အင်းတော်တွင် အရပ်သားပြည်သူများကို စစ်ကောင်စီတပ်က ပစ်မှတ်ထား ဖမ်းဆီးနေဟုဆို

စစ်ကိုင်းတိုင်း အင်းတော်မြို့တွင် လူငယ်နှစ်ဦးအား PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်ကဖမ်းဆီးပြီးနောက် မြို့အတွင်း စစ်ကားဖြင့်လှည့်ပတ်ကာ အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းကို ထပ်မံဖမ်းဆီးသွားသည်ဟု အင်းတော်မြို့ဒေသခံတစ်ဦးကပြောသည်။
မတ်လ ၃ ရက်နေ့ နံနက်က အင်းတော်မြို့ စစ်ဆေးရေးဂိတ်တခုတွင် အသက် ၂၄နှစ် အရွယ်နှင့် အသက် ၂၂ နှစ်အရွယ် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပြီးနောက် ထိုလူငယ်နှစ်ဦးနှင့်ဆက်စပ်သူများဟုဆိုကာ အင်းတော်မြို့ပေါ်တွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ် ကြောင်း ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
“ ၃ရက်နေ့ကစပြီး အိမ်တွေကိုဝင်ဖမ်းတာတွေလည်းရှိတယ်။ မြို့ဝင်မြို့ထွက်တွေမှာစစ်တာနဲ့ မြို့ထဲမှာ ဂိတ်ချစစ်တာတွေလည်းကြမ်းနေတယ်။နေအိမ်တွေမှာပတ်ရှာပြီးဖမ်းသွားတာကပိုများတယ်။ ၃ရက်နေ့တစ်ရက်တည်းတင် ၁၅ ယောက်လောက်ပါသွားတယ်။ ဆက်ပြီးအဖမ်းခံနေရတာတွေလည်းရှိသေးတယ်” ဟု အထက်ပါဒေသခံကပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် အသက် ၃၉ နှစ်အရွယ်နှင့် အသက် ၅၂ နှစ်အရွယ် CDM ဆရာမှ နှစ်ဦးပါဝင်သည်ဟု လည်းသိရပြီး လက်ရှိတွင် အင်းတော်မြို့ရှိ စစ်တပ်ရိက္ခာကုန်းတွင်ထိန်းသိမ်းထားသည်ဟု သိရသည်။
အင်းတော်မြို့ပေါ်တွင် ခမရ၃၀၁နှင့် ခလရ၄၁၆ တပ်များအပြင် အခြား စစ်ကောင်စီတပ်တစ်ခုလည်း ထပ်မံရောက်ရှိနေကာအဆိုပါ စစ်ကောင် စီတပ်များနှင့်အတူ ရဲများလည်း ဖမ်းဆီးစစ်ဆေးမှုများတွင်ပါဝင်လုပ်ဆောင်နေကြောင်းသိရသည်။စစ်ကောင်စီရန်ကိုကြောက်၍ လမ်းပေါ်မထွက်ရဲလောက်သည်အထိ ထိတ်လန့်နေကြရသည်ဟုလည်း အင်တော်မြို့ခံများကပြောသည်။
စစ်ကောင်စီတပ်သည် မကြာသေးမီကလည်း
မီးသွေးလုပ်ငန်းလုပ်ကိုင်နေသည့် အင်းတော်ဒေသခံအမျိုးသားတဦးကို PDF ဟု စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့သည်။
ယခုအခါအင်းတော်မြို့ပေါ်တွင် စစ်ကောင်စီတပ်များမှ ကားဖြင့်လှည့်ပတ်ရှာဖွေကာ ဖမ်းဆီးမှုများလုပ်ဆောင်နေဆဲဖြစ်၍ ဒေသခံများသတိ ပြုကြရန် Indaw Revolution-IR မှ အသိပေးထုတ်ပြန်ထားသည်။
Indaw Revolution- IR အဖွဲ့သည် အင်းတော်ဒေသအတွင်းရှိ တော်လှန်ရေးသတင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သော သတင်းများကို မိဘပြည်သူများ သိရှိနိုင်ရန် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပို့ကူညီနေသည့် အဖွဲ့တခုဖြစ်သည်။ mizzima