ယင်းမာပင် အမိမြေတော်လှန်ရေး တပ်စခန်း စီးနင်းမီးရှို့ခံရ၊ ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၇) ၊ တပ်ခွဲ(၁)၊ အမိမြေတော်လှန်ရေး တပ်ဖွဲ့စခန်းကို စစ်ကောင်စီစစ်ကြောင်းက မတ်လ ၄ ရက်နေ့ ညနေပိုင်းက ဝင်ရောက်စီးနင်းပြီး စခန်းကို မီးရှို့သွားခဲ့ကြောင်း အမိမြေတော်လှန်ရေး တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။
ယင်းမာပင်မြို့ပေါ်မှ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းက မတ်လ ၃ ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့သည်။
မတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် စခန်းအား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့ တပ်ရေးအရာရှိ ကိုမင်းကိုက ပြောသည်။
“ကျွန်တော်တို့ဘက်ကနေ ဝင်စီးခံရနိုင်တယ်ဆိုပြီးတော့ ရဲဘော်တွေကို ပစ္စည်းတွေရွှေ့ပြီးတော့ ဆုတ်ခွာမိုင်းတွေ ထားခဲ့တယ်။ ပြီးတော့ စခန်းကနေ ဆုတ်ခွာခဲ့တယ်။ အဲ့ဒီအချိန်မှာ သူတို့က သေချာပြင်ဆင်ပြီး ညနေခင်း လေးနာရီလောက်မှာ စခန်းကို ဝင်စီးပြီး မီးရှို့တယ်။ အဲ့ဒီလိုမီးရှို့နေတဲ့ အချိန်မှာပဲ ဆုတ်ခွာမိုင်းတွေထကွဲတယ်။ အဲ့ဒီတော့ မီးရှို့ပြီးပြီးချင်းပဲ သူတို့အနောက်ကို ပြန်ဆုတ်ပြီး ဝါးစိမ်းတောင်ပေါ်တက်သွားတယ်”ဟု ကိုမင်းကိုက ဆိုသည်။
အဆိုပါ စခန်း စီးနင်းခံရမှုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် လက်နက် ခဲယမ်းများ ထိခိုက်ဆုံးရှုံးမှုမရှိသော်လည်း စခန်းအသုံးအဆောင် ပစ္စည်းများနှင့် စားနပ်ရိက္ခာများ မီးရှို့ဖျက်ဆီးခံလိုက်ရသည်။
မီးရှို့ဖျက်ဆီးခံလိုက်ရသော စခန်းအသုံးအဆောင် ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ပြန်လည်ဖြည့်တင်းရန် အကူအညီများ လိုအပ်နေကြောင်း အမိမြေတော်လှန်ရေး တပ်ဖွဲ့က ဆက်ပြောသည်။
“လက်ရှိအခက်အခဲကတော့ ကျွန်တော်တို့တပ်ဖွဲ့က ဗျူဟာမြောက်တပ်စိတ် ပုံစံမျိုးပေါ့၊ လက်နက်ကြီးတွေတပ်ဆင်ဖို့ကြိုးစားနေတယ်။ အဲ့ဒီအချိန်မှာ ငွေကြေးလိုအပ်နေတဲ့အချိန်မှာ စခန်းစီးနင်းခံရတယ်ဆိုတော့ နည်းနည်း အခြေယိုင်သလိုတော့ ဖြစ်သွားတာပေါ့” ဟု တပ်ရေးအရာ ရှိ ကိုမင်းကိုက ဆိုသည်။
အမိမြေတော်လှန်ရေးတပ်ဖွဲ့ထံသို့ ငွေကြေးလှူဒါန်းလိုသူများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့၏ Facebook Page Messenger (https://www.facebook.com/112927243391158/posts/pfbid02DTeMrHcTABtWfqqokCjpVq7Tu1LWm3cTDHCDJx3mS2ZxxHs742sgKZP943h6C1jzl/?mibextid=Nif5oz) မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်သကဲ့သို့ Telegram တွင်လည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင်လည်း ယင်းမာပင်မြို့နယ်၊ မြောက်နုံးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက မီးတင်ရှို့မှုများ ရှိခဲ့သည်။
ယင်းမီးရှို့ဖျက်ဆီးခဲ့မှုကြောင့် လူနေအိမ် ၁၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး သပြေအေးရွာတွင်လည်း အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။ mizzima