ကမမောင်းမြို့နယ် ကတိုင်ထိရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် မီးရှို့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ရှိ ကတိုင်ထိ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မတ်လ ၅ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်တွင် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့လိုက်ကြောင်း KNU တပ်မဟာ(၅)နှင့်နီးစပ်သော စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်- ကမမောင်းလမ်းပေါ်မှ ရဲအင်အား ၁၀ ဦးကျော်ခန့် ရှိသော ကတိုင်ထိ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က နံနက် ၁ နာရီကျော်အချိန်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီ နီးပါး ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယင်းနောက် စခန်းအတွင်းမှ ရဲတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာထွက်ပြေးသွားခြင်းကြောင့် နံနက် ၂ နာရီ ကျော်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“ကတိုင်ထိရဲစခန်းမှာ လုံခြုံရေးနည်းနည်းပဲထားပြီး ကျန်တဲ့စခန်းကလူတွေက ကတိုင်ထိစခန်းကို ပြောင်း ပြီးနေကြတယ်။ မနက်၁ နာရီကျော်ကနေ စတိုက်တာ ၂ နာရီလောက်မှာ စခန်းသိမ်းမီးရှို့ခဲ့တယ် သိပ် မပစ်ရဘူး၊ လူနည်းလို့၊ ရဲတွေဆုတ်ပြေးသွားတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအခြေအနေနှင့် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။

ကတိုင်ထိစခန်းကို တိုက်ခိုက်သိမ်းပိုက် မီးရှို့ပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ တပ်ပြန်ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ကတိုင်ထိကျေးရွာ အပြင်ဘက်ရှိ စစ်ကောင်စီအမြောက်တပ်နှင့် BGF တပ်စန်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နေရာအများအပြားတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဖာပွန်ခရိုင်တွင်လည်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်တို့အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s