Monthly Archives: Mar 2023

ထမင်းစားပြီး ပန်းကန်ဆေးနေသည့် စစ်ကောင်စီတပ်သားများ ဗုံးပစ် တိုက်ခိုက်ခံရ၊ ၂ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက် ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် မြင်းမူမြို့ အထက (၁) စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သား ငါးဦးသည် ထမင်းစားပြီး ပန်းကန်ဆေးရန် ထွက်လာစဉ် လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၎င်းတို့နေရာနား တည့်တည့်တွင် ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း ဆိုသည်။

“အဲဒီကျောင်းမှာရှိတဲ့ စစ်ခွေး(စကစတပ်) တွေ အကုန်လုံးထမင်းစားနေချိန်မှာ ငါးယောက်က ထမင်းပန်ကန်တွေနဲ့ ကိုယ်စီထွက်လာတယ်။ ထွက်လာပြီးတော့ ပန်ကန်ဆေးတဲ့အချိန်မှာ ခုနစ်တန်း ကျောင်းဆောင်နားမှာ ကျတော်တို့က အုတ်တံတိုင်းရဲ့ ဘေးကနေ ပစ်လိုက်တဲ့အချိန်မှာ သူတို့နားကပ်ကျတာ၊ ကျတော်တို့လိုက်လံစုံစမ်းသတင်းအရတော့ နှစ်ယောက်သေတယ်။ သုံးယောက်ပြင်းထန်ဒဏ်ရာ ရပါတယ်။” ဟု True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွန်ရဲက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း True Fighter မြို့ပြပြောက်ကျား တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွန်ရဲ ပြောဆိုချက်နှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရသေးပေ။

အဆိုပါ လက်ပစ်ဗုံး ပေါက်ကွဲပြီးနောက် ကျန်စစ်ကောင်စီတပ်သားများက သေနတ်ကို မိုးပေါ်ထောင်ဖောက်ခြင်းနှင့် အနီးအနား ပတ်ဝန်းကျင်ကို ဦးတည်ရာမဲ့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပေါက်ကွဲမှုဖြစ်သော အထက(၁)ကျောင်းဝန်းအတွင်းသို့ နောက်ထပ် စစ်ကောင်စီတပ်သား တချို့ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို လိုက်လံရှာ ဖွေခြင်းနှင့် မြို့ပေါ်တွင် ကားနှင့် ဆိုင်ကယ်များကိုလည်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်သွားကြောင်းလည်း မြို့ခံများထံမှ သိရသည်။

စစ်တပ်က အာဏသိမ်းပြီးနောက်ပိုင်း မြင်းမူမြို့ ၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းထဲတွင် စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်ခန့် တပ်စွဲနေရာ ယူထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လက်ပစ်ဗုံးဖြင့် စစ်ကောင်စီတပ်သားများကို ပစ်သွင်းတိုက်ခိုက်ခဲ့ပြီးနောက် True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်စွန်ရဲက ဆိုသည်။

True Fighter မြို့ပြပြောက်ကျား တပ်အဖွဲ့အတွက် အဓိက လိုအပ်နေသော လက်နက်ခဲ ယမ်းဖြည့်တင်းရန် ရောင်းချနေသော ပုလဲလက်စွပ် ကံစမ်းမဲ‌ အစီအစဉ်တွင် ပူးပေါင်းပါဝင်ကြရန်လည်း ယင်းအဖွဲ့က မေတ္တာရပ်ခံထားသည်။ mizzima

ရေစကြိုမြို့ပေါ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးနိုင်

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် ကျေးရွာများကို စစ်ကြောင်းပြန်လာသောအကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးနိုင်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီခန့် အင်အား ၆၀ ခန့်ဖြင့် ကျေးရွာများကို လှည့်လည် စစ်ကြောင်း ထိုးပြီး ပြန်လာသော အကြမ်းဖက်စစ်သားများကို တပ်စွဲထားရာ ကပ်ကျော်ဘုန်းကြီးကျောင်းပေါက်ဝ အရောက် ရေစကြိုမြို့နယ် ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

“မိုင်းဆွဲတဲ့ရဲဘော်တွေပြောတာတော့ ရှေ့က ၄ ကောင်ကတော့ လွင့်စင်သွားတယ်။ နောက်က‌ နှစ် ယောက်ကတော့ ပုံလဲကျသွားတာ၊ သေနိုင် ပေမယ့် သေ၊ မသေ က သွားကြည့်လို့ မရလို့သာ အတည်ပြု မရတာ၊ အများအပြားဒဏ် ရာရတာကတော့ အတည်ပြုလို့ရပါတယ်” ဟု ရေစကြိုမြို့နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရေစကြိုမြို့၊ အမှတ် ၇ ရပ်ကွက်၊ ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်း၌ အကြမ်း ဖက်စစ်သား အင်အား ၇၀ ခန့်ဖြင့် တပ်စွဲပြီး ကျေးရွာများကို လှည့်လည် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက် ခဲ့သော ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

လောင်းလုံးတွင် စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ဒေသခံ ၁,၀၀၀ ကျော် တိမ်းရှောင်နေရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အဖွဲ့ဝင်တွေရဲ့ ဘေးရန်ကြောင့် မတ်လ ၅ ရက်ကစပြီး ဒေသခံ ၁,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေထံကနေ သိရပါတယ်။

တိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ အောက်ကျောက်ဝပ်ကျေးရွာ၊ ကျောက်ဝပ်ပြင်ကျေးရွာ၊ ညောပြင်ကျေးရွာ၊ ကျောက်မတ္တပ်ကျေးရွာနဲ့ ဇလွတ်ကျေးရွာတွေက ဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို စိုးရိမ်လို့ ရှောင်တိမ်းနေကြတာလို့ ဆိုပါတယ်။

အဲ​ဒီကျေးရွာတွေဟာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင် ၂၀ ခန့် စခန်းချနေထိုင်တဲ့ ကပ္ပလီပင်လယ်နဲ့ကပ်လျက် ကျောက်နီမော်ကျေးရွာရဲ့ အနီးတဝိုက်ကရွာတွေ ဖြစ်ကြပြီး ကျောက်နီမော်ကျေးရွာကိုတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ရေလမ်းကနေ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ နီးပါး ထပ်မံရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးကတော့ “အခုလောလောဆယ် အဲ့ရွာတွေမှာက တိုက်ပွဲမရှိဘူး။ ဒါပေမဲ့ စစ်တပ်က ကျောက်နီမော်ကနေ လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ပစ်တာ။ နောက်ပြီး ရွာထဲထပ်လာပြီး မွှေမှာကိုလည်း ရွာခံတွေက စိုးရိမ်ကြတယ်။ ဒါကြောင့် ကြိုပြီးရှောင်နေကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရှောင်တိမ်းနေကြသူတချို့ဟာ တခြားရွာတွေက ဆွေမျိုးတွေရဲ့နေအိမ်မှာ သွားရောက် နေထိုင်ကြတာရှိသလို တချို့ကတော့ ဥယျာဥ်ခြံတွေထဲ ရှောင်တိမ်းနေကြရပြီး ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာမှာ ကိုလည်း စိုးရိမ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်က ဆက်ကြေးကောက်ရာကနေ ပြန်လာတဲ့ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးခဲ့ပြီး ကား ၂ စီးနဲ့ စစ်ကူလိုက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အောက်ကျောက်ဝပ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင် ၅၀ လောက်ဟာ မတ်လ ၄ ရက် မနက်ပိုင်းမှာ အောက်ကျောက်ဝပ်ကျေးရွာကို ရောက်ရှိလာခဲ့ပြီး အမျိုးသား ၅ ဦးကို ဖမ်းဆီးပစ်သတ်ခဲ့တဲ့အပြင် နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် ရွာထဲက နေအိမ် ၅၀ လောက်ကိုလည်း ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိ ပစ္စည်းတွေကို ရှာဖွေယူဆောင်သွားကြတယ်လို့ ရွာခံတဦးက ပြောပါတယ်။

ကျောက်နီမော်ကျေးရွာမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်ကလည်း ညောပြင်ကျေးရွာက ရွာခံတချို့ကို PDF တွေနဲ့ ဆက်နွှယ်မှု ရှိမရှိ ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ပြီး အမျိုးသား ၂ ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။

အဲဒီ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ညောပြင်ကျေးရွာနဲ့ ဇလွတ်ကျေးရွာတွေမှာ ၃ ကြိမ်ထက်မနည်း ဓားပြတိုက်ခဲ့ပြီး ညောပြင်ရွာထဲကို ဝင်ရောက်မွှေနှောက်ချိန်တုန်းကလည်း ဆိုင်ကယ် ၉ စီးနဲ့ ပိုက်ဆံတချို့ ယူသွားကြတယ်လို့ ညောပြင်ရွာခံတဦးက ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ရှောင်တိမ်းနေရဆဲဖြစ်တဲ့ စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ နီးပါးရှိတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့ကနေ သိရပါတယ်။ DVB

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် နိုင်ငံတကာကို ICA ‌တောင်း ဆို

စစ်အာဏာသိမ်းမှု နှစ်နှစ်တာကာလအတွင်း ချင်းလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ထိရောက်သော အရေးယူမှုများ အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း Institute of Chin Affairs (ချင်းရေးရာအဖွဲ့ချုပ်) ICA က တောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူရန် နိုင်ငံတကာကို ချင်းရေးရာအဖွဲ့ချုပ် ICA က မတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆို လိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်မှ ကျူးလွန်သည့် စစ်ရာဇဝတ်များ ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများ ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ထိုက်တန်သော ပြစ်ဒဏ်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ICA က ပြောသည်။

စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလကုန်အထိ နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်က ၎င်းတို့အာဏာတည်မြဲရေးအတွက် ချင်းလူမျိုး ၃၈၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ICA က ဆိုသည်။

အဆိုပါ သတ်ဖြတ်မှုများအနက်၂၀၂၁ ခုနှစ်အတွင်း ၁၆၄ ဦး ၊ ၂၀၂၂ ခုနှစ်အတွင်း ၁၉၅ ဦးနှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိ ၂၄ ဦး စုစုပေါင်း ၃၈၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ICA က ထုတ်ပြန်သည်။

ယင်းအထဲတွင် ဆန္ဒပြ၍ ပစ်သတ်ခံရသူ ၁၃ ဦး၊ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရသူ လေးဦး၊ ခရစ်ယာန် ဓမ္မဆရာတော် လေးဦး၊ ခြောက်လ သား အရွယ် ကလေးငယ်နှင့် မွေးရာပါ မသန်စွမ်းသူ အပါအဝင် အရပ်သားပြည်သူ ၁၂၆ ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၂၃၇ ဦး တို့ ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ် စုစုပေါင်း ၄,၃၀၀ ကျော် ပျက်စီးဆုံးရှုံး ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အကြောင်းအမျိုးမျိုး ၊ ပုဒ်မအမျိုးမျိုးတပ်ကာ အထောက်အထား မခိုင်လုံဘဲ ဖမ်းဆီးထားသူ ချင်းလူမျိုး ၉၀၀ နီးပါးရှိသည်ဟု ချင်းရေးရာ အဖွဲ့ ချုပ်က ဆိုသည်။

ချင်းအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲပေါင်း ၆၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး လေကြောင်းမှ အကြိမ်ရေပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရသည်။

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်ရာ လမ်းကြောင်းများတွင် ဖြတ်လေးဖြတ်ဗျူဟာကို တွင်ကျယ်စွာအသုံးပြုပြီး အရပ်သားပိုင် နေအိမ်များအား ဝင်ရောက်မွှေနှောက်ကာ စားနပ်ရိက္ခာနှင့် ပရိဘောဂ အသုံးအဆောင် ပစ္စည်းများအား ယူဆောင်သည့်အပြင် နေအိမ်အတွင်း အခြေချ တပ်စွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ICA က ထောက်ပြထားသည်။

ထိုသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်း ဝင်ရောက်မှုကြောင့် အိန္ဒိယနိုင်ငံအတွင်း မြန်မာစစ်ဘေးဒုက္ခသည် စုစုပေါင်း ၉၀,၀၀၀ ခန့် တိမ်ရှောင်နေရကြောင်းလည်း ချင်းရေးရာအဖွဲ့ချုပ် ICA က ဖော်ပြသည်။

လူဦးရေ ၅၀၀,၀၀၀ ခန့်ရှိသော ချင်းပြည်နယ်အတွင်း ယခုကဲ့သို့ သတ်ဖြတ်မှုများသည် ရာခိုင်နှုန်းအားဖြင့် အလွန်များပြားလှကြောင်း ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက လူနည်းစုတိုင်းရင်းသား ဒေသများတွင် တွေ့ကြုံခံစားခဲ့ရပြီး လက်ရှိမှာ ချင်းပြည်နယ် အပါအဝင် နိုင်ငံတဝန်းလုံးတွင် ပြင်းထန်ဆိုးဝါးလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ချင်းရေးရာအဖွဲ့ချုပ်က ထောက်ပြပြောဆိုထားသည်။ mizzima

ပေါက်မြို့နယ်၊ ကမ်းပါဖြူရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၂ လုံးနှင့် PDF စခန်း ၁ ခုကို မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကမ်းပါဖြူရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၂ လုံးနှင့် PDF စခန်း ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်မြောင်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ်၊ ကမ်းပါဖြူရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဝင်ရောက် စီးနင်း မီးရှို့ခဲ့သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ် ကြောင်းသည် ပြည်သူပိုင် နေအိမ် ၁၂ လုံးနှင့် PDF တပ်ဖွဲ့ စခန်း ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ပေါက်မြို့နယ် မြောက်ပိုင်း ကမ်းပါးဖြူ ကျေးရွာကို စစ်ခွေးတွေ ဝင်ရောက်စီးနင်းတယ်။ မတ်လ ၆ ရက်နေ့က အင်အား ၈၀ ကျော်နဲ့ ကာ ကွယ်ရေးတပ်ဖွဲ့ စခန်း တစ်ခုလည်း မီးရှို့ဖျက်ဆီးခံရတယ်။ ပြည်သူပိုင် နေအိမ် ၁၂ လုံးကိုလည်း စစ်ခွေးတွေက မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူတွေနဲ့ ကာကွယ်ရေး ရဲဘော်တွေတော့ ထိခိုက်ဒဏ်ရသူကမရှိဘူး” ဟု ပေါက်မြောင်ပိုင်း ကာကွယ်ရေးအဖွဲ့မှ ဗိုလ်လရောင်ကပြောဆိုသည်။

စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် ပေါက်မြောက်ပိုင်းကာကွယ်ရေးအဖွဲ့၏ စခန်း တစ်ခု ပျက်စီးခဲ့ပြီး ငွေကျပ် သိန်း ၄၀ ကျော် တန်ဖိုးရှိ ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။khit thit

ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်တွင် ပတ်စ်ပို့ဖြင့် ဖြတ်သန်းသွားလာခွင့်ပြု

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ကိုဗစ်ကာလကတည်းက ပိတ်ထားတဲ့ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကနေ ထိုင်း၊ မြန်မာနဲ့ တတိယနိုင်ငံသားတွေကို မတ်လ ၇ ရက် ဒီကနေ့ ပတ်စ်ပို့စာအုပ်နဲ့ ဝင်ထွက်သွားလာခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။

ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို အရင် ကိုဗစ်ရောဂါကပ်ဘေး စဖြစ်ချိန်တုန်းက ပိတ်ချလိုက်တာဖြစ်ပြီး ၂ဝ၂၂ ခုနှစ် ဇွန်လမှာ နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့သာ ခွင့်ပြုခဲ့တာကြောင့် ရနောင်းခရိုင်အထိသာ ဝင်ထွက်သွားလာခွင့် ရှိခဲ့တယ်လို့ သိရပါတယ်။

ကော့သောင်းမြို့ခံတဦးက “အရင်ကတော့ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့ပဲဆိုတော့ ရနောင်းခရိုင်ထဲမှာပဲ သွားလို့ရတယ်။ အခုက ဗီဇာနဲ့လူတွေ သွားကြမှာဆိုတော့ ရနောင်းခရိုင်ကိုကျော်ပြီး တခြားနေရာပါ သွားလို့ရသွားတာပေါ့။ ပတ်စ်ပို့လုပ်ဖို့အတွက်တော့ အရင်ထက် ပိုက်ဆံပိုပြီး ပေးရမယ်ထင်တယ်” လို့‌ ပြောပါတယ်။

ထိုင်းရောက် မြန်မာနိုင်ငံသားတဦးကတော့ “စကစ က သူတို့အတွက် အကျိုးအမြတ်ရတာပဲ ကြည့်တယ်။ အခုဖွင့်လိုက်လို့ အကျိုးအမြတ် သိပ်မတွေ့ဘူး။ သူတို့ရနေတဲ့ ဖြတ်သန်းခတောင် လျော့သွားမယ်။ နောက်ပြီးတော့ ထောင်ချောက်တခုလည်း ဖြစ်နိုင်တာပဲ။ ထိုင်းဘက် ရောက် နေသူတွေထဲက CI, PV, PJ ကိုင်ထားသူတွေကို ဝင်လို့လွယ်အောင် လုပ်ပေးတာမျိုးပါ။ ဝင်လာရင် နာမည်ရှိသူတွေကို ဖမ်းလို့ရအောင်လည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

အခုလို ထိုင်း-မြန်မာ နှစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့် ရဖို့အတွက် ထိုင်းနိုင်ငံက တာဝန်ရှိသူတချို့နဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတချို့ ကော့သောင်းမြို့မှာ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။DVB

အမေရိကန်အခြေခံဥပဒေတွင် သမ္မတနှင့် ဒုသမ္မတသည် ခရစ်ယာန်ဖြစ်ရမည်ဟု ပြဋ္ဌာန်းမထားပါ

အမေရိကန်တွင် သမ္မတနှင့် ဒုသမ္မတ ရာထူးကို ခရစ်ယာန်ဘာသာဝင်သာဖြစ်ခွင့်ရှိပြီး အိမ်ဖြူ တော်တွင်လည်း ခရစ်ယာန်ဘာသာဝင်များသာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဆိုသည့် သတင်းပျံ့နေ သည်။ ယင်းသည် မှားယွင်းနေသည်။

“ကိုင်း ဒီမိုကရေစီဘိုးအေနိုင်ငံကြီးရဲ့ အခြေခံဥပဒေမှာ ဟောဒီလိုရေးတယ်ဗျ” ဟုဆိုကာ “အမေရိကန် သမ္မတ(ဒုတိယသမ္မတအပါ)သည် ခရစ်ယာန်ဘာသာဝင်သာလျှင်ဖြစ်ရမည်။ ထို့ပြင် သမ္မတ အိမ်ဖြူတော် ၌ ခရစ်ယာန်မဟုတ်သည့် မည်သည့်ဘာသာခြားကိုမှ တာဝန်ထမ်းဆောင်ခွင့် မပြုရ။ အမေရိကန်ပြည် ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ”ဟု “Saw Gyi” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်တွင် မတ်လ ၄ ရက်နေ့က တင်ထားသည်။ အဆိုပါအကြောင်းအရာအား ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေသူ ၂၀၀ ကျော်ရှိ နေပြီ ဖြစ်သည်။

အဆိုပါအချက်အလက်အား မဇ္ဈိမစစ်ဆေးခဲ့ရာတွင် အမေရိကန်သမ္မတဖြစ်ရန် အခြေခံအားဖြင့် အချက် သုံးချက်ဖြစ်သည့်သမ္မတသည် အသက် ၃၅ နှစ်နှင့် အထက်ဖြစ်ရမည်၊ အမေရိကန်နိုင်ငံဖွား နိုင်ငံသားဖြစ် ရမည်၊ အမေရိကန်တွင် ၁၄ နှစ်နှင့်အထက် နေထိုင်သူဖြစ်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထား ကြောင်း whitehouse.gov ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ သမ္မတဖြစ်ရန် ခရစ်ယာဘာသာဝင်ဖြစ် ရမည်ဟူသည့် ဘာသာရေးဆိုင်ရာ သတ်မှတ်ချက်မျိုး မပါဝင်ပေ။

လင့် http://bit.ly/3IV3xLE

ထိုနည်းတူ အမေရိကန်သမ္မတဖြစ်ရန် အဆိုပါအချက်သုံးချက်သာလိုအပ်သည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း အမေရိကန်နိုင်ငံ ကွန်ကရက်လွတ်တော်၏ စာကြည့်တိုက် ဝက်ဘ်ဆိုက်ဖြစ်သည့် loc.gov ဝက်ဘ်ဆိုဒ်တွင်လည်း ဖော်ပြထားသည်။

လင့် http://bit.ly/3IUUv18

ထိုအကြောင်းနှင့်ပတ်သက်၍ မဲပေးခွင့်ရှိသည့် အမေရိကန်နိုင်ငံသားတစ်ဦးကလည်း “အဲဒီလိုသတ်မှတ် ချက်မျိုးမရှိပါဘူး။ အမေရိကန်မှာမွေးပြီး အသက် ၃၅ နှစ်အထက်ရှိရမယ်ပဲ သတ်မှတ်ထားတာပါ။ ကျန် တာ ပြည်သူတွေကြိုက်လို့မဲပေးရင် သမ္မတဖြစ်တာပဲ။ သူ့စည်းကမ်းနဲ့သူရှိတယ်ဆိုပေမယ့် အစွန်းရောက် တဲ့ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ အိမ်ဖြူတော်မှာလည်း ဘယ်သူဖြစ်ဖြစ် တာဝန်ထမ်းဆောင်လို့ရပါတယ်” ဟု မဇ္ဈိမသို့ပြောကြားသည်။

ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်သာ အမေရိကန်သမ္မတနှင့် ဒုသမ္မတဖြစ်ရမည်၊ အိမ်ဖြူတော်တွင် ခရစ် ယာန်ဘာသာဝင်များသာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်မှာ မှားယွင်းနေကြောင်း ဖော်ပြလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

မူဆယ်၊ မြို့ရှောင်လမ်း 69 ဟိုတယ်ရှေ့ အနီးပတ်ဝန်းကျင်တွင် ဗုံးပေါက်ကွဲ

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မြို့ရှောင်လမ်း၊ 69 ဟိုတယ်ရှေ့တွင် ယနေ့ ညနေ ၆ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်မူဆယ်မြို့၊ မြို့ရှောင်လမ်း၊ စိုးသစ္စာဆီဆိုင်လမ်းကြား၊ 69Hotel ဟိုတယ်ရှေ့အနီးပတ်ဝန်းကျင်တွင် ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ဗုံးပေါက်သံလည်းကြားတယ်။ လူထိခိုက်မှုမရှိဘူးလို့ကြားပါတယ်” ဟု မူဆယ်မြို့ခံတစ်ဦးက ပြောဆိုသည်။ khit thit

အေအေဘက်သို့ အစွန်းမရောက်ရန် ဘူးသီးတောင်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီဗျူဟာမှူးပြော

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၀ ကျော်ကို စစ်ကောင်စီတပ် ဗျူဟာမှူးက ခေါ်ယူတွေ့ဆုံပြီး  အေအေ တဖက်တည်းကို အစွန်းမရောက်ဖို့ ခေါ်ယူ အသိပေးခဲ့တယ်လို့ ဘူးသီးတောင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံက သိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “ဗျူးဟာမှူးကိုယ်တိုင် ခေါ်ပြီးပြောတာ။ သူပြောတာကတော့ အေးဆေးပါ။ ခြိမ်းခြောက်တာလည်း မဟုတ်ပါဘူးပေါ့။ အားလုံးကို သူတို့သိတယ်။ အေအေ တဖက်တည်းကို အစွန်းရောက်မသွားစေနဲ့၊ တဖက်နဲ့တဖက် သတိထားပြီး လုပ်ဆောင်ကြဖို့ ပြောတာပါ” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၈၀ ကျော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်က ဘူးသီးတောင်မြို့နယ် စစ်ကောင်စီဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က အခုလို ခေါ်ယူပြောဆိုလိုက်တာပါ။

ဒါ့အပြင် ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က ၂၀၁၇ ခုနှစ် အကြမ်းဖြစ်စဥ်မှာ ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်ကျေးရွာတွေက လူနေအိမ်မြေနေရာနဲ့ လယ်ယာမြေတွေကို အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရောင်းစားပါက အရေးယူသွားမယ်လို့ ပြောကြားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ဆိုပါတယ်။

“သူပြောတာကတော့ ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဥ်မှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်တွေရဲ့ မြေနေရာတွေနဲ့ လယ်မြေတွေကို ရောင်းစားထားတာတွေရှိရင် အရေးယူသွားမယ်လို့ ပြောပါတယ်။”

မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက နှစ်ဖက် အုပ်ချုပ်ရေးအကြား အကျပ်အတည်းတွေ တွေ့နေရတယ်လို့ ပြောကြပါတယ်။

“မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေထက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပိုပြီး အခက်တွေ့နေရတယ်။ ဟိုဘက်က ​တောင်းဆိုလာတာကိုလည်း လွန် ဆန်လို့မရဘူး။ ဒီဘက်က​ ညွှန်ကြားလာတာလည်း ရှာဖွေမပေးလို့မရဘူး။ နှစ်ဖက်ကြားမှာ ကြားညပ်နေကြရတာ။”

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) အကြား တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက် အပစ်ရပ်ထားချိန်မှာ မောင်တောအပါအဝင် ရခိုင်ဒေသတခုလုံးကို စစ်ကောင်စီတပ်က စစ်အင်အားနဲ့ ရိက္ခာဖြည့်တင်းနေတဲ့အပြင် ရခိုင်လူမျိုးတွေကို သွေးခွဲ နေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်သွားနိုင်တယ်လို့ ဖေဖော်ဝါရီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ အေအေပြောခွင့်ရ ခိုင်သုခက ပြောဆိုထားပါတယ်။ DVB

« Older Entries