ခင်ဦးတွင် တိုက်ပွဲအတွင်းကျန်ခဲ့သော လက် နက် ကြီးကျည် ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာတွင် ၉၇ ကျည်ဖူးတစ်လုံးအား ကလေးငယ်တစ်ဦး ကအိမ်သို့သယ်ယူလာရာမှ လွတ်ကျပေါက်ကွဲပြီး သေဆုံးမှုဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးကလေးငယ်မှာ အသက် ၁၂ နှစ်အရွယ် မောင်ချစ်ရင်ထူး(အဘဦးစိုး)ဆိုသူဖြစ်ပြီး မတ်လ ၅ ရက် နေ့ မွန်းလွဲ ၂ နာရီ၀န်းကျင်ခန့်က နွားကျောင်းရာမှအိမ်သို့အပြန်လမ်းတွင် ၎င်းကျည်ဖူးအားတွေ့ရှိသဖြင့် အိမ်သို့ သယ်ယူခဲ့ကြောင်း၊ အိမ်အနီး အုတ်ရေကန်ပေါ်တင်ဆောင်စဉ် မတော်တဆ လွတ်ကျပေါက်ကွဲရာ မှ နေရာမှာတင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တောထဲနွားကျောင်းရာကအပြန် ရွာဖျားကအုတ်ရေကန်ပေါ်မှာ အဲဒါကြီးတင်ထားတုန်း မတော်တဆ ပြုတ်ကျပြီး ထပေါက်တာတဲ့။ ကလေးကတော့နေရာမှာတင်သေတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ခင်ဦးကို စကစတွေ စစ်ကြောင်းထိုးတုန်းက အဲလိုဗုံးသီးတွေ ကျန်နေခဲ့တာတွေရှိတယ်”ဟု ဒေသခံတစ်ဦးကပြော သည်။
စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးစဉ်က ကျန်ခဲ့သည့်ကျည်ဖူးဖြစ်ကြောင်း ဒေသခံများကဆိုသော် လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ယမန်နှစ်ကလည်း ငါးတင်းကြီးကျေးရွာနေ အမျိုးသမီးတစ်ဦး မပေါက် ကွဲသေးသော ၆၀ မမ ဗုံးသီးတစ်လုံးအား အိမ်သို့သယ်ယူလာစဉ် မတော်တဆလွတ်ကျပေါက်ကွဲပြီး သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သေးသည်။ mizzima