စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၃၁၁၀ ထိရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၁၁၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၁၆၇ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၃၀၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၄,၉၀၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက်အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၃၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၄ ရက်မနက် ၁၀ နာရီလောက်က တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ကျေးရွာကို အင်အား ၅၀ လောက် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီးတို့က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းမှာ ပုန်းခိုနေတဲ့ အရပ်သား ၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သူတို့ ၆ ယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၅ ယောက်သေဆုံးခဲ့ပြီး ၁ ယောက် ကတော့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေကတော့ ဦးနော်အေး၊ ကိုတင်ဌေး၊ ကိုလှမောင်၊ ကိုသန်းဝင်းနဲ့ ကိုကရင်တို့ဖြစ်ကြတယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် မတ် ၁ ရက်ည ၉ နာရီလောက်ကလည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပေါက်တိုင်းကျေးရွာမှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ် ပွားခဲ့ပြီးနောက် နောက်တနေ့ မတ် ၂ ရက်ညနေ ၃ နာရီလောက်မှာ အဆိုပါကျေးရွာက ရွာသား ၃ ယောက်ဖြစ်တဲ့ ဦးတင်စိုး၊ ဦးသက်ရှိန်နဲ့ ဦးခင်မောင်ကျော်တို့ရဲ့ နေအိမ်တွေကို အရပ်ဝတ်တွေ ဝတ်ဆင်ထားတဲ့ စစ်သားတွေက ဝင်ရောက်စီးနင်းခဲ့ပြီး သူတို့ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s