စစ်ကိုင်းတိုင်း၌ တလအတွင်း စစ်တပ်သတ် ဖြတ်မှုကြောင့် ပြည်သူ ၃၈ ယောက် သေဆုံး

စစ်ကိုင်းတိုင်း ၁၄ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာအပြီး တလဝန်းကျင်အတွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် မီး လောင်သေဆုံးတဲ့ ပြည်သူ ၈ ယောက်၊ ကျည်ထိမှန် ပစ်ခတ်ရိုက်နှက်သတ်ဖြတ်ခံရသူ အယောက် ၃၀၊ စုစုပေါင်း ပြည်သူ ၃၈ ယောက် သေဆုံးခဲ့ပါတယ်။

ဒီသတ်ဖြတ်ခံရတဲ့ ပြည်သူစာရင်းဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေနဲ့ ဒေသခံ PDF တွေ အတည်ပြုနိုင်တဲ့ စာရင်းသာဖြစ်ပြီး လက်တွေ့မြေပြင်မှာ ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေ ရှိနေနိုင်ပါသေးတယ်။

မတ် ၄ ရက်က စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးခဲ့တဲ့ ယင်းမာပင်နယ် မြောက်နုံးရွာမှာ ရုပ်အလောင်း ၂ ခု တွေ့ခဲ့ပြီး တယောက်ကိုပဲ ဒေသခံအဖြစ် အတည်ပြုနိုင်ကာ ကျန်တယောက်ကတော့ မီးလောင်ပြီး ရုပ်မပေါ်တော့တဲ့အတွက် ဘယ်သူဆိုတာ အတည်မပြုနိုင်သေးပါဘူး။

ယင်းမာပင်၊ မြောက်နုံးဒေသခံ PDF တဦးက “ဘုန်းကြီးကျောင်းတို့၊ လမ်းဆုံတို့၊ စာသင်ကျောင်းတို့ဆိုတဲ့ အနေအထားတွေမှာဆိုရင် ပြည်သူတွေကို ရက်ရက်စက်စက် သတ်ပြီးတော့ ချပြထားခဲ့တာတွေရှိတယ်။ လောလောဆယ် ကျနော်တို့ပြည်သူ ၂ ယောက် ပျောက်နေတယ်။ ခုထိတော့ ရှာလို့မရသေးဘူး၊ မတွေ့သေးဘူး။ လက်ရှိအနေအထားမှာတော့ ၁ လောင်းပဲ တွေ့သေးတယ်။ ကျနော်တို့ မြောက်နုံးကျေးရွာမှာရှိတဲ့ အရပ်သားပြည်သူ အမျိုးသားတယောက် အသတ်ခံရတယ်။ ဦးနှောက်ကို နောက်စေ့ကိုရိုက်ပြီး သတ်တယ်။ နောက်တယောက်ကတော့ ပြည်သူဖြစ်ဖို့များတယ်။ ဘုန်းကြီးကျောင်းနား အများသူငါ မြင်နိုင်တဲ့ နေရာမျိုးမှာ ကားထဲမှာ မီးရှို့သတ်ထားခဲ့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖေဖော်ဝါရီ ၁၂ ရက်မှာ ရွှေဘိုနယ်၊ တင့်တယ်ကျေးရွာက ဒေသခံ ၄ ယောက်၊ ဖေဖော်ဝါရီ ၁၃ ရက်မှာ ခင်ဦးနယ်၊ လက်ပံလှကျေးရွာက သက်ကြီးရွယ်အို သီလရှင်တပါး၊ ဖေဖော်ဝါရီ ၁၇ ရက်က ကန့်ဘလူနယ်၊ အင်းလယ်ကြီးကျေးရွာအနီးမှာ ပြည်သူ ၂ ယောက်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ ဝက်လက်နယ်၊ ဘိုတဲကျေးရွာက ဒေသခံ သက်ကြီးအမျိုးသမီး ၁ ယောက် စုစုပေါင်း ပြည်သူ ၈ ယောက် မီးလောင်ကျွမ်းပြီး သေဆုံးခဲ့တာပါ။

စစ်ကိုင်းမှာ ဖြစ်ပွားနေတဲ့ သတ်ဖြတ်မှုတွေကြောင့် စစ်ကိုင်းတော်လှန်ရေးဟာ စိုးရိမ်စရာ အခြေအနေကို ရောက်နေပြီး အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ဆီက လက်နက်တွေ လုံလုံလောက်လောက် မရတာ၊ ဒေသတွင်း အဖွဲ့အချင်းချင်း ညီညွတ်မှုအားနည်းတာတွေဟာ အဓိကအခက်အခဲတွေ ဖြစ်နေတယ်လို့ စစ်ရေးလေ့လာသူတယောက်က သုံးသပ်ပါတယ်။

“စစ်ကောင်စီရဲ့အင်အားတွေ တဖြည်းဖြည်း လျော့ပါးလာချိန်မှာ စစ်ကိုင်းတိုင်းရဲ့ စစ်ရေးအင်အားကတော့ တိုးပွားများပြားနေတာ ဖြစ်ပါတယ်။ အခု စစ်ကိုင်းတိုင်းမှာရှိနေတဲ့ ပြည်သူ ၈၀ ရာခိုင်နှုန်းက စစ်ကောင်စီအမြစ်ပြုတ်ရေး ဆိုတာကို ဆုံးဖြတ်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ လူအင်အားက တပ်မဟာ ၂ ခု ၃ ခုစာ ရှိပါတယ်။ အဲ့ဒါကို ကျနော်တို့က လက်နက်အင်အား ဖြည့်ဆည်းပေးဖို့ပါပဲ။ အဲ့ဒီက ဗိုလ်နဂါးပြောသွားတာ ဧပြီလအလွန် မေလလောက်မှာ စစ်ကိုင်းတိုင်းရဲ့ အထွေထွေအုံကြွ တန်ပြန်ထိုးစစ်ဆင်မှုကြီးကို မြင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒီအတွက် NUG ရော ပြည်ပက အင်အားစုတွေ အသီးသီးရော ဝိုင်းပြီးတော့ ပံ့ပိုးပေးကြဖို့ ကျနော်ကတော့ မေတ္တာရပ်ခံပါတယ်။”

စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်က ကောလင်းနယ်၊ ညောင်ပင်သာရွာသား ၁ ယောက်၊ ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကိုင်းမြို့နယ်၊ တံတားဦးကျေးရွာက အသက် ၆ နှစ်အရွယ် ကလေးငယ်တယောက်၊ ဖေဖော်ဝါရီ ၄ ရက်က ဟုမ္မလင်းနယ်၊ ရွှေပြည်အေးမြို့က ကထိကပြည်သူတယောက်၊ ဖေဖော်ဝါရီ ၅ ရက်က စစ်ကိုင်းမြို့နယ်၊ ယင်းမကျင်းကျေးရွာက ပြည်သူ ၁ ယောက်၊ ဖေဖော်ဝါရီ ၆ ရက်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာက သရက်ခြံလုပ်သား ၁ ယောက်၊ ဖေဖော်ဝါရီ ၈ ရက်က ရေဦးနယ်၊ မုန်တိုင်ပင်-ဇီးကန်ကျေးရွာ ဒေသခံ ပြည်သူ ၂ ယောက်၊ ဖေဖော်ဝါရီ ၉ ရက်က ကလေးမြို့ပေါ်၊ နယ်လှည့်စာရင်းစစ်ရုံးအနီး နေထိုင်တဲ့ ပြည်သူ ၁ ယောက်၊ ဖေဖော်ဝါရီ ၂၂ ရက်မှာ ယင်းမာပင်နယ်၊ အထက်ငါးနန်းကျေးရွာ ဒေသခံအမျိုးသမီး ၁ ယောက်၊ မတ် ၁ ရက်က ယင်းမာပင်နယ်၊ ကုန်းရွာက ပြည်သူ ၄ ယောက်၊ မတ် ၂ ရက်က မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာအနီးမှာ သတ်ဖြတ်ခံထားရတဲ့ တာတိုင်ရွာသား ပြည်သူရုပ်အလောင်း ၁၆ လောင်း၊ မတ် ၄ ရက်က ယင်းမာပင်နယ် မြောက်နုံးရွာသား ၁ ‌ယောက်၊ စုစုပေါင်း ပြည်သူ အယောက် ၃၀ ကျည်ထိမှန် ပစ်ခတ် ရိုက်နှက်သတ်ဖြတ်ခံခဲ့ရပါတယ်။

ယင်းမာပင် ဗိုလ်သူရိန်အဖွဲ့ အမျိုးသမီးခေါင်းဆောင်တဦးက “သိက္ခာရှိရှိ တိုက်စေချင်တာ၊ ကျမတို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သူတို့က သတ် မှတ်ထားတယ်ပေါ့။ ကျမတို့ကလည်း သူတို့ကို အကြမ်းဖက်အနေနဲ့ သတ်မှတ်ထားတာပဲ။ ဒါပေမဲ့ သူတို့ကလည်း လက်နက်ကိုင် ကျမတို့ကလည်း လက်နက်ကိုင် တိုက်ပွဲအတွင်းမှာ ပစ်တာခတ်တာ ထိခိုက်တာ သေတာနာတာတွေတော့ ရှိမယ်။ ဒါပေမဲ့ စစ်သုံ့ပန်းဆိုရင်လည်း သိက္ခာ ရှိရှိရင်ဆိုင်ဖို့ သိက္ခာရှိရှိထားဖို့။ သူတို့က သာလွန်လက်နက်တွေလည်း သုံးသေးတယ်။ တကယ်တမ်းတော့ အသိဉာဏ်ရှိရှိနဲ့ လူဆိုရင် လူလိုပဲ ပြုမူဆောင်ရွက်ပြီး PDF တွေကို ရင်ဆိုင်၊ တိုက်ခိုက်၊ PDF တွေကို ညှဉ်းဆဲနှိပ်စက်တာ ဘာညာ ဒါကတော့ စစ်ပွဲအတွင်းမှာ သူတို့လုပ်ချင်လည်း လုပ်ပေါ့။ ဒါပေမဲ့ ပြည်သူတွေကိုတော့ အဲ့ဒီလိုမလုပ်သင့်ဘူး။” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်က မြင်းမူမြို့နယ်၊ ညောင်ပင်ကန်ရွာက PDF တပ်ဖွဲ့ဝင် ၂ ယောက်၊ ဖေဖော်ဝါရီ ၂၇ ရက်က မြင်းမူမြို့နယ်၊ ကန်တော်ကျေး ရွာအနီးမှာ ဆားတောင်မိုးကြိုး LPDF တပ်ဖွဲ့ဝင် ၂ ယောက်၊ မတ် ၁ ရက်က မြင်းမူမြို့နယ်ထဲမှာ အသတ်ခံရတဲ့ တာတိုင်ကျေးရွာ PDF ခေါင်း ဆောင်တယောက်၊ ဖေဖော်ဝါရီလကုန်ပိုင်းက ယင်းမာပင်မြို့နယ်၊ လက်ပံတော-အုန်းတောအရပ်က ကင်းစောင့်နေတဲ့ PDF တယောက် စုစု ပေါင်း PDF ၆ ယောက်ကို ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေက ခေါင်းဖြတ်သတ်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူ ၃၈ ယောက်၊ PDF ၆ ယောက် စုစုပေါင်း ၄၄ ယောက်အထိ တလအတွင်းမှာ သေဆုံးခဲ့ပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s