ဆိပ်ဖြူနှင့် ပေါက်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာနှင့် ငွေ ကြေးများ ထောက်ပံ့လှူဒါန်း




khit thit
khit thit
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အာဏာသိမ်းတပ်က ပစ်ခတ်သဖြင့် စစ်ဘေးရှောင် ကလေးတစ်ဦး ယနေ့ (မတ် ၆) တွင် သေဆုံးသွားကြောင်း သိရသည်။
မုံလှကျေးရွာမှ ရွာအရှေ့ဘက်တွင်ရှိသည့် တောင်ယာတောတိုက်များအတွင်းသို့ စစ်ဘေးရှောင်နေသည့် လူအုပ် ပစ်ခတ်ခံရစဉ် ၈ နှစ်အရွယ် မဆုရတနာမြင့်၏ ဦးခေါင်းကို ကျည်ထိသွားခြင်း ဖြစ်သည်၊ အရပ်သား လူအုပ်ကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုရွာမှ ဒေသခံတို့က ဆိုသည်။
“ကလေးက မိသားစုနဲ့ အခြားရွာသားတွေနဲ့အတူတူ တောတိုက်ထဲမှာ ပြေးလွှားနေတုန်းမှာ xx ကြောင်းက ရွာဆီ ဦးမတည်ဘဲ၊ စစ်ရှောင်နေတဲ့ လူအုပ်ဆီ ပစ်ခတ်တိုက်ခိုက်ခဲ့တာ” ဟု မုံလှကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုစည်က ဆိုသည်။
“ပြည်သူတွေကြားထဲကို လက်နက်စုံပစ်တာ။ လူအုပ်လိုက်ကြီး ပြေးလွှားနေကြတာ။ ရွာသားတွေမှ အများကြီးပဲ၊ အဲ့ဒီထဲကို ပစ်တာ”
ထိုဖြစ်ရပ်မတိုင်မီ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းထောက်တပ်ဖွဲ့ကို မုံလှကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ရာမှ မိနစ်အနည်းငယ် ကြာမြင့်သော၊ နှစ်ဖက်အထိအခိုက်မရှိသော တိုက်ပွဲတစ်ခု ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။
ထိုစစ်ကြောင်းသည် ယမန်နေ့ (မတ် ၅) မှ စတင်ပြီး ရေဦးမြို့ဘက်မှတစ်ဆင့် ရေဦး၊ ခင်ဦး၊ ကန့်ဘလူမြို့နယ် ၃ ခုအစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည်၊ အင်အား ၁၀၀ ခန့် ရှိသည်ဟု သိရသည်။
ယနေ့တွင် ကန့်ဘလူမြို့နယ် ကျည်စုကျေးရွာမှ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများဆီ ဦးတည်လာစဉ် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ရာမှ ထိုကလေးငယ် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ကန့်ဘလူမြို့နယ်တို့မှ ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူတို့မှာ ဘေးလွတ်မည် ယူဆရသည့် တောတိုက်များအတွင်းသို့ ထွက်ပြေးပုန်းရှောင်နေကြရကြောင်း၊ အာဏာသိမ်းတပ်၏ စစ်ကြောင်းက ကလုံကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။
မဆုရတနာမြင့် ပစ်ခတ်ခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
၁၂ သား သေဆုံးမှု
ယမန်နေ့ (မတ် ၅) တွင်လည်း ခင်ဦးမြို့နယ်အတွင်း ဗုံးသီးတစ်လုံး ပေါက်ကွဲသဖြင့် ၁၂ နှစ်အရွယ် နွားကျောင်းသား သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ခင်ဦးအရှေ့ခြမ်း အလယ်လျှိုကျေးရွာမှ မောင်ချစ်ရင်ထူး ခေါ် စာပုတီး ဖြစ်သည်၊ ပေါက်ကွဲပျက်စီးသွားသည့် အပိုင်းအစများကို စစ်ဆေးကြည့်ရာ ၄၀ မမ ဗုံးသီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“xx ကြောင်း ဝင်လာတုန်းက တိုက်ပွဲဖြစ်ခဲ့တုန်းက မပေါက်ကွဲတဲ့ ဗုံးသီးကို ကလေးက ရွာထဲကနေ တွေ့ပြီး ကောက်လာတာ၊ အဲ့ဒါကို ဆော့မိတယ် ထင်တယ်၊ ပေါက်ကွဲပြီးတော့ နေရာမှာပဲ ဆုံးသွားခဲ့တာ” ဟု သူက ဆိုသည်။
“ဗုံးသီးက ပစ်ထားပြီးသားကို မကွဲဘဲ ကျန်နေခဲ့တာ။ ကလေးလေးက နွားကျောင်းရင်း တွေ့လာပြီး ရေကန်နားမှာ ထုတာရိုက်တာ လုပ်ပုံရတယ်။ ဗုံးသီးကို ကိုင်ထားခဲ့တဲ့ လက်က တော်တော်ပျက်စီးတာ တွေ့ရတယ်” ဟု အလယ်လျှိုရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ခင်ဦးမြို့နယ် ငါးတင်ကြီးကျေးရွာတွင်လည်း ၂၀၂၂ နှစ်လယ်ပိုင်းတွင် စစ်ကောင်စီတပ် ကျန်ခဲ့သည့် ၆၀ မမ ဗုံးသီးတစ်လုံးကို ကောက်ယူခဲ့သည့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သေးသည်။
စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန်များကို အရပ်သားတို့က ကောက်ယူကိုင်တွယ်ရာမှ အန္တရာယ်ဖြစ်ကြရသလို၊ နင်းမိုင်းများကြောင့် သေဆုံး ဒဏ်ရာရနေသည်။
မိုင်းကို အာဏာသိမ်းတပ်က သုံးသလို တော်လှန်ရေးအဖွဲ့များကလည်း ဗျူဟာမြောက်လက်နက်အဖြစ် သုံးနေကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက တိုက်ပွဲဒေသ အရပ်သားများကို မိုင်းများ၊ လက်နက်ကြီးကျည်များ တွေ့ရှိလျှင် ကိုင်တွယ်ခြင်းမပြုရန် အပါအဝင် သတိထားရှောင်ကြဉ်ကြရမည့် အချက်အလက်များနှင့် ပတ်သက်ပြီး သတိပေးဟောပြောနေသည်ဟု သိရသည်။ myanmar now
ရှမ်းပြည်နယ်၊ ဟိုပုန်းတပ်နယ်မှ ဗိုလ်မှူး ဇော်ဝင်းထိန်သည် ရန်ကုန်ရှိ မိသားစုထံသို့ ခွင့်ပြန်ရာတွင် ကိုယ်ပိုင်ကားရှိသော်လည်း PDF ရန်ကြောက်၍ ဒို့ညီ နောင် ခရီးသည်တင်ကားဖြင့် ပြန်စဉ် မတ်လ ၄ ရက်နေ့ ကားမှောက်မှုတွင် ပါ ဝင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
မတ်လ ၄ ရက်နေ့ နံနက် ၅ နာရီခွဲဝန်းကျင်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၇ မိုင် ၄ဖာလုံ နှင့် ၁၆၇ မိုင် ၅ဖာလုံ အကြား ဒို့ညီ နောင်ခရီးသည်တင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း တန်းများကို တိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း၊ ကားမှောက်မှုကြောင့် ဗိုလ်မှူးဇော်ဝင်းထိန်ပါ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“တကယ်က နေပြည်တော်က ဘယ်သူ့ကိုမှ ခွင့်မပေးဘူး။ အားလုံးကို တပ်ထဲမှာပဲ နေခိုင်းထားတဲ့ အရေးပေါ်ကာလ။ အဲဒါကို အဲဒီ ဗိုလ်မှူးက ကလေးဆေး ကုဆိုပြီးခွင့်တင်တယ်။ နေပြည်တော်က ခွင့်မပေးသေးဘူး။ တပ်ရင်းမှူးက နားလည်မှုနဲ့ လွှတ်ပေးလိုက်တာ။ သူ့မှာ ကားရှိတယ်။ PDF ရန်ကြောက်လို့ ခရီး သည်တင်ကားနဲ့ ပြန်တာမှာ ကားမှောက်ပြီး ဆုံးတာ။ သူ့မိသားစုတွေမှာ သူ့အဖေကအစ ရူးသလိုဖြစ်နေတယ်။ တောင်ဥက္ကလာမှာ” ဟု ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောသည်။
ဗိုလ်မှူးဇော်ဝင်းထိန်က ရှေ့တန်းမသွားလိုသည့်အတွက် ဟိုပုန်းတပ်နယ်ရှိ စစ် တပ်သင်တန်းကျောင်းတစ်ခုကို ရာထူးတိုး ဆရာအဖြစ် ပြောင်း ရွှေ့ခဲ့သူဖြစ် ကြောင်း သိရှိရသည်။
ဒို့ညီနောင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ခရီးသည် ၃၁ ဦး အနက်မှ အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများတွင် မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံဟောင်း၊ လက်ဝှေ့ကျော် ရွှေဓူဝံပါ ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။khit thit
နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ် စတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေက ဘွဲ့ရတွေဖြစ်ပါက ရန်ကုန်၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ ပတ်စ်ပို့ရရှိဖို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ ခံဝန်ချက် ရေးထိုးနေရတဲ့အပြင် ပတ်စ်ပို့ရုံး ဝန်ထမ်းတွေရဲ့ ပိုက်ဆံတောင်းတာခံခဲ့ရတယ်လို့ ပတ်စ်ပို့ ပြုလုပ်နေသူတွေဆီက သိရပါတယ်။
ပတ်စ်ပို့လျှောက်ထားသူတဦးက “အွန်လိုင်းဖောင်ဖြည့်တော့ B.E လို့ ရေးတင်လိုက်တာ၊ ရုံးရောက်တော့ ဘွဲ့ရဆိုပြီး လျှောက်လွှာပြင်ရေးလိုက်တယ်။ အဲ့မှာ ဘာဘွဲ့လဲ မေးတယ်။ GTU ကဆိုတော့ စခန်းမှာ ခံဝန်ရေးပြီး ပြန်လာဖို့ ပြောတယ်။ သူငယ်ချင်းတယောက်လည်း ဘွဲ့ရလို့ပဲ ရေးတာ။ ကောင်တာက ဘာဘွဲ့လဲမေးတော့ အဝေးသင်ဆို ဘာမှဆက်မမေးဘူး။ B.A, B.Sc တို့ဆိုလည်း ဘာမှမတောင်းဘူး။ စခန်းက ခံဝန်ယူပြီး ပြန်လာတော့ အလှူငွေဆိုပြီး တောင်းတယ်၊ ၅,၀၀၀ ပေးတာမရဘူး၊ ၁၀,၀၀၀ လောက်တော့ လှူပါဆိုလို့ ပေးခဲ့ရတယ်။ လျှောက်ထားတာကလည်း PV ပါပဲ” လို့ ပြောပါတယ်။
ပတ်စ်ပို့ရုံးက ခံဝန်ချက်ထိုးခိုင်းတဲ့ စာသားမှာ လက်ရှိတွင် မည်သည့်အစိုးရဌာနဆိုင်ရာတွင်မှ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်း မရှိဘဲ အခြားလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လျက်ရှိပါသည်၊ လွဲမှားသော အကြောင်းအရာများကို ဖော်ပြ၍ နိုင်ငံကူးလက်မှတ် လျှောက်ထားမိပါက တည်ဆဲဥပဒေများ (သို့မဟုတ်) ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများအရ အရေးယူခံရမည်ကို သိရှိကြောင်း ဝန်ခံကတိပြုပါသည် စတဲ့အချက်တွေ ပါရှိတာကို တွေ့ရပါတယ်။
ပတ်စ်ပို့ရုံးနဲ့ နီးစပ်သူတဦးက “အခုအခြေအနေက အခွန်က ပုံမှန်ပါပဲ။ ၃၅,၀၀၀ ကို Kpay ကနေ သွင်းရတယ်။ ကိုယ့်ဖုန်း ကိုယ့်အကောင့်ဆို ပိုကောင်းတာပေါ့။ ပျောက်ဆုံးဆို ၇၅,၀၀၀ ပါ။ ဝန်ထမ်းမှာမှ ကုမ္ပဏီတို့ ဘာတို့ဆိုရင် ခံဝန်မလိုဘူး။ ပတ်စ်ပို့သတင်းရဲရုံးခန်းမှာ ခံဝန်ဖောင်ရှိတယ်။ အဲ့ကနေ ထောက်ခံစာ ပြန်လုပ်ပေးရတယ်။ နောက်တခုက ထောင်ကျဖူးလား ဆိုတဲ့ဟာ၊ ထောင်ထွက်လက်မှတ်မူရင်း မပါရင် အထဲမှာ ရစ်တယ်။ ဝန်ထမ်းက အင်ဂျင်နီယာဆို CDM လား၊ ဒါမှမဟုတ် အခု တာဝန်ထမ်းဆောင်နေပြီး သူတို့ဌာနတွေကို အသိမပေးဘဲ ပြည်ပကို ထွက်ချင်တာလား၊ အဲ့ဒါကြောင့် ခံဝန်ဆိုပြီး ရဲစခန်းမှာ လက်မှတ်ထိုးခိုင်းနေတာ။ PJ ဆိုလည်း ပြည်ပက အလုပ်ခေါ်စာကို တော်တော်လေးစစ်နေတယ်။ တန်းစီတဲ့ အမှတ်စဉ်တွေကို ပိုက်ဆံယူပြီး ရှေ့ကိုခေါ်သွားတာတို့၊ ရုံးထဲရောက်မှ အလှူခံတယ်ဆိုပြီး ငွေကောက်တာတို့ဆို တိုင်ဖို့ ဖုန်းနံပါတ်တွေ ရုံးထဲရော၊ ရုံးပြင်မှာရော ရှိပြီးသားပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက လျှောက်ထားသူ ၅၂,၀၀၀ ကျော်နဲ့ ရက်ချိန်းယူမှု ကန့်သတ်ခဲ့ရာက မတ်လ ၅ ရက် ညပိုင်းမှာ ပြန်ဖွင့်လှစ်ပေးခဲ့ပြီး ဧပြီလ ၅ ရက်အထိ ရက်ချိန်းယူမှု ကန့်သတ်လိုက်ပြီလို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ကြေညာထားတာကို တွေ့ရပါတယ်။
လက်ရှိမှာ ပတ်စ်ပို့အမျိုးအစား ၆ မျိုးအထိ ခွင့်ပြုပေးထားတယ်လို့ သိရပြီး ၂၀၂၃ မတ်လ ၆ ရက်ကနေ တနင်္လာမှ သောကြာအထိ တနေ့ကို ပတ်စ်ပို့လျှောက်ထားသူ ၂,၀၀၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။DVB
စစ်ကိုင်းတိုင်းအလယ်ပိုင်း ရေဦးမြို့နယ်အတွင်း ရွာတစ်ရွာကို စစ်တပ်က စီးနင်းပစ်ခတ်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) မှ အဖွဲ့ဝင် ၅ ဦး သေဆုံးသွားသည်ဟု သိရသည်။
မတ်လ ၄ ရက်၊ နံနက် ၄ နာရီခန့်တွင် မြို့အနောက်ဘက် ၃ မိုင်အကွာ ဖလံဂုဏ်ကျေးရွာကို အင်အား ၁၃၀ ခန့်ရှိ စစ်ကောင်စီတပ်က ရုတ် တရက်စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင်တစ်ဦးက ပြောသည်။
မြို့ပေါ်မှ လာသော ထိုစစ်ကြောင်းသည် တောလမ်းများမှတစ်ဆင့် ရောက်လာသည်၊ ထိုရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်စိပ်တစ်ခုနှင့် ကျေးရွာလုံခြုံရေးအဖွဲ့ဝင်များ အိပ်ရာထပြီးသားဖြစ်သော်လည်း ပြန်လည် တုံ့ပြန်တိုက်ခိုက်ရန် အခြေအနေမပေးခဲ့ဟု ဆိုသည်။
“ကြားထဲကရွာတွေကို ကွင်းပြီးတော့ ခြေသံလုံလုံနဲ့ တိုးလာပြီးတော့ ဝင်ရောက်စီးနင်း ပစ်ခတ်သွားတဲ့ သဘောပေါ့ဗျာ။ တပ်ရင်းက PT (ကာယလေ့ကျင့်ခန်း) လုပ်ဖို့ ထပြီးသားဖြစ်ပေမဲ့ အဆင်သင့် ဖြစ်မသွားဘူး။ အဓိကက စစ်လက်နက်က အဆင်သင့် တပ်ဆင်မထားဘူးလေ” ဟု အထက်ပါ ပကဖခေါင်းဆောင်က ဆိုသည်။
PDF တပ်စိတ် နေထိုင်သည့် အဆောက်အအုံနှင့် ပလဖအဖွဲ့ဝင်များ နေထိုင်သည့် အဆောက်အအုံနှစ်လုံးကို စီးနင်းခဲ့ရာ PDF တပ်စိပ်သည် ပြန်လည်ပစ်ခတ်ကာ ဖောက်ထွက်နိုင်ခဲ့ပြီး ပလဖအဖွဲ့ဝင်များမှာ စီးနင်းမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၅ ဦး ဖြစ်ပြီး ၎င်းတို့၏ အသေးစိတ်အချက်အလက်များကို မသိရပေ။
ရုပ်အလောင်းများ၊ ဆိုင်ကယ်များ မီးရှို့ထားသည်ကို စစ်တပ်ထွက်သွားပြီးနောက် မတ် ၆ တွင် ရွာအတွင်း သွားရောက်ကြည့်ရှုရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ရဲဘော်တွေရဲ့ ဆိုင်ကယ်တွေကို ပတ်ပတ်လည်ထားပြီးတော့ ကျဆုံးရဲဘော်တွေကို တစ်ခါတည်း ရှို့သွားတာ။ ပြာကျတဲ့အဆင့် ရောက်သွားတယ်။ ရုပ်အလောင်းတွေက ဒူးခေါင်းရိုးတွေလောက်ပဲ ကျန်တော့တာ” ဟု ရေဦးမြို့နယ် ပကဖခေါင်းဆောင်က ဆိုသည်။
ထိုစစ်ကြောင်းမှ စစ်သားများသည့် ရေဦးအရှေ့ဘက်ခြမ်းမှ ကျေးရွာများကို မတ် ၄ နှင့် ၅ ရက်တွင် ဆက်တိုက်စီးနင်းပြီး ယနေ့ (မတ် ၆) တွင် ခင်ဦးမြို့နယ်ဘက်သို့ ရောက်ရှိလာကာ ကျေးရွာများကို ဆက်လက် စီးနင်းနေကြောင်း သိရသည်။
စစ်တပ်က ထိုစီးနင်းမီးရှို့မှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်တွင် PDF များ ရှိပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့များ ရှိကြသည်။
စစ်ကိုင်းတိုင်းအတွင်း ခင်ဦး-ရေဦး လမ်းပိုင်းတွင် စစ်ယာဉ်တန်းများကို တော်လှန်ရေးအဖွဲ့တို့က မကြာခဏ မိုင်းဆွဲတိုက်ခိုက်နေကြပြီး စစ် တပ်ကလည်း ရေဦးမြို့မှတစ်ဆင့် မူးမြစ်ကို ဖြတ်ကူးကာ တစ်ဖက်ကမ်းရှိ ခင်ဦးနယ်အနောက်ခြမ်းကို စီးနင်းတိုက်ခိုက်နေသည်။
ရေဦးမြို့နယ်တွင် ယမန်နှစ် မေလအတွင်း ရွာသား ၂၈ ဦး အသတ်ခံရသော မုန်တိုင်ပင်ရွာ အပါအဝင် ကျေးရွာအများအပြား စီးနင်းခံရပြီး နေအိမ်အများအပြား မီးရှို့ခံခဲ့ရသည်။
ယခုနှစ် ဇန်နဝါရီ ၁၃ နှင့် ၁၄ ရက်တို့တွင် အင်အား ၈၀ ဝန်းကျင်စီဖြင့် ဒီပဲယင်းမြို့နယ်ဘက်မှ ဝင်ရောက်လာသည့် စစ်ကြောင်းနှစ်ခုက ရေဦးမြို့နယ်အနောက်ခြမ်းကျေးရွာများကို ဆက်တိုက် မီးရှို့ခဲ့ပြီး ဇန်နဝါရီ ၁၅ တွင် ရေဦးမြို့ပေါ်မှတစ်ဆင့် မူးမြစ်တစ်ဖက်ကမ်း ခင်ဦးမြို့နယ်အ တွင်း ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ခဲ့ကြသည်။myanmar now
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများခိုးယူနေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Hyper UAV Force ထံမှ သိရသည်။
ယမန်နေ့ မတ်လ ၅ ရက်နံနက်ပိုင်းက ဂန့်ဂေါမြို့၊ ခလရ ၅၀ တပ်မှ အကြမ်းဖက်စစ်သားများသည် စိုင်ဒူး ကျေးရွာသို့ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာပြီး ပြည်သူများ ရှောင်တိမ်းနေစဉ် တစ်အိမ်တက်တစ်အိမ်ဆင်းမွှေနောက်ရှာဖွေကာ ပစ္စည်းများကို ခိုးယူပြီး ကားကြီး ကားငယ်များဖြင့် ခလရ ၅၀ တပ်အတွင်းသို့ သယ်ဆောင်ကြကြောင်း၊ ထိုသို့ ပြည်သူပိုင်ပစ္စည်းများ ခိုးယူကြသည့် အကြမ်းဖက်စစ်သားများမှာ ညနေ ၅ နာရီခန့်အထိ စိတ်ကြိုက်ခိုးယူပြီး ၆ ဘီးကား တစ်စီးဖြင့် ခလရ ၅၀ အတွင်းပြန်ဝင်သွားကြောင်း သိရသည်။
အဆိုပါ ပြည်သူပိုင်ပစ္စည်းများကို အတင်း အဓမ္မ ခိုးယူနေသော ခလရ၅၀ စစ်ကောင်စီ တပ်သားများကို Hyper UAV Force မှ ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Hyper UAV Force တပ်ဖွဲ့ထံမှ သိရ သည်။
ယနေ့ မတ်လ ၆ ရက်နေ့တွင်လည်း ဂန့်ဂါမြို့ ခလရ ၅၀ အကြမ်းဖက်စစ်သားများသည် စိုင်ဒူးကျေးရွာ ဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။khit thit
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာအတွင်းကို မတ် ၆ ရက် ဒီမနက်က စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းက လက် နက်ကြီးပစ်ခတ်ပြီး ဝင်ရောက်လာတဲ့အတွက် ကလေးငယ်တဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သလို ဒေသခံပြည်သူ ၈,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံရွာသားတွေထံက သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးဘက်ကနေ မူးမြစ်ကိုကူးပြီး ခင်ဦးနယ်ဘက်ကို လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးရောက်လာရာ မုံလှကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်ကို ထိမှန်ပြီး သေဆုံးခဲ့တာလို့ မုံလှကျေးရွာသားတဦးက ပြောပါတယ်။
ဒါအပြင် အဲ့ဒီစစ်ကြောင်းဟာ ဂလုံကျေးရွာမှာ ဝင်ရောက်တပ်စွဲနေတဲ့အတွက် မုံလှ၊ ဂလုံ၊ ငါးရုံကြီး၊ သာဝတ္ထိ၊ ရှားတော၊ ရှင်မင်းတွေ၊ သရက်ကုန်း စတဲ့ ကျေးရွာ ၇ ရွာက ဒေသခံပြည်သူ ၈,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
မုံလှရွာဟာ မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားဘိုရဲ့ ဇာတိရွာ ဖြစ်ပါတယ်။
ဒီရွာဘက်မှာ ၂၀၂၂ နိုဝင်ဘာလက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးပြည်သူ ၉ ဦး ရှိခဲ့ပြီး အထက်တန်းကျောင်းစာသင်ဆောင်နဲ့ လူနေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကနေ သိရပါတယ်။DVB
khit thit
အွန်လိုင်းတွင် ပြုလုပ်ခဲ့သော၊ ကိုယ်စားလှယ် စုံလင်စွာ တက်ရောက်နိုင်ခြင်း မရှိသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညီလာခံကို ဆက်လက်ကျင်းပခြင်း မရှိတော့ကြောင်း KNU ၏ ခရိုင်အဆင့် ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ရပ်နားထားဆဲ ဖြစ်ပါတယ်။ Congress (ညီလာခံ) က ရပ်တန့်ထားတာပါ” ဟု ညီလာခံနှင့် ပတ်သက်ပြီး ပြောခွင့်ရသူ မဟုတ်သဖြင့် အမည်မဖော်လိုသည့် ထိုခေါင်းဆောင်က ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ မှ စတင်ကျင်းပခဲ့သော ထိုတွေ့ဆုံဆွေးနွေးမှုတွင် စစ်ရေးအရ အရေးပါသည့် ဖာပွန်ခရိုင် (တပ်မဟာ ၅) မှ ကိုယ်စားလှယ်များ မတက်ရောက်ခဲ့သလို အင်တာနက်အခက်အခဲကြောင့် အခြားတပ်မဟာ (ခရိုင်) ၂ ခုမှ ကိုယ်စားလှယ်များလည်း မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
မတ် ၂ ရက်နေ့က ဒေသအခြေစိုက် KIC သတင်းဌာန သတင်းတစ်ပုဒ်တွင်မူ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး – ၁ ပဒိုစောဆဲပွယ်က ညီလာခံကျင်းပနေခြင်းမဟုတ်ဘဲ ညီလာခံအတွက် ပြုလုပ်သည့်အစည်းအဝေးကို အွန်လိုင်းမှ ပြုလုပ်နေခြင်းသာဖြစ်သည်ဟု ပြောဆိုကြောင်း ဖော်ပြထားသည်။
ထိုဆွေးနွေးပွဲတွင် တပ်မဟာတချို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်သည့် အနေအထားမရှိကြောင်း KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ Voting ခေါ် မဲခွဲဆုံးဖြတ်မှုအတွက် အင်တာနက်အသုံးပြုနိုင်မှု မဖြစ်မနေ လိုအပ်သည်ဟု သူက ထောက်ပြသည်။
“တပ်မဟာ ၅ က မတက်ဘူး။ Voting ပေးရင် တပ်မဟာအားလုံးစုံမှ အဆင်ပြေမယ်ပေါ့နော်။ ပြီးတော့ တခြားတပ်မဟာ ၂ ခု လည်း အင်တာနက်လိုင်း ဝင်လို့မရတော့ Online Voting အတွက်ကို တက်လို့ မရဘူး” ဟု သူက ပြောသည်။
ထို့ကြောင့် ဆွေးနွေးမှုများ ရပ်တန့်ထားကြောင်း၊ အဆင့် ၃ ဆင့်ဖြင့် ညီလာခံပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်အဖြစ် အွန်လိုင်းမှတစ်ဆင့် ခေါင်းဆောင်ပိုင်း ရွေးချယ်မည်ဖြစ်ကြောင်း သူက ဆိုသည်။
ညီလာခံပြုလုပ်ရေးနှင့် ပတ်သက်ပြီး KNU ဗဟိုသတင်းပြန်ကြားရေးနှင့် ပြောရေးဆိုခွင့်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးသလို အခြေအနေအသေးစိတ်ကိုလည်း မသိရပေ။
သို့ရာတွင် ထိုညီလာခံကို တက်ရောက်ခြင်း မရှိကြောင်း ဖာပွန်ခရိုင် ထိပ်ပိုင်းခေါင်းဆောင်က အတည်ပြုသလို ခရိုင်ခေါင်းဆောင်တစ်ဦးကလည်း ညီလာခံပြုလုပ်နေကြောင်း ဖေဖော်ဝါရီ ၂၈ တွင် Myanmar Now ကို ပြောထားသည်။
ယခင်က ပြုလုပ်သည့် KNU ညီလာခံများကို အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ခရိုင် (တပ်မဟာ) အလိုက် စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ပြီး တစ်လနီးပါးခန့် ပြုလုပ်လေ့ရှိပြီး နှစ်နှစ်ကျော်ကြာ ရွှေ့ဆိုင်းထားရပြီးနောက် ယခု အွန်လိုင်းတွင် ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။
၁၇ ကြိမ်မြောက်ညီလာခံ ကျင်းပရမည့် ၂၀၂၀ တွင် ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားခြင်း၊ ၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် KNU နယ်မြေတွင် လာရောက်ခိုလှုံသူ များပြားသလို တိုက်ပွဲများ ပိုမိုများပြားလာခြင်း စသည့် အခြေအနေများကြောင့် ညီလာခံကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။
KNU ၏ ညီလာခံသည် သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စသည်ဖြင့် အဆင့်ဆင့် ရွေးကောက် တင်မြှောက်သည့် ကိုယ်စားလှယ်များက ၄ နှစ်လျှင် တစ်ကြိမ် ညီလာခံ ကျင်းပကာ ခေါင်းဆောင်များ ရွေးချယ်ကြသည်။
လက်ရှိ KNU ဗဟို ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော ၁၆ ကြိမ်မြောက် ညီလာခံက ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်ပြီး ၄ နှစ်တစ်ကြိမ် ပြုလုပ်သော KNU ညီလာခံများသည် ခေါင်းဆောင်ပိုင်းအပြောင်းအလဲအတွက် အရေးပါသည်။
ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးတို့က ထိုတာဝန်များ ဆက် လက် ထမ်းဆောင်နေသည်။
တရားမဝင်လောင်းကစားလုပ်ငန်းများ ပါဝင်သည့် မြို့သစ်စီမံကိန်းများ တည်ဆောက်ရေးတွင် ပါဝင် ပတ်သက်နေသည့် KNU ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ နုတ်ထွက်ပေးရန် ကရင့်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၆၀ ကျော်က မကြာသေးမီက တောင်းဆိုထားသည်။
ကရင်ပြည်နယ်အတွင်း တရားမဝင်လောင်းကစား အပါအဝင် ရာဇဝတ်မှုမကင်းသည့် လုပ်ငန်းများကို လက်မခံကြောင်း၊ ခွင့်ပြုထားခြင်းလည်း မရှိကြောင်း KNU က ဖေဖော်ဝါရီ ၂၆ တွင် ကြေညာချက် ထုတ်ပြီး တုံ့ပြန်ထားသည်။
၂၀၁၅ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သော KNU သည် စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ပြီး လက်နက်ကိုင်ခုခံလိုသူများကို စစ်သင်တန်းပေးသလို ထွက်ပြေးလာသူများကို ခိုလှုံခွင့်ပေးခဲ့ရာ KNU ၏ တပ်မဟာ ၇ ခုလုံးတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
လက်ရှိ KNU နယ်မြေများတွင် လက်အောက်ခံ ကရင်လက်နက်ကိုင်တပ်များသာမက KNU က လေ့ကျင့်ပေးထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များလည်း ပူးပေါင်းတိုက်ပွဲဝင်နေသည်။ myanmar now
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းနောက်သို့ လိုက်လံ တိုက်ခိုက်ရင်း ပကဖ နဂါးညီနောင်အဖွဲ့ ခေါင်းဆောင် ဦးဇော်ဇော်နှင့် ရဲဘော်ပြည့်ဖြိုးမင်း(ခ)မိုးမျှော် တို့နှစ်ဦးကျဆုံးခဲ့ရပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ပကဖနဂါးညီနောင်တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၁ ရက်နေ့တွင် ဂန့်ဂေါမြို့၊ ခလရ ၅၀ တပ်မှ ထွက်လာသော အကြမ်းဖက်စစ်သားများသည် မင်းရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လိုက်လံတိုက်ခိုက် ချောင်းတိုက်ခိုက်ရာ မင်းရွာရဲစခန်းချတပ်စွဲနေထိုင်စဉ် ထန်းရည်ခိုးပြီးပြန်လာသော အကြမ်းဖက် စစ်သားနှစ်ဦး ကို ရိုသုန် -CDF ၊ ပကဖ နဂါး ညီနောင်၊ YPDF ၊ KKG တပ်ရင်း ၅ ၊ YDF တပ်ရင်း ၁၄ ၊ အနီရောင်တိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်းတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦးနေရာတွင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ မင်းရွာရဲစခန်းအရောက် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါအကြမ်းဖက်စစ်ကြောင်းသည် မတ်လ ၂ ရက်နေ့တွင် မင်းရွာရဲစခန်းမှ ဂန့်ဂေါမြို့နယ်ဘက်သို့ ပြန်ထွက်လာရာ ပကဖ နဂါးညီနောင်တပ်ဖွဲ့ဝင်များမှ လိုက်လံတိုက်ခိုက်စဉ် ပကဖ နဂါးညီနောင်အဖွဲ့ ခေါင်းဆောင် ဦးဇော်ဇော်နှင့် ရဲဘော်ပြည့်ဖြိုးမင်း(ခ)မိုးမျှော်တို့နှစ်ဦးသည် လမ်းဖြတ်ကူးစဉ် အကြမ်း ဖက်စစ်သားများနှင့် ထိပ်တိုက်တွေ့ဆုံပြီး အပြန်အလှန်ပစ်ခတ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး စလုံးကျဆုံးပြီး အကြမ်းဖက်စစ်သား ၂ ဦးလဲသေဆုံးခဲ့ကြောင်း သိရသည်။
“ခလရ ၅၀ က ဂန့်ဂေါကနေ မင်းရွာကို စစ်ကြောင်းထိုးနေတာ တစ်ပတ်ကျော်ပြီ၊ မင်းရွာကနေ ဂန့်ဂေါ ကိုအပြန်မှာ ပကဖနဂါးညီနောင်က စစ်ကြောင်းနောက်ကို လိုက်ခဲ့ကြတာ၊ အဲဒီစစ်ကြောင်းက နှစ် ကြောင်းဖြစ်ပြီး နောက်ကအဖွဲ့နဲ့တွေ့လို့ ပိတ်မိခဲ့တာ၊ ကျန်အဖွဲ့တွေက ခေါက်ခူရွာထဲဆိုင်ကယ် ဆီ ဖြည့်ရင်း ကျန်ခဲ့တာ၊ ဦးဇော်နဲ့ ရဲဘော်ပြည့်ဖြိုးမင်းက အရင်ရှေ့ကလိုက်သွားတာပါ၊ သူ့နှစ်ယောက်ပဲ ထိပ်တိုက်တွေ့ပြီး ခံလိုက်ရတာ” ဟု ပကဖ နဂါးညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။ khit thit