ထိုးစစ်ဆင်ခံနေရသည့် ခင်ဦးတွင် ကလေးနှစ်ဦး ကျည်ထိသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အာဏာသိမ်းတပ်က ပစ်ခတ်သဖြင့် စစ်ဘေးရှောင် ကလေးတစ်ဦး ယနေ့ (မတ် ၆) တွင် သေဆုံးသွားကြောင်း သိရသည်။

မုံလှကျေးရွာမှ ရွာအရှေ့ဘက်တွင်ရှိသည့် တောင်ယာတောတိုက်များအတွင်းသို့ စစ်ဘေးရှောင်နေသည့် လူအုပ် ပစ်ခတ်ခံရစဉ် ၈ နှစ်အရွယ် မဆုရတနာမြင့်၏ ဦးခေါင်းကို ကျည်ထိသွားခြင်း ဖြစ်သည်၊ အရပ်သား လူအုပ်ကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုရွာမှ ဒေသခံတို့က ဆိုသည်။

“ကလေးက မိသားစုနဲ့ အခြားရွာသားတွေနဲ့အတူတူ တောတိုက်ထဲမှာ ပြေးလွှားနေတုန်းမှာ xx ကြောင်းက ရွာဆီ ဦးမတည်ဘဲ၊ စစ်ရှောင်နေတဲ့ လူအုပ်ဆီ ပစ်ခတ်တိုက်ခိုက်ခဲ့တာ” ဟု မုံလှကျေးရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုစည်က ဆိုသည်။

“ပြည်သူတွေကြားထဲကို လက်နက်စုံပစ်တာ။ လူအုပ်လိုက်ကြီး ပြေးလွှားနေကြတာ။ ရွာသားတွေမှ အများကြီးပဲ၊ အဲ့ဒီထဲကို ပစ်တာ”

ထိုဖြစ်ရပ်မတိုင်မီ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းထောက်တပ်ဖွဲ့ကို မုံလှကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ရာမှ မိနစ်အနည်းငယ် ကြာမြင့်သော၊ နှစ်ဖက်အထိအခိုက်မရှိသော တိုက်ပွဲတစ်ခု ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

ထိုစစ်ကြောင်းသည် ယမန်နေ့ (မတ် ၅) မှ စတင်ပြီး ရေဦးမြို့ဘက်မှတစ်ဆင့် ရေဦး၊ ခင်ဦး၊ ကန့်ဘလူမြို့နယ် ၃ ခုအစပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည်၊ အင်အား ၁၀၀ ခန့် ရှိသည်ဟု သိရသည်။

ယနေ့တွင် ကန့်ဘလူမြို့နယ် ကျည်စုကျေးရွာမှ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများဆီ ဦးတည်လာစဉ် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ရာမှ ထိုကလေးငယ် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ကန့်ဘလူမြို့နယ်တို့မှ ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူတို့မှာ ဘေးလွတ်မည် ယူဆရသည့် တောတိုက်များအတွင်းသို့ ထွက်ပြေးပုန်းရှောင်နေကြရကြောင်း၊ အာဏာသိမ်းတပ်၏ စစ်ကြောင်းက ကလုံကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

မဆုရတနာမြင့် ပစ်ခတ်ခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

၁၂ သား သေဆုံးမှု

ယမန်နေ့ (မတ် ၅) တွင်လည်း ခင်ဦးမြို့နယ်အတွင်း ဗုံးသီးတစ်လုံး ပေါက်ကွဲသဖြင့် ၁၂ နှစ်အရွယ် နွားကျောင်းသား သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ခင်ဦးအရှေ့ခြမ်း အလယ်လျှိုကျေးရွာမှ မောင်ချစ်ရင်ထူး ခေါ် စာပုတီး ဖြစ်သည်၊ ပေါက်ကွဲပျက်စီးသွားသည့် အပိုင်းအစများကို စစ်ဆေးကြည့်ရာ ၄၀ မမ ဗုံးသီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“xx ကြောင်း ဝင်လာတုန်းက တိုက်ပွဲဖြစ်ခဲ့တုန်းက မပေါက်ကွဲတဲ့ ဗုံးသီးကို ကလေးက ရွာထဲကနေ တွေ့ပြီး ကောက်လာတာ၊ အဲ့ဒါကို ဆော့မိတယ် ထင်တယ်၊ ပေါက်ကွဲပြီးတော့ နေရာမှာပဲ ဆုံးသွားခဲ့တာ” ဟု သူက ဆိုသည်။

“ဗုံးသီးက ပစ်ထားပြီးသားကို မကွဲဘဲ ကျန်နေခဲ့တာ။ ကလေးလေးက နွားကျောင်းရင်း တွေ့လာပြီး ရေကန်နားမှာ ထုတာရိုက်တာ လုပ်ပုံရတယ်။ ဗုံးသီးကို ကိုင်ထားခဲ့တဲ့ လက်က တော်တော်ပျက်စီးတာ တွေ့ရတယ်” ဟု အလယ်လျှိုရွာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ခင်ဦးမြို့နယ် ငါးတင်ကြီးကျေးရွာတွင်လည်း ၂၀၂၂ နှစ်လယ်ပိုင်းတွင် စစ်ကောင်စီတပ် ကျန်ခဲ့သည့် ၆၀ မမ ဗုံးသီးတစ်လုံးကို ကောက်ယူခဲ့သည့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သေးသည်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားရာ နေရာများတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဆန်များကို အရပ်သားတို့က ကောက်ယူကိုင်တွယ်ရာမှ အန္တရာယ်ဖြစ်ကြရသလို၊ နင်းမိုင်းများကြောင့် သေဆုံး ဒဏ်ရာရနေသည်။

မိုင်းကို အာဏာသိမ်းတပ်က သုံးသလို တော်လှန်ရေးအဖွဲ့များကလည်း ဗျူဟာမြောက်လက်နက်အဖြစ် သုံးနေကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက တိုက်ပွဲဒေသ အရပ်သားများကို မိုင်းများ၊ လက်နက်ကြီးကျည်များ တွေ့ရှိလျှင် ကိုင်တွယ်ခြင်းမပြုရန် အပါအဝင် သတိထားရှောင်ကြဉ်ကြရမည့် အချက်အလက်များနှင့် ပတ်သက်ပြီး သတိပေးဟောပြောနေသည်ဟု သိရသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s