မိုင်းခွဲရန် ကြိုးစားမှုအပြီး အင်းတော်မြို့တွင် ဖမ်းခံရသူ ၅ ဦး အထိရှိလာ

စစ်ကိုင်းတိုင်းအထက်ပိုင်း  အင်းတော်မြို့မှာ မတ် ၂ ရက် မိုင်းထောင်ဖောက်ခွဲဖို့ ကြိုးစားမှုအပြီး ဖမ်းဆီးခံရတဲ့ ဒေသခံ ၅ ယောက်ထိ ရှိလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

မတ် ၂ ရက် ည ၈ နာရီက အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက် လမ်းဆုံမီးပွိုင့်မှာ စစ်ကောင်စီလှည့်ကင်းကားကို မိုင်းဆွဲဖို့ ပြင်နေတဲ့ PDF နှစ်ယောက် ကိုယ်တိုင်မိုင်းကွဲပြီး သေဆုံးခဲ့တယ်လို့ Indaw Revolution IR က ထုတ်ပြန်ပြောဆိုပြီးနောက် အခုလို ဖမ်းဆီးတာတွေ ရှိလာတာပါ။

မတ် ၃ ရက်မှာ အမျိုးသမီး ၃ ယောက် ဖမ်းဆီးခံရပြီး ၄ ရက်နေ့မှာ လူငယ်အမျိုးသား ၂ ယောက် ထပ်မံ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းခံရသူ အမျိုးသမီး ၃ ယောက်ဟာ အသက် ၄၀ ဝန်းကျင်တွေဖြစ်ပြီး ကလေးငယ်တွေရှိတဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော ဖမ်းဆီးခံတဲ့ ၅ ယောက်နဲ့ပတ်သက်ပြီး အခုထိ ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆို မသိရသေးသလို မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူတွေကို ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာ မသိရသေးဘူးလို့ လည်း မြို့ခံတွေက ဆိုပါတယ်။ 

အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု နားရခေါင်ရွာ ကားလမ်းပေါ်မှာလည်း ဖေဖော်ဝါရီ ၂၈ ရက်ကစတင်ကာ  မတ် ၄ ရက်အထိ PDF အယောင်ဆောင်ကာ စစ်တပ်က စစ်ဆေးနေတယ်လို့ Indaw Revolution-IR အဖွဲ့က ပြောပါတယ်။

IR အဖွဲ့တာဝန်ရှိသူက “PDF ပုံစံဖမ်းထားတဲ့ စစ်ကောင်စီတပ်တွေပါ။ ဒီနေ့ရောဆို ၅ ရက် ရှိပါပြီ။ ပြည်သူတချို့က PDF တွေနဲ့ မှားနေကြလို့ပါ။ တချို့ဆို PDF ထင်ပြီး မုန့်တွေ၊ ပိုက်ဆံတွေတောင် ပေးကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်‌တပ်ကာ အရှေ့က‌နေ ဂိတ်ထိုင်စစ် ဆေးပြနေပြီး နောက်မှာ ကင်းပုန်းတွေ ဝပ်နိုင်တာကြောင့် ခရီးသွားတွေ ဂရုစိုက်သွားလာကြဖို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန် အသိ ပေးထားပါတယ်။

မနေ့မနက် ၁၁ နာဝန်းကျင်အချိန်မှာလည်း နားရခေါင်ရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်က ကျွန်းတောလမ်းအတိုင်း နဘားဘက်ကို ဝင်လာကာ နဘားလမ်းဆုံကို ထွက်ခွာသွားတယ်လို့ IR အဖွဲ့က ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s