ကလေးမြို့တွင် ခိုးဆိုးလုနှိုက်နှင့် ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးနေသူ ပစ်ခတ်ခံရ၍သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ယနေ့ မတ်လ ၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ခိုးဆိုးလုနှိုက်နှင့် ပျူစောထီးခေါင်းဆောင်ဟု နာမည်ကြီးနေသူ ချမ်းမြေ့အောင် (ခ) ဖိုးချမ်း ပစ်ခတ်ခံရ၍သေဆုံးသွားကြောင်း သိရသည်။
အောင်မေတ္တာရပ်ကွက် (ယခင် ပျဉ်သာရွာ)တွင်နေထိုင်သော ဖိုးချမ်းကိုဖမ်းဆီးကာ မြို့လယ်ခေါင်တွင် သေနတ်ဖြင့်ပစ်၍ ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့ကထုတ်ပြန်သည်။
“ကျနော်တို့က ပြည်သူတွေကို ဒုက္ခပေးနေတဲ့သူတွေကို အမြဲစောင့်ကြည့်နေခဲ့တာ။ နောက်ထပ်လည်း အဲ့လိုလူတွေအများကြီး ရှိပါသေးတယ်” ဟု မြို့ပြစီမံချက် UG အဖွဲ့ ဦးဆောင်သူ ကိုရန်မင်းနိုင်က မဇ္စျိမ ကို ပြောသည်။
၎င်းအားဖမ်းဆီးပြီး မျက်ကွယ်တွင် ရှင်းလင်းလိုက်ပါက ကျန်သူများ ဆက်လက်၍ လုပ်ရဲကိုင်ရဲ ဖြစ်နေ နိုင်ပြီး လူပျောက်ဆုံးခြင်းကဲ့သို့ယူဆနိုင်သဖြင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ၎င်းတို့အုပ်စုအား ပြန်လည်ချပြခြင်းဖြစ်ကြောင်း ဆိုသည်။
ဖိုးချမ်း ကျူးလွန်ခဲ့သော ပြစ်မှုများမှာ ကလေးမြို့နှင့် ကျေးရွာများ၌ ဆိုင်ကယ် အစီးပေါင်း ၁၀၀ ကျော် ခိုးယူရာတွင် ဂိုဏ်ခေါင်းဆောင်ပြု လုပ် ခဲ့ပြီး ကလေးမြို့ မြောက်ပိုင်း အိတ်စွပ်ရွာမှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ရွှေဘုံသာဘုရားကြီးလမ်းတွင် လူမိုက်ကျော်ကြီးအဖွဲ့အား အနုကြမ်းစီးရန် ဦးဆောင်စေခိုင်းခဲ့ပြီး ရွှေဆိုင်တစ်ဆိုင်အား အနုကြမ်းစီးခဲ့ကြောင်း သိရသည်။
ဖိုးချမ်းသည် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး PDF များကို “လည်ချောင်းသွေးဖောက်သောက်မည်”ဟု ကြိမ်းဝါးထားသူဖြစ်ကြောင်း ဆိုသည်။
ပျူစောထီးလက်မှတ်ယူထားပြီး ဆိုင်ကယ်ခိုး၍ရဲဖမ်းမိလျှင် ၎င်း၏နာမည်ပြောပါက ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ၎င်း၏တပည့် ခိုးဆိုးလုနှိုက်များကိုမှာထားကြောင်းလည်း သိရသည်။
မြို့ပြစီမံချက် UG အဖွဲ့အနေဖြင့် ပြည်သူများကို ဒုက္ခပေးနေသူများကို စောင့်ကြည့်စုံစမ်းနေပြီး ရှင်းလင်း သုတ်သင်ရန် ဆက်လက်ကြိုးစားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima