အွန်လိုင်းတွင် ပြုလုပ်နေသော KNU ညီလာခံ ရပ်နားထား

အွန်လိုင်းတွင် ပြုလုပ်ခဲ့သော၊ ကိုယ်စားလှယ် စုံလင်စွာ တက်ရောက်နိုင်ခြင်း မရှိသော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ညီလာခံကို ဆက်လက်ကျင်းပခြင်း မရှိတော့ကြောင်း KNU ၏ ခရိုင်အဆင့် ခေါင်းဆောင်တစ်ဦးက ပြောသည်။

“ရပ်နားထားဆဲ ဖြစ်ပါတယ်။ Congress (ညီလာခံ) က ရပ်တန့်ထားတာပါ” ဟု ညီလာခံနှင့် ပတ်သက်ပြီး ပြောခွင့်ရသူ မဟုတ်သဖြင့် အမည်မဖော်လိုသည့် ထိုခေါင်းဆောင်က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ မှ စတင်ကျင်းပခဲ့သော ထိုတွေ့ဆုံဆွေးနွေးမှုတွင် စစ်ရေးအရ အရေးပါသည့် ဖာပွန်ခရိုင် (တပ်မဟာ ၅) မှ ကိုယ်စားလှယ်များ မတက်ရောက်ခဲ့သလို အင်တာနက်အခက်အခဲကြောင့် အခြားတပ်မဟာ (ခရိုင်) ၂ ခုမှ ကိုယ်စားလှယ်များလည်း မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

မတ် ၂ ရက်နေ့က ဒေသအခြေစိုက် KIC သတင်းဌာန သတင်းတစ်ပုဒ်တွင်မူ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး – ၁ ပဒိုစောဆဲပွယ်က ညီလာခံကျင်းပနေခြင်းမဟုတ်ဘဲ ညီလာခံအတွက် ပြုလုပ်သည့်အစည်းအဝေးကို အွန်လိုင်းမှ ပြုလုပ်နေခြင်းသာဖြစ်သည်ဟု ပြောဆိုကြောင်း ဖော်ပြထားသည်။

ထိုဆွေးနွေးပွဲတွင် တပ်မဟာတချို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်သည့် အနေအထားမရှိကြောင်း KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ Voting ခေါ် မဲခွဲဆုံးဖြတ်မှုအတွက် အင်တာနက်အသုံးပြုနိုင်မှု မဖြစ်မနေ လိုအပ်သည်ဟု သူက ထောက်ပြသည်။

“တပ်မဟာ ၅ က မတက်ဘူး။ Voting ပေးရင် တပ်မဟာအားလုံးစုံမှ အဆင်ပြေမယ်ပေါ့နော်။ ပြီးတော့ တခြားတပ်မဟာ ၂ ခု လည်း အင်တာနက်လိုင်း ဝင်လို့မရတော့ Online Voting အတွက်ကို တက်လို့ မရဘူး” ဟု သူက ပြောသည်။

ထို့ကြောင့် ဆွေးနွေးမှုများ ရပ်တန့်ထားကြောင်း၊ အဆင့် ၃ ဆင့်ဖြင့် ညီလာခံပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်အဖြစ် အွန်လိုင်းမှတစ်ဆင့် ခေါင်းဆောင်ပိုင်း ရွေးချယ်မည်ဖြစ်ကြောင်း သူက ဆိုသည်။

ညီလာခံပြုလုပ်ရေးနှင့် ပတ်သက်ပြီး KNU ဗဟိုသတင်းပြန်ကြားရေးနှင့် ပြောရေးဆိုခွင့်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးသလို အခြေအနေအသေးစိတ်ကိုလည်း မသိရပေ။

သို့ရာတွင် ထိုညီလာခံကို တက်ရောက်ခြင်း မရှိကြောင်း ဖာပွန်ခရိုင် ထိပ်ပိုင်းခေါင်းဆောင်က အတည်ပြုသလို ခရိုင်ခေါင်းဆောင်တစ်ဦးကလည်း ညီလာခံပြုလုပ်နေကြောင်း ဖေဖော်ဝါရီ ၂၈ တွင် Myanmar Now ကို ပြောထားသည်။

ယခင်က ပြုလုပ်သည့် KNU ညီလာခံများကို အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ခရိုင် (တပ်မဟာ) အလိုက် စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ပြီး တစ်လနီးပါးခန့် ပြုလုပ်လေ့ရှိပြီး နှစ်နှစ်ကျော်ကြာ ရွှေ့ဆိုင်းထားရပြီးနောက် ယခု အွန်လိုင်းတွင် ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

၁၇ ကြိမ်မြောက်ညီလာခံ ကျင်းပရမည့် ၂၀၂၀ တွင် ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားခြင်း၊ ၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် KNU နယ်မြေတွင် လာရောက်ခိုလှုံသူ များပြားသလို တိုက်ပွဲများ ပိုမိုများပြားလာခြင်း စသည့် အခြေအနေများကြောင့် ညီလာခံကို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

KNU ၏ ညီလာခံသည် သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စသည်ဖြင့် အဆင့်ဆင့် ရွေးကောက် တင်မြှောက်သည့် ကိုယ်စားလှယ်များက ၄ နှစ်လျှင် တစ်ကြိမ် ညီလာခံ ကျင်းပကာ ခေါင်းဆောင်များ ရွေးချယ်ကြသည်။

လက်ရှိ KNU ဗဟို ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော ၁၆ ကြိမ်မြောက် ညီလာခံက ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်ပြီး ၄ နှစ်တစ်ကြိမ် ပြုလုပ်သော KNU ညီလာခံများသည် ခေါင်းဆောင်ပိုင်းအပြောင်းအလဲအတွက် အရေးပါသည်။

ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးတို့က ထိုတာဝန်များ ဆက် လက် ထမ်းဆောင်နေသည်။

တရားမဝင်လောင်းကစားလုပ်ငန်းများ ပါဝင်သည့် မြို့သစ်စီမံကိန်းများ တည်ဆောက်ရေးတွင် ပါဝင် ပတ်သက်နေသည့် KNU ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ နုတ်ထွက်ပေးရန် ကရင့်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၆၀ ကျော်က မကြာသေးမီက တောင်းဆိုထားသည်။

ကရင်ပြည်နယ်အတွင်း တရားမဝင်လောင်းကစား အပါအဝင် ရာဇဝတ်မှုမကင်းသည့် လုပ်ငန်းများကို လက်မခံကြောင်း၊ ခွင့်ပြုထားခြင်းလည်း မရှိကြောင်း KNU က ဖေဖော်ဝါရီ ၂၆ တွင် ကြေညာချက် ထုတ်ပြီး တုံ့ပြန်ထားသည်။

၂၀၁၅ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သော KNU သည် စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ပြီး လက်နက်ကိုင်ခုခံလိုသူများကို စစ်သင်တန်းပေးသလို ထွက်ပြေးလာသူများကို ခိုလှုံခွင့်ပေးခဲ့ရာ KNU ၏ တပ်မဟာ ၇ ခုလုံးတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

လက်ရှိ KNU နယ်မြေများတွင် လက်အောက်ခံ ကရင်လက်နက်ကိုင်တပ်များသာမက KNU က လေ့ကျင့်ပေးထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များလည်း ပူးပေါင်းတိုက်ပွဲဝင်နေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s