ဝေါမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ ၂ ဦးအား ဖမ်းဆီးထား

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီ တပ်ဖွဲ့ကစစ်ဆေးမှုများပြုလုပ်ကာ ဘုရားပျိုကျေးရွာမှ ဒေသခံလေးဦးအားဖမ်းဆီးသွားပြီး နှစ်ဦး ပြန် လွှတ်ပေးသော်လည်း နှစ်ဦးအား ဆက်လက်ဖမ်းဆီးထားကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
သူတို့(စစ်ကောင်စီတပ်) အငိုက်မိပြီးခံလိုက်ရတော့ နောက်နေ့ကနေစပြီး ရွာတွေထဲဝင်မွှေပြီး ဒေသခံ လေးဦးကို ဖမ်းဆီးတာ။ အခုတော့ နှစ်ယောက် ပြန်လွတ်လာပြီ။ နှစ်ယောက်ကတော့ ဖမ်းခံရတုန်းပဲ”ဟု ဝေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့က ဘုရားပျိုကျေးရွာအုပ်စုရှိ ဘုရားပျိုရွာ၊ ကတွတ်ရွာ၊ ဗိုလ်ကတော်ရွာစသည့် ရွာချင်းဆက်နေရာများအား ဝင်ရောက်စစ်ဆေး၍ ဒေသခံလေးဦးကို ဖမ်းဆီးသွား ခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နှစ်ဦးကိုပြန်လွတ်ပေးခဲ့သည်ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ဂိတ်ကို ကာကွယ်ရေး တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် ယခုကဲ့သို့ စစ်ကြောင်းထိုးဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်း များပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ဆယ်အိမ်မှူးတစ်ဦးနှင့် မီးသတ်ဝန်ထမ်း တစ်ဦးသေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ယင်းတိုက်ခိုက်မှုနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာများအတွင်း ကာကွယ်ရေးတပ်ဖွဲ့များ နှင့်ဆက်နွှယ်သည်ဟုယူဆသော နေအိမ်များအားအဓိကထား၍ စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံ များထံမှ သိရသည်။
“အိမ်အပေါ်တွေအထိ ဝင်မွှေတယ်။ ပစ္စည်းတွေ ဖွတယ်၊ ဘီဒိုတွေဖွင့်ပြခိုင်းတယ်။၂၇ ရက်နေ့ နေ့လယ် ပိုင်းလောက်ကတည်းက စစ်တာ။ အဖမ်းခံရတာကတော့ ညဘက်မှပါ။ စစ်တာတော့ ရွာတွေထဲ ဝင်လိုက် ထွက်လိုက်နဲ့ စစ်နေတုန်းပါပဲ”ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
မတ်လ ၂ ရက်နေ့ကလည်း ရွာလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက “အကြမ်းဖက်တွေကို ခိုလှုံခွင့် ပေးတာတွေ၊ ကူညီတာတွေ အဆက်အသွယ်လုပ်တာတွေရှိရင် ဝန်ခံပါ၊ ဝန်ခံရင် အပြစ်လျော့မယ်၊ မဟုတ် ရင် အရေးယူခံရမယ်” ဟုဆိုကာ လော်စပီကာဖြင့် လိုက်လံပြောဆိုနေသည်ဟု ဒေသခံက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် ဝေါမြို့မှ ဘုရားပျိုရွာအထွက်လမ်းမကြီးအား ဖေဖော်ဝါရီလ ၂၇ ရက် နေ့မှစ၍ လုံခြုံရေးအရဟုဆိုကာ ကား၊ ဆိုင်ကယ် သွားလာခွင့်ပိတ်ထားခဲ့ရာ အနီးတဝိုက်ရှိ ကျေးရွာ သားများအနေဖြင့် သွားရေးလာရေး အခက်အခဲရှိကြောင်း သိရသည်။mizzima