဝန်ထမ်းခဲ့သော စစ်မှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင် ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ် သမိုင်းဝင် ငါးမျက်နှာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် ထီးတော်သစ်တင်ပွဲ၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူအောင်ပွဲတွင်လည်း စစ်ကောင်စီက အာဝါဒေး လောင်းကစားဝိုင်းများကို ဆက်ကြေး ကောက်၍ ခွင့်ပြုခဲ့ပြီး နိုင် ငံရေး လှုပ်ရှားမှု မလုပ်ရန်၊ PDFများကို ဆက်သွယ် ထောက်ပံ့လှူဒါန်းခြင်း မပြုလုပ်ရန် ဆိုသော အချက် ၂ ချက်ဖြင့်ပင် လောင်းကစားနည်း အား လုံးကို လွတ်လပ်စွာ ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်တွင်လည်း လောင်းကစား၀ိုင်းများ အလွန်ဖြစ်ထွန်းနေကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“ကျေးရွာအုပ်စု ၆၀ ၊ ကျေးရွာပေါင်း ၉၀ ရှိတယ်။ လောင်းကစား၀ိုင်းတွေကတော့ သနပ်ပင်မြို့နယ်ရဲ့ တစ်ဝက်လောက်မှာ ဖြစ်နေတာ။ ရွာနဲ့ ပြောမယ်ဆိုရင် ကျေးရွာပေါင်း ၄၅၊ ၅၀ လောက်မှာ လုပ်နေကြတာပဲ။ နိုင်ငံရေး မလုပ်ရင် ပြီးရော ဆိုတဲ့ပုံစံနဲ့ခွင့်ပြုထားတယ်” ဟု ပဲခူးတိုင်းစစ်ကောင်စီနှင့် ဆက်နွယ်နေသော ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ပဲခူးတိုင်းတွင်သာမက ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင်လည်း လောင်းကစား၊ အရက်၊ ဘား၊ ပြည့် တန်ဆာလုပ်ငန်းများကို စိစစ်ဖမ်းဆီးခြင်းမရှိတော့ဘဲ ခွင့်ပြုနေသည်ဟု ရန်ကုန်ခေတ်သစ်၏ စစ်တပ်သတင်းရင်းမြစ်တချို့က ဆိုကြသည်။khit thit